What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမြဲမရိုးနိုင်တဲ့ အဖြူရောင်ဖက်ရှင်များ

ဖက်ရှင်နှင့် ၀တ်စားဆင်ယင်မှုကို စိတ်ဝင်တစား အလေးထားလာသော ယနေ့ခေတ်တွင် သူ့ထက်ငါ အပြိုင်အဆိုင် လှပအောင် ၀တ်ဆင်လာကြသည်။

မိမိတို့ နေ့စဉ်ထိတွေ့နေသော အရောင်များ၊ အ၀တ်အစား ဒီဇိုင်းများနှင့် accessories များကို အသုံးပြုရင်းပင် လူအများ၏ အမြင်အာရုံကို ဆွဲမြဲစေမည့် ဖက်ရှင်နှင့် စတိုင်လ်တို့ကို အဆန်းထွင်ဝတ်ဆင်ရန် စိတ်ဝင်စားလာကြသည်။ ထိုသို့ လှပလိုသော ပျိုမေများအတွက် ယခု ကာလအတွင်း ခေတ်စားနေသော ဆွဲဆောင်မှုအပြည့်ရှိစေသည့် အဖြူဝမ်းဆက် ဖက်ရှင်ဝတ်ဆင်နည်းကို ဖော်ပြ ပေးလိုက်ပါသည်။ အချိန်နေရာမရွေး ၀တ်ဆင်နိုင်ကာ ဆွဲဆောင်မှုဖြင့် ခမ်းနားလှပစေမည့် အဖြူရောင်ဝမ်းဆက် ဖက်ရှင်ကို သင့်စိတ်ကြိုက် ပြင်ဆင်မွမ်းမံ ၀တ်ဆင်နိုင်ရန် လေ့လာကြည့်လိုက်ပါ။

ရိုးရှင်းလှပသော အဖြူရောင်ဝတ်စုံ

အဖြူရောင်ဝမ်းဆက်ကို စတိုင်လ်ကျကျ ၀တ်ဆင်နိုင်ရန် အလွယ်ကူဆုံး နည်းလမ်းမှာ အဖြူပြောင် ၀မ်းဆက်ကို ရွေးချယ်ခြင်းဖြစ်သည်။ နေရာစုံတွင် ၀တ်ဆင်နိုင်သော စတိုင်လ်မျိုးဖြစ်ပြီး သပ်ရပ်လှပစွာ ပေါ်လွင် လှပနေစေပါလိမ့်မယ်။ သင်နှစ်သက်သော မည်သည့်စတိုင်လ်၊ မည်သည့် ဒီဇိုင်းမျိုးကိုမဆို ၀တ်ဆင်နိုင်ပြီး အဖြူ ပြောင် အပါးသား ဖြစ်စေ၊ အထူသားကိုဖြစ်စေ ရွေးချယ်နိုင်ပါသည်။

အပေါ်အောက် သတ်သတ်စီ ၀တ်ဆင်ပါ

အဖြူရောင် combo အင်္ကျီမျိုးနှင့် တွဲဖက်ကာ နှစ်သက်ရာ အဖြူရောင်စကတ်၊ ဘောင်းဘီတိုတိုနှင့် ၀တ်ဆင်နိုင်ပါသည်။ ဤနည်းလမ်းဖြင့် အဖြူဝမ်းဆက် ၀တ်ဆင်ခြင်းမှာ အပေါ်အောက် လိုက်ဖက်သော အရောင် အသွေးကို ထင်ဟပ်စေပြီး တစ်မျိုး အမြင်ဆန်းနေစေပါလိမ့်မည်။ အခြားသော ခေတ်ပေါ် ဖက်ရှင်များထက် ပိုမို ဣနြေ္ဒရကာ လှသွေးကြွယ်စေမည့် ဖက်ရှင်ဖြစ်ပါသည်။

