What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တောင်ဆူဒန် ရဲတပ်ဖွဲ့ ယူနီဖောင်း နှစ်သိန်းကို ယူဂံဒါမှ ချုပ်လုပ်မည်

အာဖရိကမှ ယူဂံဒါနိုင်ငံရဲ့ ရဲတပ်ဖွဲ့က အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့ တောင်ဆူဒန်ရဲ့ ရဲတပ်ဖွဲ့အတွက် ယူနီဖောင်း အစုံ စုစုပေါင်း နှစ်သိန်း ပေးသွင်းဖို့ သဘောတူညီချက် ရရှိခဲ့ပါတယ်။

အစိမ်းရောင် ယူနီဖောင်း ထက်အောက်အစုံ စုစုပေါင်း တစ်သိန်းခွဲ၊ ကိုယ်ရောင်ဖျောက်ယူနီဖောင်း camouflage uniform ထက်အောက်အစုံ စုစုပေါင်း ငါးသောင်းကို ယူဂံဒါရဲတပ်ဖွဲ့ရဲက အထည်ချုပ်စက်ရုံမှာ ချုပ်လုပ်ပြီး တောင်ဆူဒန် ရဲတပ်ဖွဲ့ကို ပေးသွင်းသွားမှာ ဖြစ်ပါတယ်။

ယခုလို ချုပ်လုပ်မယ့် ရဲယူနီဖောင်းတွေရဲ့ ဒီဇိုင်းနဲ့ ဖက်ရှင်တို့က ယူဂံဒါရဲတပ်ဖွဲ့ရဲ့ ၀တ်စုံနဲ့ ဆင်တူဖြစ်ပါတယ်။

ယူနီဖောင်းတစ်စုံကို ၃၂ ကန်ဒေါ်လာ ဈေးနှုန်း သတ်မှတ်ထားပါတယ်။ ပြင်ပဈေးကွက်မှာ အလားတူယူနီဖောင်းတစ်စုံ ပေါက်ဈေးက ၂၄ ကန်ဒေါ်လာပဲ ရှိပေမဲ့ အဖွဲ့အစည်းနှစ်ခု သဘောတူညီချက်အရ ဈေးပိုပေးထားတာ ဖြစ်ပါတယ်။

နမူနာအဖြစ် ၂ သုတ်စာ ချုပ်ပြီး ပေးပို့ကာ အရည်အသွေးပိုင်းကို အတည်ပြုချက် ရယူမယ်။ ပြီးရင် ကုန်ကျစရိတ်စုစုပေါင်းရဲ့ ထက်ဝက် ကန်ဒေါ်လာ ၃.၂ သန်းကို တောင်ဆူဒန်ရဲတပ်ဖွဲ့က ယူဂံဒါရဲတပ်ဖွဲ့ကို ကြိုတင်ပေးသွင်းဖို့လည်း သဘောတူထားကြပါတယ်။

ယူဂံဒါ ရဲတပ်ဖွဲ့ရဲ့ အထည်ချုပ်စက်ရုံကို တရုတ်နိုင်ငံမှ China Poly Technology ရဲ့ အကူအညီဖြင့် ဆောက်လုပ်ခဲ့ပါတယ်။ တစ်နေ့ကို ယူနီဖောင်းအစုံ စုစုပေါင်း ၁၂၀ ထုတ်လုပ်နိုင်ပါတယ်။ ဒီတော့ ယူနီဖောင်းအစုံရေ နှစ်သိန်းပြည့်အောင် ရက်ပေါင်း ၁၆၀၀ ကျော် ကြာမြင့်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ တစ်နှစ်ကို ယူနီဖောင်းအစုံ စုစုပေါင်း တစ်သိန်းတစ်သောင်း ထုတ်လုပ်နိုင်အောင် တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

စက်ရုံကို ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ စတင်လည်ပတ်ခဲ့ပြီးတဲ့နောက်မှာ ယခုလို အချီကြီး ယူနီဖောင်း ချုပ်ဖို့ အလုပ်လက်ခံရရှိတဲ့တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ယူဂံဒါ ရဲတပ်ဖွဲ့အတွက် ယူနီဖောင်းတွေ ပြည်ပမှ မှာယူတင်သွင်းနေရတဲ့ ကုန်ကျစရိတ် သက်သာစေဖို့ အထည်ချုပ်စက်ရုံ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ သက်သာချောင်ချိရေးရန်ပုံငွေအတွက် ပြင်ပအလုပ်များကို ရှာဖွေပြီး ရယူဆောင်ရွက်တာ ဖြစ်ပါတယ်။

စက်ရုံစတင်လည်ပတ်နိုင်ဖို့အတွက် China Poly Technology က အပ်ချုပ်စက် လုံးရေ ၉၆ ခုကို လှူဒါန်းခဲ့ပါတယ်။

ယူဂံဒါနိုင်ငံက တောင်ဆူဒန်ကို လျှပ်စစ်ဓာတ်အား ပေးပို့ရောင်းချဖို့ကိုလည်း အစိုးရချင်း ဆွေးနွေးနေကြတာ မကြာခင်မှာ သဘောတူညီချက် ရရှိမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

Read 1330 times
Rate this item
(0 votes)