What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လူငယ်တွေအကြိုက် Hoodie ခေါင်းစွပ်အင်္ကျီရဲ့ စိတ်ဝင်စားဖွယ် သမိုင်းကြောင်း

သိုးမွေးအင်္ကျီတစ်ထည်လို နွေးထွေးမှု ပေးနိုင်သလို ဆွယ်တာတစ်ထည်လိုလည်း ပေါ့ပေါ့ပါးပါး ဝတ်လို့ရတဲ့ Hoodie အင်္ကျီတွေဟာ ကမ္ဘာ့နေရာအနှံ့က ဖက်ရှင်အမှတ်အသားတစ်ခုဆိုလည်း မမှားပါဘူး။ Hoodie အင်္ကျီဈေးကွက်က ဖက်ရှင်ရေစီးကြောင်းတစ်ခုအနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်နေခဲ့တာ ဆယ်စုနှစ်များစွာ ကြာပါပြီ။

တစ်ချို့လူငယ်တွေဆို Hoodie အင်္ကျီတွေကို ဥတုသုံးမျိုးမရှောင် ဝတ်ပြီးရှိုးထုတ်ကြတာကို မြင်ဖူးကြမှာပါ။ ယနေ့ခေတ်မှာ Hoodie အင်္ကျီတွေကို အမျိုးသားရော အမျိုးသမီးတွေပါ တွင်တွင်ကျယ်ကျယ် ဝတ်လာကြတာကို တွေ့ရပါတယ်။ ဒီလိုမျိုး လူငယ်တွေ စွဲစွဲလန်းလန်းဝတ်ဆင်ကြတဲ့ Hoodie တွေမှာ သင်မသိသေးတဲ့ စိတ်ဝင်စားစရာ နောက်ခံသမိုင်းကြောင်းတွေလည်း ရှိလို့နေပါတယ်။

မူလအစ

ခေါင်းစွပ်တွဲလျက်ပါတဲ့ ဝတ်ရုံတွေကို ဥရောပအလယ်ခေတ် (၅ရာစုမှ ၁၅ရာစုနှောင်းပိုင်းထိ) ဒါမှမဟုတ် အဲဒီထက်စောတဲ့ကာလလောက်ကတည်းက ဝတ်ဆင်ခဲ့ကြတယ်လို့ ခြေရာကောက်လို့ရပါတယ်။ များသောအားဖြင့် ထိုဝတ်ရုံတွေကို ဘုန်းကြီးတွေ၊ နေပူမရှောင် မိုးရွာမရှောင် အပြင်မှာ အလုပ်ကြမ်းလုပ်ရတဲ့ လုပ်သားတွေ ဝတ်လေ့ရှိကြပါတယ်။

Hood ဆိုတဲ့စကားလုံးက Anglo-Saxon စကားလုံး hōd ကနေ ဆင်းသက်လာတာဖြစ်ပြီး အင်္ဂလိပ်စကားလုံး hat (ဦးထုပ်) နဲ့ရင်းမြစ် အတူတူပါပဲ။

၁၉၃၀ ခုနှစ် - ပထမဆုံး ခေါင်းစွပ်တွဲလျက်ပါတဲ့စွယ်တာ

မူလအစကလို ဝတ်ရုံမဟုတ်တော့ဘဲ ခေါင်းစွပ်တွဲလျက်ပါဝင်တဲ့ ခေါင်းစွပ်စွယ်တာတွေကို ၁၉၃၀ ခုနှစ်မှာ Champion လို့အမည်ရတဲ့ အမေရိကန်ကုမ္ပဏီတစ်ခုက စတင်ထုတ်လုပ်ရောင်းချခဲ့တာပါ။ အေးတဲ့ရာသီတွေမှာ အပြင်ဘက်မှာ အလုပ်လုပ်နေရတဲ့ လုပ်သားတွေအတွက် အဓိကရည်ရွယ်ပြီး စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အားကစားနဲ့ ကာယလေ့ကျင့်ခန်းတွေ လုပ်ဆောင်ရာမှာ ဝတ်ဆင်နိုင်ဖို့ပါ ချဲ့ထွင်ထုတ်လုပ်ခဲ့ပါတယ်။