အပေါ်မှ ထပ်ဝတ်ပါ

ဖော်ပြပါ ၀တ်စုံမျိုးကို နွေရာသီဖက်ရှင်ဟု ၀ိုင်းဝန်းထောက်ပြကြမည် ဖြစ်သော်လည်း အေးစိမ့်သောရာသီ နေ့ရက်များတွင်လည်း ၀တ်ဆင်နိုင်ပါသည်။ မိုးစိမ့်စိမ့်အေးသော နေ့ရက်များနှင့် ဆောင်းတွင်းနေ့ခင်းများတွင် စတိုင်လ်ကျကျ လှပနိုင်မည့် ဖက်ရှင်ဖြစ်ပါသည်။ အဖြူရောင်အင်္ကျီနှင့် ဘောင်းဘီပေါ်တွင် အဖြူစွတ်စွတ် ကုတ် အင်္ကျီလှလှကို ရိုးရှင်းစွာ ထပ်ဝတ်လိုက်ရုံနှင့် ပေါ်လွင်ထူးခြားသော အလှကို ပေးစွမ်းနိုင်ပါလိမ့်မည်။ ပိုမိုပြည့်စုံ လှပသွားစေရန် အဖြူရောင် ခေါင်းစည်းပ၀ါတစ်ခုကိုပါ ဖြည့်စွက်ဆင်ယင်နိုင်ပါသည်။ အေးစိမ့်သော ဆောင်းတွင်း နေ့လယ်ခင်းများတွင် ၀တ်ဆင်နေကျ အနက်ဝမ်းဆက်အစား ဤဖက်ရှင်ကို ပြောင်းလဲဝတ်ဆင်နိုင်ပါသည်။

အဖြူစွတ်စွတ်ချည်းသာ ၀တ်ဆင်ပါ

ဆံစမှ ခြေဖျားအထိ အဖြူရောင်လွင်လွင်များကိုသာ အသုံးပြုဆင်ယင်ခြင်းဖြင့် ကျက်သရေရှိသော ဖက်ရှင်ကို ဖြစ်ပေါ်စေပြီး လူအများကြားတွင် ရှင်းသန့်ပေါ်လွင် လှပနေစေပါလိမ့်မည်။ သင်၏ နဂိုအသားအရေ ပေါ်တွင် စွတ်စွတ်ဖြူသော အသုံးအဆောင်၊ အ၀တ်အထည်များကိုသာ ရွေးချယ်ဆင်မြန်းလိုက်ခြင်းဖြင့် အဆင် ပြေစွာ ကျော့ရှင်းလှပ နေနိုင်ပါလိမ့်မည်။ အင်္ကျီ၊ ဘောင်းဘီ သို့မဟုတ် စကတ်၊ ဖိနပ်၊ ကလစ် သို့မဟုတ် ခေါင်းစည်းနှင့် accessories အားလုံးကို သန့်ရှင်းဖြူဖွေးသော အရောင်သန့်သန့်များနှင့်သာ ရွေးချယ် ဆင်မြန်းနိုင်ပါသည်။ ဤဖက်ရှင်တွင် အဓိက အကြံပေးလိုသောအချက်မှာ သင်ရွေးချယ်သော အ၀တ်အစား၏ အမျိုးအစားပေါ် မူတည်၍ သင်၏ရုပ်သွင်ပြင်ကို ပြောင်းလဲစေမည်ဖြစ်သောကြောင့် ဖြစ်သည်။ ထသွားထလာ ဆန်ဆန် ၀တ်ဆင်လိုပါက သာမန် sneaker မျိုးကို ၀တ်ဆင်နိုင်ပြီး ထည်ဝါခမ်းနားလိုသောအခါ ရှူးပုံလှလှကို ရွေးချယ်နိုင်ပါသည်။

အခြားရောင်စဉ်များဖြင့် ဖြည့်စွက်ဆင်ယင်ပါ

တစ်ကိုယ်လုံး အဖြူစွတ်စွတ် ဆင်မြန်းသောအခါ တောက်ပလွန်းနေသည်ဟု ခံစားရလျှင် အခြားသော နှစ်သက်ရာ အရောင်အသွေးများနှင့် ဖြည့်စွက်ပံ့ပိုးနိုင်ပါသည်။ လက်ကိုင်အိတ အရောင်တောက်တောက်များမှာ ယနေ့ထိ ခေတ်မီနေသေးပြီး သင်ဝတ်ဆင်ထားသော အဖြူလွှလွှဝတ်စုံကို ပိုမိုပေါ်လွင်ထင်ရှားအောင် ကူညီ ထောက်ပံ့ ပေးပါလိမ့်မည်။ သို့မဟုတ် အရောင်တဖျပ်ဖျပ်နှင့် လက်ဝတ်ရတနာတချို့ကို ဆင်မြန်းပေးနိုင်ပြီး ငယ်ရွယ်သူဖြစ်ပါစေ အရောင်စုံသည့် မိတ်ကပ်လိမ်းခြယ်မှုကို ပြုလုပ်နိုင်ပါသည်။ စိတ်တိုင်းမကျသေးပါက အရောင်တောက်တောက်ရှူးများကို ဆင်မြန်းဝတ်ဆင်နိုင်ပါသေးသည်။ လူအုပ်ထဲတွင် အထင်ပေါ်ဆုံး ပျိုဖြူချော အဖြစ် အများက ၀ိုင်းဝန်း အသိမှတ်ပြုခြင်းကို ခံစားရပါလိမ့်မည်။

