What's new

×

Warning

JUser: :_load: Unable to load user with ID: 845


K-pop star G-Dragon ရဲ့ unisex ဖက်ရှင်စတိုင်လ်

၁၉၉၅ ခုနှစ်မှာ အကဂီတ တောင်ကိုရီးယားမှာ ခေတ်စားလာတယ်။ အသက် ၇ နှစ်အရွယ် ကလေး ၄ယောက်က တီဗီမှာ ဖြေဖျော်တင်ဆက်တယ်။

နေ့ခင်းဘက် လွှင့်တဲ့ အစီအစဉ်ဖြစ်တာကြောင့် အိမ်မှာ နေကြတဲ့ အိမ်ရှင်မတွေပဲ ကြည့်ဖြစ်ကြတယ်။ ဒါပေမဲ့ အဲဒီနှစ်ရဲ့ လူကြိုက်အများဆုံး K-pop တေးသံရှင် ၄ ဦးအဖွဲ့ ဖြစ်သွားခဲ့တယ်။ အဖွဲ့အမည်က Little Roo’ra ဖြစ်ပါတယ်။

အဲဒီ လေးယောက်ထဲမှ ချာတိတ်တစ်ယောက်က သေသပ်တဲ့ကကွက်တွေနဲ့အတူ ပြင်းပြတဲဆန္ဒတွေနဲ့ ရှေ့ခရီးကို ဆက်ခဲ့တာမှာ တောင်ကိုရီးယားရဲ့ လူကြိုက်အများဆုံး K-pop အဆိုတော် ဖြစ်လာခဲ့ပါတယ်။

သူ့အမည်က Kwon Ji-yong ဖြစ်ပြီး စင်မြင့်ပေါ်မှာတော့ သူ့ကို G-Dragon ဆိုတဲ့အမည်ဖြင့် သိကြတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်မှာ သူ့အသက် ၃၀ ပြည့် မွေးနေ့ကို ဖြတ်သန်းခဲ့တယ်။ သူ့ရဲ့ အနာဂတ်က တောက်ပနေဆဲ ဖြစ်ပါတယ်။

 

g dragon 2 min

 

အသက် ၃၀ ပြည့်သွားပြီးရင် K-pop idol တစ်ဦးရဲ့ သက်မွေးအလုပ်ကို ထိခိုက်တာ ဖြစ်နေကျ ဖြစ်ပါတယ်။ ပျိုမျစ်ခြင်း မရှိတော့သူအဖြစ် ဘေးကို ရောက်သွားလေ့ရှိတယ်။ ဒါပေမဲ့ G-Dragon ကတော့ ဆိုလို့ ကောင်းဆဲ၊ ကလို့ ကောင်းဆဲ၊ ပရိသတ် အခိုင်အမာ ရှိနေဆဲ။

g dragon 3 min


Little Roo’ra အဖွဲ့ ဖျက်သိမ်းလိုက်ပြီးတဲ့နောက်မှာ Ji-yong ကို သူ့အမေက မြေတောင်မြှောက်ပေးတယ်။ သားရဲ့ ပင်ကိုအရည်အချင်း ရှိနေတာကို အမေက သိတယ်။ ဒီတော့ အကပြိုင်ပွဲ ၀င်ပြိုင်ဖို့ ကူညီပေးတယ်။ အဲဒီပြိုင်ပွဲမှာ အကသေသပ်တဲ့ Ji-yong ဆုရတယ်။ SM Entertainment ကုမ္ပဏီ ထူထောင်သူ Lee Soo-man က Ji-yong ကို အလုပ်သင်အဖြစ် ခေါ်ယူတယ်။ သူက ဘယ်လို rap ရသလဲဆိုတာ သင်ယူတတ်မြောက်ခဲ့တယ်။

 g dragon 4 min

 

သူ့အသက်က ၁၂ နှစ်ပဲ ရှိသေးတယ်။ 2001 Korea လို့ အမည်ပေးထားတဲ့ hip-hop တေးစုတစ်ခု သူ ထုတ်ဖြစ်တယ်။ သူ့ကို လူသိများသွားခဲ့တယ်။