၁၉၇၆ ခုနှစ် - Rocky ရုပ်ရှင်နဲ့ ၁၉၇၀ လွန်နှစ်များ

Hoodie ဝတ်ဆင်မှုက အလုပ်သမားတွေနဲ့ အားကစားသမားတွေကြားမှာပဲ တွင်ကျယ်နေရာကနေ ၁၉၇၀ နောက်ပိုင်းမှာ Hip-Hop ယဉ်ကျေးမှု ထွန်းကားလာခြင်းနဲ့အတူ လူငယ်တွေကြားမှာ Hoodie ဝတ်ဆင်မှု စတင်ရေပန်းစားလာပါတော့တယ်။ အဲ့ခေတ်တုန်းက တက္ကသိုလ်ကျောင်းတွေကလည်း သူတို့ရဲ့ တက္ကသိုလ်ကျောင်းနာမည်တွေ ရိုက်နှိပ်ထားတဲ့ Hoodie အင်္ကျီတွေကို ထုတ်လုပ်ခဲ့ကြပါတယ်။

၁၉၇၆ ခုနှစ်တွင် Rocky ရုပ်ရှင်ထဲမှာ အဓိကဇာတ်ကောင် Rocky အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Stallone (စတားလုံး)က Hoodie ဝတ်ဆင်ပြီး အပြေးလေ့ကျင့်တဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်ခဲ့ပါတယ်။ အဲဒီရုပ်ရှင်က အော်စကာ ၃ ဆုနဲ့အတူ အောင်မြင်မှုများစွာ ဆွတ်ခူးနိုင်လိုက်ပြီးနောက်မှာတော့ Hoodie ဝတ်ဆင်မှုဟာ တော်တော်လေးတွင်ကျယ်လာပါတော့တယ်။

၁၉၉၀ ခုနှစ်နောက်ပိုင်း - Graffiti အနုပညာရှင်တွေ၊ စကိတ်သမားတွေ

လွတ်လပ်မှုကိုမြတ်နိုးတဲ့ Graffiti အနုပညာသမားတွေဟာ အာဏာပိုင်တွေကို ရှောင်ရှားပြီး သူတို့ရဲ့ ခံစားချက်တွေကို ဖွင့်ထုတ်ထားတဲ့ လက်ရာတွေကို ဖန်တီးကြရာမှာ ကိုယ်ယောင်ဖျောက်နိုင်ဖို့ Hoodie တွေကို ဝတ်ဆင်ခဲ့ကြပါတယ်။ စကိတ်သမားတွေဟာလည်း အာဏာပိုင်တွေရဲ့ ကန့်သတ်ချက်တွေကို ဆန့်ကျင်ပြီး မြို့အနှံ့ သူတို့ရဲ့ စကိတ်အစွမ်းကို ပြသရာမှာ Hoodie တွေကိုပဲ ရွေးချယ်ခဲ့ပါတယ်။

Hoodie ဝတ်ဆင်မှုက ၁၉၇၀ လောက်ကတည်းက လူငယ်တွေကြား ရေပန်းစားနေခဲ့ပေမဲ့ ၁၉၉၀ နောက်ပိုင်းမှ ခေါင်းစွပ်စွယ်တာတွေကို "Hoodie" လို့စတင် ခေါ်ဝေါ်သုံးစွဲခဲ့တာ ဖြစ်ပါတယ်။ Hoodie ဆိုတာ စကိတ်စီးသမားတွေ၊ Graffiti အနုပညာသမားတွေနဲ့ Hip-Hop အဆိုတော်တွေရဲ့ ကိုယ်ပိုင်ဖက်ရှင်ပုံစံတခုလို့ကို ပြောလို့ရပါတယ်။

ရာဇဝတ်မှုတွေကို ကာကွယ်ဖို့ Hoodie ဝတ်ဆင်ခြင်းကို ပိတ်ပင်လိုက်သင့်လား?

ဘယ်အရာမဆို အကောင်းနဲ့ အဆိုးဒွန်တွဲနေတယ်ဆိုတဲ့ စကားအတိုင်း Hoodie တွေဟာ ဒုစရိုက်မှုကျူးလွန်သူတွေအတွက်လည်း သူတို့ရဲ့ အသွင်အပြင်ကို ဖုံးကွယ်ထားဖို့ အသုံးချစရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် Hoodie ဝတ်ဆင်မှုအပေါ် နိုင်ငံရေးခေါင်းဆောင်တွေကတောင် ဝေဖန်ကန့်ကွက်မှုတွေရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း Hoodie ဖက်ရှင်ရေစီးကြောင်းကိုတော့ ရပ်တံ့နိုင်ခဲ့ခြင်း မရှိပါဘူး။
Reference – Iffleyroad, Thejournal.ie

Read 566 times
Rate this item
(0 votes)