မြန်မာနိင်ငံတွင်ဘေထုပ်ဟူ၍ လူသိများသော နိင်ငံခြားဖြစ် အ၀တ်အထည်များအကြောင်း Myanmar Garment Guide မှ စာဖတ်ပရိသတ်များ လေ့လာသိရှိနိင်ရန်အတွက်
ဘေထုပ်လောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ကျက်စားခဲ့သူ ကိုတင့်နှင့်တွေ့ဆုံးမေးမြန်းပြီး ရေးသားတင်ပြအပ်ပါတယ်။
ဘေထုပ်လို့ ခေါ်ကြတဲ့ အ၀တ်အစားတွေ ထိုးသိပ်ထည့်ထားတဲ့ အိတ်ကြီးတွေကို သူတို့က ကီလိုလုံးလို့ ခေါ်ကြတယ်။ စကားပြောရင် ကီလိုလုံး တစ်အိတ်ကို ‘တစ်လုံး’ လို့ပဲ ခပ်လွယ်လွယ် ပြောကြတယ်။
ဘေထုပ်လောကထဲမှာ နှစ်အစိတ်သုံးဆယ်နီးပါး ရှိပြီဖြစ်တဲ့ ကိုတင့်က
‘’အထည်သစ်တွေကတော့ ရောင်းအားပေါ် မူတည်ပြီး ထပ်မှာတာပေါ့ဗျာ။
အရင်းအနှီးကလည်း များတယ် မဟုတ်လား။
မနှစ်ကတော့၎ကြိမ်လောက်ပဲ မှာဖြစ်တယ်။
ရောင်းရတဲ့အပေါ်ပဲ မူတည်ပါတယ်’’ လို့ ပြောပြပါတယ်။
Quality ပေါ်မူတည်၍ ကီလိုလုံး တစ်လုံးကို၂-၃ သိန်းလုံးနှင့် ၅ သိန်းဝန်းကျင်လုံးဟူ၍ရှိကြောင်းသိရပါတယ်။
ထိုကီလိုလုံးကိုပင် တစ်ဝက်ခွဲ၍လည်း ရောင်းချလေ့ရှိတတ်တယ်လို့ ကိုတင့်က ဆက်ပြောပါတယ်။
ဘေထုပ်လောကရဲ့ လုပ်ငန်းလည်ပတ်ပုံနှင့်လည်းပတ်သက်၍လည်း သူက အခုလို ပြောပြပါတယ်။
“ကီလိုလုံး တစ်လုံးမှာ ခေါင်ထည်ကတော့ အထည် ၂၀ ၀န်းကျင်လောက်ပဲ ပါတတ်တယ်။
အဲဒီမှာမှ တခြားအထည်တွေကို အောက်ဆုံးထည်နဲ့ အလည်ထည် ဆိုပြီး အတန်းအစား ၂ ခု ခွဲတယ်။
အောက်ဆုံးထည် ၆၀၀ ၊ ၇၀၀ ၊ ၈၀၀ ကျပ် ၊ အလယ်ထည် ကျပ် ၁၀၀၀ ၊ ၁၅၀၀ ဆိုပြီး ပြန်ခွဲထုတ်ရတာပေါ့ဗျာ။
အလယ်ထည်လည်းမက ခေါင်ထည်လည်း မကျတဲ့ သန့်တာလေးတွေကိုတော့
ယောက်ျားလေးဝတ် ဘောင်းဘီ ကျပ်၃၅၀၀ ၀န်းကျင်လောက်ကနေ စတယ်ပေါ့နော်။
မိန်းကလေးဝတ်ကတော့ ကျပ်၃၀၀၀ ၀န်းကျင်လောက်ကနေစပြီး ရောင်းပါတယ်။
အင်္ကျီတွေကတော့ ယောက်ျားးလေးဝတ်က ကျပ်၂၅၀၀ ၀န်းကျင်လောက်ကနေစပြီးတော့ ရောင်းပါတယ်။
မိန်းကလေးဝတ်ကတော့ ကျပ်၃၀၀၀ တန်းလောက်ကနေစပြီး ရှိပါတယ်။
ဒါတွေက ရိုးရိုးတန်းတန်းဟာလေးတွေကို ပြောတာနော်။
Branded တွေကတော့ Brand ပေါ်မူတည်ပြီးတော့ ကျပ်နှစ်သောင်းခွဲ သုံးသောင်း
လောက်အထိ ရှိပါတယ်’’
သူက တစ်ဆိုင်နဲ့တစ်ဆိုင် ဈေးတွေ တူချင်မှတူမယ်လို့ ရှင်းပြတယ်။
‘‘အခုပြောတဲ့ဈေးတွေက ကျွန်တော့်ဆိုင်မှာကိုပဲပြောတာနော်။ တစ်ခြားဆိုင်တွေတော့ မပြောတတ်ဘူး။
အဲ ၊ Branded ဆိုလို့ ပြောရဦးမယ်ဗျ။ တစ်ခါတလေ တစ်ချို့ကီလိုအလုံးတွေမှာ
တစ်ထည်ကို အပြင်ဆိုင်ရောင်းဈေး ၃ သိန်းခွဲလောက်ရှိတဲ့ လုံးဝ Branded တကယ့်အကောင်းစားတွေ ပါလာတတ်တယ်။
