အင်းလေးဒေသရဲ့ ထင်ရှားတဲ့ ထူးခြားထုတ်ကုန်ကတော့ ကြာထည် ဖြစ်ပါတယ်။
ကြာထည်တွေက ဈေးကြီးပေမဲ့ ဈေးကြီးပေးထိုက်အောင် ထိုက်တန်တယ်။ ကြာပင်မှ ရရှိတဲ့အမျှင်တွေကို ချည်မျှင်အဖြစ် သုံးစွဲပြီး ထုတ်လုပ်ထားတာမှာ ကြာချည်မျှင်တွေကို ရက်လုပ်လို့ရအောင် မပြတ်မတောက်ဖြစ်အောင် ချည်ငင်ယူပြီးမှ လက်ရက်ကန်းစင်မှာ တင်ပြီး ရိုးရာအစဉ်အလာနည်းလမ်းဖြင့် ရက်ပြီး ကြာထည်ကို ထုတ်လုပ်တယ်။ အခုလို အဆင့်ဆင့် လုပ်ကိုင်ကြရတာမှာ အချိန် တစ်နှစ်ခွဲအထိ ကြာမြင့်တတ်ပါတယ်။ ကြာသင်္ကန်းတစ်စုံကို ၁၅ သိန်း ၀န်းကျင် ဈေးရှိပါတယ်။
အင်းလေးမှာ ထင်ရှားတဲ့ ကြာထည်ဆိုင်တစ်ခုကတော့ ကိုသန်းလှိုင်ပိုးထည်ဆိုင် ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ် မြန်မာ့ခရီးသွားနှစ်နောက်ပိုင်းမှာ ဆိုင်ဖွင့်ပြီး ပိုးထည်လုပ်ငန်း လုပ်ကိုင်တဲ့ ကိုသန်းလှိုင်ပိုးထည်ဆိုင်ဟာ ပိုးထည်များကို ရောင်းချခဲ့ရာမှ ၂၀၀၁ ခုနှစ်မှစတင်ပြီး ကြာသင်္ကန်း၊ ကြာပုဆိုး၊ ကြာပုဝါ စသည့် ကြာထည်များကိုပါ ရောင်းချခဲ့ပါတယ်။
ကြာထည်ကို ဈေးအကြီးဆုံး ဖက်ရှင်ထည်၊ သိမ်မွေ့မှု အရှိဆုံးအထည်သားအဖြစ် တန်ဖိုးထားကြတယ်။ ရေထဲပေါက်တဲ့ ကြာပင်ကနေ ရက်ထားတယ်ဆိုတာကိုက အဆန်း ဖြစ်နေစေတယ်။
တစ်စတုရန်းမီတာ ဧရိယာ ကြာထည်သားရဖို့ ကြာချည်မျှင်တွေ ထုတ်လုပ်စုဆောင်းဖို့ ကြာရိုးပေါင်း အနည်းဆုံး နှစ်သောင်းကို သုံးစွဲရတယ်။ ချည်ထုတ်လုပ်တာမှာ ကျွမ်းကျင်တဲ့လက်မှုပညာရှင်က ရက်ပေါင်း ၄၀ အချိန်ယူ လုပ်ကိုင်ရတယ်။
အဲဒီလို ပညာသားပါပြီး အချိန်ယူလုပ်ကိုင်ရပေမဲ့ ထုတ်လုပ်ဖို့ စိတ်ဝင်တစား ဖြစ်ကြသူများ ရှိနေရတာဟာ ကြာထည်တွေကို ထိုက်ထိုက်တန်တန်ဖြင့် ဈေးကြီး ပေးပြီး ၀ယ်ယူကြသူတွေ ရှိနေကြလို့ ဖြစ်ပါတယ်။ ကြာပုဝါတစ်ထည်ကို ကန်ဒေါ်လာ ၇၅၀ ဈေးနှုန်း ရှိတယ်။
အင်းလေးမှာ ကြာထည် ထုတ်လုပ်ခဲ့တာ နှစ်ပေါင်း တစ်ရာဝန်းကျင်ရှိပြီ။ ယခင်က ပိုးထည်ကို ထုတ်လုပ်ခဲ့ကြတယ်။ ပိုးထည်ရက်လုပ်သူ စာအုက ကြာပန်းရဲ့ ကြာရိုးမှ ချည်မျှင်နုနုတွေ ထုတ်လို့ရတာကို သတိမူမိတယ်။ ကြာချည်အဖြစ်သို့ ရောက်အောင် ထုတ်လုပ်ပြီး ကြာထည်ရက်လုပ်ခဲ့တယ်။ ကြာသင်္ကန်းကို အမြတ်တနိုးဖြင့် ကပ်လှူပူဇော်နိုင်ဖို့ စဦး ရက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ပါးစပ်သမိုင်းအဆိုအရ စာအုက ကြာချည်စုဆောင်းတာမှအစ သင်္ကန်းရက်လုပ်ပြီးစီးတဲ့အထိ တစ်နှစ်ဝန်းကျင် အချိန်ယူလုပ်ကိုင်ခဲ့တယ်။
အင်းလေးရဲ့ ကြာထည်ကို နိုင်ငံတကာ ဖက်ရှင်ဈေးကွက်မှာ့်စည်းစိမ်ရှိဖက်ရှင် luxury fashion အဖြစ် ရောင်းချတယ်။ အီတလီမှ ဒီဇိုင်နာ Pier Luigi Loro Piana က တန်းမြင့် အ၀တ်အစားတွေ လုပ်ကိုင်တဲ့ ကုမ္ပဏီကို လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ သူက ကြာထည်ရဲ့ နူးညံ့လှပုံကို မင်သက်မိတယ်။ အရမ်းအပင်ပန်းခံ အချိန်တွေ အများကြီးယူပြီး ထုတ်လုပ်ရတာကိုလည်း လေးစားတယ်။ အဲဒါကြောင့် သူ့ထုတ်ကုန်တွေထဲမှာ တစ်ခုအဖြစ် ထည့်သွင်းခဲ့တယ်။ Loro Piana Lotus Flower® ဆိုပြီး ဈေးကွက်တင်တယ်။ သူ့ဝက်ဘ်ဆိုက်မှာလည်း ထုတ်လုပ်ပုံအဆင့်ဆင့်ကို မှတ်တမ်းတင် ဗီဒီယို တင်ပြပေးထားတယ်။ ကြာထည်ဖြင့် ချုပ်လုပ်ထားတဲ့ Lotus Jacket ကြာဂျက်ကက် တစ်ထည်ကို ကန်ဒေါ်လာ ၆,၅၀၀ ဖြင့် ရောင်းချပါတယ်။