အဲဒီတေးစုမှာ G-Dragon ဆိုတဲ့အမည်ကို Ji-yong စတင်သုံးစွဲခဲ့တယ်။ အဲဒီတေးစု အောင်မြင်ခဲ့ပြီးတဲ့အခါ SM Entertainment ကို ကျောခိုင်းလိုက်တယ်။ hip-hop ဂီတသမားတွေနဲ့ လုပ်ကိုင်တဲ့ YG Entertainment နဲ့လက်တွဲတယ်။

g dragon 5 min


YG Entertainment မှာ အဆိုသင်တန်း သူ တက်ရတယ်။ rap ကိုလည်း သင်ရတယ်။ အကကိုလည်း သင်ရတယ်။ အပြင်းအထန် သင်တန်းပေးတာကို သင်ယူရတဲ့အပြင် သီချင်း ထုတ်လုပ်ဖို့ကိုလည်း သူ လုပ်ရတယ်။ သီချင်းတွေလည်း ရေးစပ်ရတယ်။
အဲဒီမှာ ရလိုက်တဲ့ တတ်ကျွမ်းမှုတွေ အသိပညာတွေကြောင့် သူ့ရဲ့ ရှေ့ခရီးမှာ ခရီးပေါက်ခဲ့တယ်။ တကယ့်ကို တန်ဖိုး မဖြတ်နိုင်တဲ့အရာတွေကို သူရခဲ့တာ ဖြစ်ပါတယ်။

Big Bang ဂီတအဖွဲ့မှာ သူက ခေါင်းဆောင်နေရာမှ ပါဝင်တယ်။ ဆယ်ကျော်သက် G-Dragon က အလုပ်နဲ့ ပတ်သက်လာရင် သည်းမခံဘူး။ လေ့ကျင့်ချိန် နည်းနေတဲ့ ၀ိုင်းတော်သားကို သူက ဆူတယ်။ သေသေချာချာ လေ့မကျင့်လို့ အမှားတွေ လုပ်မိရင် သူက ဆူတယ်။ အသက်အရွယ်နဲ့ မမျှအောင် သူက တော်လွန်းနေပြီး သက်မွေးအလုပ်ကို ပီပီပြင်ပြင် လုပ်တယ်။

၂၀၀၇ ခုနှစ် နွေရာသီမှာ YG Entertainment က Big Bang ရဲ့ ပထမဆုံး တေးစုငယ်ကို ထုတ်လုပ်ပေးလိုက်တယ်။ Lies ဆိုတဲ့ သီချင်းက ပေါက်သွားတယ်။ G-Dragon က ပူးတွဲ ထုတ်လုပ်သူ၊ ပူးတွဲ တေးရေးသူ။ အောင်မြင်မှုရဲ့ အရသာကို ပထမဆုံးအကြိမ်အဖြစ် G-Dragon ရရှိခဲ့တယ်။
တောင်ကိုရီးယားကတော့ တေးရေးနိုင်တဲ့သူ၊ တေးထုတ်လုပ်သူနဲ့ အံ့စရာ ကကွက်တွေနဲ့ တင်ဆက်တတ်သူတစ်ဦးကို ရရှိခဲ့တယ်။

g dragon 6 min

၂၀၀၉ ခုနှစ်မှာ သူ့ရဲ့ တစ်ကိုယ်တော် တေးစု Heartbreaker ကို ထုတ်လုပ်ခဲ့တယ်။
G-Dragon က အကဂီတလောကမှာ ထုတ်လုပ်သူ တင်ဆက်သူအဖြစ် နေရာတစ်ခု ရယူနိုင်ခဲ့တယ်။ တေးစုထဲ ပါသမျှ သီချင်းအားလုံး ပေါက်သွားတယ်။ သစ်ပင်မြင့်ရင် လေတိုက်တာ ပိုခံရတယ်ဆိုတဲ့အတိုင်း တေးစာသားတချို့က ခိုးချထားတာလို့ စွပ်စွဲခံရတယ်။ ဒါပေမဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ မရှိဘူး။ အဲဒီလို စွပ်စွဲတာကို သူ တေးစုတွေ ထုတ်တိုင်း ကြုံရတယ်။