ကျွန်တော့်တို့ ရောင်းဈေးတောင် ၁ သိန်း လောက်ရှိတယ်။ ဒါပေမဲ့ ဒါမျိုးကတော့ အရမ်းရှားပါတယ်။ ကံပေါ့ဗျာ။ အလုံးလိုက် ၀ယ်ရတာဆိုတော့
ဘယ်လိုဟာမျိုးတွေ ပါလာမလဲ မသိနိုင်ဘူး’’
ဘေထုပ်ထဲတွင် brand အတုအပများ ပါသလို အစစ်များလည်း ပါပါတယ်။
ကိုတင့်ကတော့ အတုဆိုရင် အတုလို့ပဲ ပြောပြီး ရောင်းပါတယ်။ ဈေးကိုလည်း အစစ်ဈေးကို သူ မတောင်းဘူး။
သူ့ဆီလာဝယ်နေကျ ဖောက်သည်တွေရဲ့ ယုံကြည်စိတ်ချမှုက ပိုအရေးကြီးတယ်လို့ သူက ရှင်းပြတယ်။
အမေးများတဲ့ အထည်အမျိုးအစားကို မေးကြည့်တော့ သူက အခုလို ရှင်းပြပါတယ်။
‘‘ကျွန်တော့်ဆိုင်မှာ ၀ယ်သူတွေ အမေးများတာကတော့ အင်္ကျီဆိုရင် ကျပ်၁၀,၀၀၀ ကနေ ၁၃,၀၀၀ ၀န်းကျင် ၊
ဘောင်းဘီဆိုရင်တော့ ကျပ် ၁၆,၀၀၀ မှ ၁၉,၀၀၀ ၀န်းကျင်ပတ်လည်လောက်တွေအမေးများပါတယ်။ ခေါင်ထည်တွေကိုတော့
Online Shopping တစ်ချို့နဲ့ တစ်ချို့ဆိုင်ကြီးတွေက အော်ဒါမှာပြီးကို လာယူတာ”
လို့ ပြောပြပါတယ်။
ရှေးယခင်က ဂျပန်မှသာ ဘေထုပ်ထည် တင်သွင်းခဲ့သော်လည်းယခုအခါ တရုတ် ၊ မလေးရှား ၊ စင်ကာပူ ၊ ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယ ၊ ထိုင်းတို့မှသာ
ဝင်ရောက်တော့ကြောင်းလည်း သိရသည်။
ဂျပန်မှာလည်း ယခုအခါ တစ်ပတ်ရစ်အထည်တွေ၊ တိုက်ကျအထည်တွေကို ၀ယ်ဝတ်သူတွေ ရှိနေပြီ။
အဲဒီအကြောင်းကို ဖုန်းထဲမှ အဟောင်းတန်း ဆိုပြီး ဖော်ပြပေးခဲ့ပြီးပါပြီ။ စိတ်ဝင်စားရင် အဲဒီလင့်ကို တစ်ချက်တို့ထိပြီး သွားဖတ်လို့ရပါတယ်။
ဖုန်းထဲမှ အဟောင်းတန်း
http://www.textiledirectory.com.mm/articles/item/738-jpn-flea-market.html
လုပ်ငန်းလည်ပတ်မှုအမြတ်အစွန်းရှိမရှိကို မေးမြန်းခဲ့ရာတွင် ကိုတင့်က စိတ်ပျက်လက်ပျက်ဖြင့် အခုလို ပြောပြပါတယ်။
‘’အရင်ကတော့ အဆင်ပြေပါတယ်။ လုပ်တဲ့သူတွေလည်း ဒီလောက်ကြီး သိပ်မရှိဘူးလေ။ အခုကတော့သိတဲ့အတိုင်းပဲ။ ပြိုင်ဘက်တွေကနည်းတာ မဟုတ်ဘူးလေ။ ၀င်စမ်းကြည့်ပြီး အရှုံးပေါ် အရင်းပြုတ်လို့ ထွက်သွားကြသူတွေလည်း ရှိတယ်’’
ကိုတင့်က သူဖြတ်သန်းခဲ့ရတဲ့ နှစ်ကာလတွေကို ပြန်ပြောပြတာကို တင်ပြပြီး အဆုံးသတ်ပါရစေ။