မတူညီသည့် ပိတ်သားအမျိုးအစားများဖြင့် တွဲဝတ်ပါ

အရောင်အသွေး တစ်မျိုးတည်းကို ၀မ်းဆက်ဝတ်ဆင်သောအခါ ဆန့်ကျင်ဘက် အ၀တ်စမျိုးကို ရွေးချယ်နိုင်ပါသည်။ အဖြူရောင်များသာ ၀တ်ဆင်မည့် ပျိုမေများအတွက် နောက်ထပ် ကွဲပြားသော ၀တ်ဆင်နည်း တစ်ခုမှာ ကွဲပြားသော အထည်စများဖြင့် ချုပ်လုပ်ထားသော အဖြူရောင် အ၀တ်အစားများကို တွဲဖက်ဝတ်ဆင် ခြင်းဖြစ်သည်။ ဇာထူထူအင်္ကျီကို ခပ်ပါးပါး ပိုးထည်စကတ်မျိုးနှင့် ၀တ်ဆင်နိုင်ပါသည်။ သို့မဟုတ် ချည်ထည်၊ ပိုးထည်တို့ဖြင့် ချုပ်လုပ်ထားသော အင်္ကျီခပ်ပါးပါးကို အဖြူရောင် သားမွှေးစကတ်၊ ဘောင်းဘီမျိုးနှင့် တွဲဖက် ရှိုးထုတ်နိုင်ပါသည်။

ထသွားထလာ အဖြူရောင်ဖက်ရှင်

အဖြူရောင် အ၀တ်အထည်များအားလုံး၏ အရည်အသွေးမှာ ထူထဲပြီး တောက်ပသော သွင်ပြင်ကို ဖြစ်စေပါသည်။ ထသွားထလာ အချိန်များနှင့် ပိတ်ရက်၊ အားလပ်ရက်၊ မိသားစု၊ မိတ်ဆွေများနှင့် တွေ့ဆုံပွဲများ တွင် ပေါ့ပေါ့ ပါးပါးနှင့် ဆွဲဆောင်မှုရှိအောင် ၀တ်ဆင်လိုပါက သက်သောင့်သက်သာ ဖြစ်စေမယ့် အ၀တ်အစား ဒီဇိုင်းမျိုးကိုသာ ရွေးချယ်သင့်ပါသည်။ ပေါ့ပေါ့ပါးပါး ဟန်ပန်ဖြစ်စေရန် ရှပ်အင်္ကျီအသား ခပ်ပျော့ပျော့မျိုးကို ဂျင်းဘောင်းဘီအတိုနှင့် တွဲဝတ်နိုင်ပါသည်။ သို့မဟုတ် အဖြူရောင်ဂျာစီများကိုလည်း ၀တ်ဆင်နိုင်ပါသည်။

အဖြူရောင်သည် သင်၏ ရုပ်သွင်ကို သားနားပေါ်လွင်စေသည့်အပြင် သန့်ရှင်းသပ်ရပ်မှုကိုလည်း  ဖြစ်စေပါ သည်။ ထို့ကြောင့် အခြားသော အရောင်အသွေးများကြားတွင် သန့်ရှင့်ပေါ်လွင်ကာ ဥပဓိရုပ်ကို ပိုမိုခန့်ညား စေသည့် အဖြူရောင် အ၀တ်အစားများကို နှစ်သက်သလို တွဲဖက်ဝတ်ဆင်ကာ ရှင်းသန့် ထင်ရှားသော အလှကို ရယူလိုက်ပါ။

source:fashion

Read 1272 times
Rate this item
(0 votes)