အဲဒီကာလမှာ G-Dragon က အရွေ့တစ်ခုကို ထပ်လုပ်တယ်။ fashion icon ဖြစ်ဖို့ သူ စလုပ်တယ်။ အဆန်းကြီးတွေ သူ ဖက်ရှင်စတိုင် ဖမ်းတယ်။ နောက်တော့ ကိုယ်ပိုင် ဖက်ရှင် brand ကို ထူထောင်ခဲ့ပြန်ပါတယ်။

သူက ကျား မ မရွေးတဲ့ အလှတရား unisex beauty ကို ဆုပ်ဖမ်းတယ်။ အမျိုးသမီးတွေအတွက် ချုပ်လုပ်ထားတဲ့ ဖက်ရှင်ကို ၀တ်တဲ့အခါတွေ ရှိတယ်။ အိုင်းလိုင်နာတွေ ထူထူထဲထဲ ထင်ထင်ရှားရှား ဆွဲတယ်။ ကိုယ်ခန္ဓာက သွယ်လျနေတယ်။ အမျိုးသမီးတစ်ယောက်လို အလှပြင် ၀တ်ဆင်ထားတဲ့ G- Dragon ကို တွေ့မြင်ကြရတယ်။ အဲဒီမှာ သူက fashion icon အဖြစ်ကို ရရှိသွားခဲ့ပါတယ်။


g dragon 14 min


၂၀၁၁ ခုနှစ်မှာ G-Dragon ပြဿနာ အကြီးကြီးတစ်ခု တက်တယ်။ ဆေးခြောက်ရှူတဲ့အမှု။ တောင်ကိုရီးယားမှာ ထောင်ဒဏ် ၁ နှစ်အထိ ကျနိုင်တဲ့အမှုမျိုး ဖြစ်ပါတယ်။ သူ့ကို ဆေးစစ်တော့ ရှူထားကြောင်း အဖြေထွက်နေတယ်။ G-Dragon က သူဆေးခြောက်ရှူကြောင်း ၀န်ခံလိုက်တယ်။ ဒါပေမဲ့ ရိုးရိုးဆေးလိပ်လို့ ထင်ပြီး သူ ရှူမိတာလို့ အကြောင်းပြတယ်။ ပထမဆုံးအကြိမ် ကျူးလွန်မိတာလည်း ဖြစ်နေတာမို့ နောက်ဆုံးမှာတော့ သူ အမှုက လွတ်သွားတယ်။ ဒါပေမဲ့ ဝေဖန်ရှုံ့ချတာတွေကို သူ ရင်ဆိုင်ရတယ်။

 g dragon 10 min

၂၀၁၃ ခုနှစ်မှာ ကမ္ဘာ့လှည့် ဖျော်ဖြေရေး ခရီးစဉ် ထွက်တယ်။ သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်တေးစု Coup d’Etat ကို ထုတ်တယ်။

ပြီးခဲ့တဲ့နှစ်မှာ G-Dragon က သူ့အမည်ရင်း Kwon Ji Yong နဲ့ တေးစုထုတ်တယ်။ ကမ္ဘာ့လှည့် ဖျော်ဖြေရေး ခရီးစဉ်ထွက်တယ်။ ပရိသတ်ကို နှုတ်ဆက်တဲ့ပွဲတွေ ဖြစ်ပါတယ်။ သူက ကိုရီးယား နိုင်ငံသားတိုင်း စစ်မှုထမ်းကြရတဲ့ တာဝန် ရှိတာမို့ နှစ်နှစ်နီးပါး စစ်မှုထမ်းတော့မှာမို့ အခုလို နှုတ်ဆက်တာ ဖြစ်ပါတယ်။ ဒီတော့ ၂၀၂၀ ခုနှစ်ကျမှ အကဂီတ လောကထဲကို သူ ပြန်ရောက်လာမှာ ဖြစ်ပါတယ်။

g dragon 12 min

g dragon 11 min

Read 1357 times
Rate this item
(0 votes)