‘‘ကျွန်တော်ကတော့ ဒီလောကမှာ ကျင်လည်လာတာကြာပေါ့။ နှစ်ပေါင်းကို အစိတ်သုံးဆယ်ရှိပြီ။ ရောင်းခဲ့ဖူးတဲ့နေရာတွေလည်း တော်တော်စုံခဲ့တယ်။ လေဟာပြင်ဈေးမှာလည်း ရောင်းဖူးတယ်။ အရင်မင်္ဂလာမွန်ဈေးနေရာမှာလည်း ရောင်းဖူးတယ်။ အရင်ထရိတ်ဒါး(ယခုရှန်ဂရီလာ)ဟော်တယ်နားလမ်းမပေါ်မှာလည်း ရောင်းဖူးတယ်။ ပလက်ဖောင်းပေါ် ဖယောင်းပုဆိုးခင်း၊ အထည်တွေ ဖြန့်ချပြီး ရောင်းတာပေါ့။ အဲဒါကို ‘ဖျာပုံထည်’ လို့ ခေါ်ကြတယ်။ အခုဒီမင်္ဂလာဈေးမှာ ဆိုင်ဖွင့်ပြီး အတည်တကျ ရောင်းတာ ခုနစ်နှစ်လောက်တော့ရှိပြီ ထင်တယ်။ သေချာတော့ မမှတ်မိတော့ဘူး။ အရင်ကဆို ၁၂၅ ကျပ်တန် တစ်ထည်ကို ၃၀၀ - ၃၅၀ လောက် ပြန်ရတယ်။ အခုတော့ ရှုံးတဲ့အခါတွေ ရှိနေပြီ။ အလုံးယူဖို့ လက်ကားဒိုင်တွေကတော့ အများကြီးရှိပါတယ်။ ကျွန်တော်ကတော့ နီးနီးနားနား ကျောက်မြောင်းကပဲ ယူဖြစ်တယ်”
တကယ်တော့ တစ်ဖန်ပြန်သုံးတဲ့ recycle ကို အသိတရားတစ်ခုအနေဖြင့် ခံယူကျင့်သုံးနေကြပါပြီ။ တိုက်ကျပဲဝတ်ဝတ်၊ တစ်ပတ်ရစ်ပဲဝတ်ဝတ် သိမ်ငယ်စရာလို့ မယူဆကြတော့ဘူး။ အမေရိကန်နိုင်ငံ နယူးယောက်မှ အဟောင်းတန်းအကြောင်းကို ဖတ်ကြည့်လိုက်ရင် စေတနာဝန်ထမ်း လုပ်ကိုင်သူတွေ အုံနဲ့ကျင်းနဲ့ ရှိနေတာကို တွေ့ရမယ်။ ဖော်ပြပါလင့်ကို တစ်ချက်တို့ထိပြီး သွားဖတ်လို့ ရပါတယ်။
နယူးယောက်မှ ဘေထုပ်ဆိုင်
http://www.textiledirectory.com.mm/articles/item/658-fabscrap.html
Fast fashion အမြန်ဖက်ရှင်လုပ်ငန်းကြီးတွေက ဖက်ရှင်ကို ရာသီအလိုက် ထုတ်လုပ်ကြတယ်။ နွေဦးဖက်ရှင်၊ နွေဖက်ရှင်၊ ဆောင်းဖက်ရှင် စသဖြင့် ရာသီဥတုနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်တွေ ထုတ်လုပ်ရောင်းချတယ်။ တစ်ရာသီ ကုန်သွားတဲ့အခါ ရောင်းကျန်တာတွေကို ဈေးလျှော့ပြီး လက်ကား ပြန်ရောင်းတယ်။ အဲဒီလို လက်ကားပြန်ရောင်းတာကို ၀ယ်ယူပြီး ပြန်ဖြန့်ဖြူးရောင်းချတဲ့ ကုမ္ပဏီတွေက အချိတ်အဆက်ရှိတဲ့ နိုင်ငံတွေမှ ၀ယ်လက်ဒိုင်ကို ဘေထုပ်တွေ ပေးပို့ ရောင်းချကြတယ်။
အနောက်တိုင်းမှာတော့ အဲဒီလို ရာသီကျ အ၀တ်အစားတွေကို သီးသန့်လုပ်ကိုင်တဲ့ ကုမ္ပဏီတွေထဲမှာ TK Maxx ဟာ ထင်ရှားတယ်။ အမေရိကန်နဲ့ ယူကေဈေးကွက်ကြီးတွေမှ လုပ်ကိုင်နေတယ်။ T.J.Maxx ဆိုတဲ့အမည်နဲ့လည်း လုပ်ကိုင်တယ်။ မိခင်ကုမ္ပဏီက TJX Companies ဖြစ်ပါတယ်။ နောင်အလျင်းသင့်ရင် တင်ပြပေးပါဦးမယ်။
ဘေထုပ်ထဲ ပါလာတာတွေဟာ တစ်ပတ်ရစ် အဟောင်းထည်လို့ ဆိုပေမဲ့ အခုလို ရာသီကျတွေ ဖြစ်ပါတယ်။ တချို့လုပ်ငန်းတွေက အ၀တ်အစားတွေ မှိုမလိုက် ဖားဥမစွဲအောင် ဆေးနဲ့ စီမံလေ့ရှိတယ်။ အဲဒီအခါ အနံ့ပါးးပါးလေး အ၀တ်မှ စွဲနေတတ်တယ်။ ရေလျှော်ပေမဲ့ အနံ့ပါးပါးက မပျောက်ဘူး။ အဲဒီလိုဆိုရင် အမွှေးနံ့သာ နဲ့အတူ ဘီဒိုထဲ ရက်အနည်းငယ် ထားပေးပြီး ဖျောက်ရတယ်လို့ ကိုတင့်က အကြံပေးပါတယ်။