What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခြေထောက်တွေ တောင့်နေအောင် အညောင်းခံရတာ ကျေနပ်တယ်ဆိုတဲ့ Fit Model CLAIRE CANNON

ဖက်ရှင် အ၀တ်အစား ဒီဇိုင်းကို ကိုယ်ပေါ်တင်ကြည့်ပြီး ဆန်းစစ်သုံးသပ်ဖို့အတွက် Fit Model ကို သုံးစွဲကြတယ်။

လူမြင်ကွင်းနောက်ကွယ်မှာ လုပ်ကိုင်ရတဲ့ လူမမြင်သူမမြင် မော်ဒယ်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဖက်ရှင်လုပ်ငန်းနယ်ပယ်မှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာ လုပ်ကိုင်နေရသူတွေ ဖြစ်ပါတယ်။ အခုဖော်ပြထားတာကတော့ Fit Model အဖြစ်ကျင်လည်နေတဲ့ Claire Cannon ဖြစ်ပါတယ်။


“ဖက်ရှင်မှာ တစ်ခုခုလုပ်ချင်တယ်၊ မော်ဒယ်နဲ့ပတ်သက်တာ လုပ်ချင်တယ်ဆိုတာ ကျမ အသက်၁၉ နှစ်ကတည်းက ကျမ သိနေခဲ့တယ်။ ဒါပေမဲ့ ကျမက အရပ် အတော်ပုတယ်။ ပြီးတော့ ၀တယ်။ ဒီတော့ လျှောက်လမ်းအတွက် မသင့်တော်တာ သေချာနေတယ်။ ကင်မရာနဲ့ ဓာတ်ပုံရိုက်လိုက်ရင် အချိုးမပြေဘူး။ ဒီတော့ လုပ်ချင်တာအတွက် ကျမ အားတက်သရော မဖြစ်မိဘူး။
အထူးသဖြင့် နယူးယောက်မြို့မှာ ကိုယ့်က ဘာတော်သလဲ၊ ဘာကိုတော့ ခပ်ဝေးဝေးက နေရမလဲဆိုတာ သိဖို့ အရေးကြီးတယ်လို့ ကျမ ထင်တယ်။ ဘာလို့လဲဆိုတော့ လူတိုင်းက သူနေရာနဲ့သူ တော်ကြသူတွေချည်း ဖြစ်နေတယ်။
ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျမ သူငယ်ချင်းရဲ့ မင်္ဂလာဆောင်အတွက် သတို့သမီးဝတ်စုံ ချုပ်တော့ ကျမ ကိုယ်ပေါ်မှာ တင်ကြည့်ပြီး အတိုင်းအတာတွေ အံကိုက် ဖြစ်အောင် လုပ်ကြတယ်။ အဲဒါ fitting အတွက် မော်ဒယ်အဖြစ် ကျမကို အသုံးပြုတယ်ဆိုတာ ကျမ မသိခဲ့ဘူး။ ပြီးတော့ အဲဒီအပိုင်းအတွက် fit model တွေ ထားပြီး လုပ်ကြမှန်းလည်း မသိဘူး။ fit model ဆိုတာ ၀င်ငွေရတဲ့အလုပ်ဆိုတာ သိဖို့ကတော့ ဝေးရောပဲ။
ကျမက မော်ဒယ်လုပ်ချင်တယ်။ ဒီတော့ လုပ်ဖြစ်သွားတာ ဆံကေသာ မော်ဒယ်။ သူတို့က ကျမ ဆံပင်ကို စတိုင်လ်ထုတ်တာကို ငြိမ်ငြိမ်လေး ထိုင်ပေးနေရုံပဲ။ ဒီတော့ ဘေးက ထိုင်ခုံမှာ ထိုင်နေတဲ့ ဆံကေသာမော်ဒယ်နဲ့ စကားပြောဖြစ်တယ်။ သူ့ရဲ့ အခင်ဆုံးသူငယ်ချင်းက အချိန်ပိုင်း fit model လုပ်နေတာ အခုတော့ နေ့ဘက်အချိန်ပြည့်အလုပ်ကို ထွက်ပြီး fit model အလုပ်ကို အချိန်ပြည့်လုပ်တော့မယ့်အကြောင်း ပြောပြတယ်။ ကျမက စိတ်ဝင်စားမိပြီး မေးမြန်းတော့ သူက True Management အေဂျင်စီမှာ စုံစမ်းဖို့ ပြောတယ်။ သူ့ သူငယ်ချင်းနဲ့ မိတ်ဖွဲ့ဖြစ်ပေမဲ့ အလုပ်တော့ မရဘူး။ နောက်တစ်နှစ်ကြာတော့ သူက တခြားကို ရွှေ့ပြောင်းလုပ်ကိုင်တယ်။ အဲဒီအခါ သူ့နေရာမှာ ကျမ ၀င်လုပ်တယ်။ ကံကောင်းတာက သူနဲ့ ကျမနဲ့ ကိုယ်အတိုင်းအတာတွေ တူနေတယ်။ ဒီတော့ သူ့အစား နေရာဝင်ယူဖို့ လွယ်ကူသွားတယ်။

 

Claire cannon

FIT MODELS CLAIRE CANNON


အေဂျင်စီက ရှာပေးတဲ့အလုပ်ကို ကျမ စလုပ်တယ်။ Tahari ASL မှာ လုပ်ရတယ်။ ပထမ စစချင်းနှစ်မှာ အဲဒီအလုပ်တစ်ခုပဲ ကျမ ရတယ်။ တခြားအလုပ် နည်းနည်းပါးပါးပဲ ရတယ်။
fit model တွေ ရှာရတာ ခက်တယ်။ မိန်းကလေးတစ်ယောက်ကို ကြည့်လိုက်တဲ့အခါ သူက fit model လုပ်လို့ရမှာလားဆိုတာ တန်းပြီး မသိနိုင်ဘူး။ ခါးက ၂၄၊ ၂၅ လက်မ။ အရပ်က ၅ ပေ ၁၀ လက်မ အဲဒီလို မိန်းကလေးမျိုးကို ရှာတာ မဟုတ်ဘူး။ သူလိုငါလို မိန်းကလေးမျိုးထဲမှာ ရှာရတာ။ brand နဲ့ ၀ယ်ဝတ်တဲ့သူတို့အကြား အလယ်အလတ်ဟာမျိုးကို လိုချင်တာ မဟုတ်လား။ ပြီးတော့ ပင်ကိုသဘာဝအရ ရှိနေတဲ့ ကိုယ်အတိုင်းအတာမျိုးကို လိုချင်တာ။ gyn ကစားထားတာ၊ အစာအငတ်ခံပြီး လျှော့ထားတာမျိုး မဟုတ်ရဘူး။
Brand တွေက ကာယလေ့ကျင့်ခန်းတွေ အများကြီးလုပ်ထားတဲ့ မော်ဒယ်မျိုးကို မလိုချင်ဘူး။ ကြွက်သားတွေ သဘာဝအတိုင်း မဖြစ်တော့ဘူး။ ဘာလို့လဲဆိုတော့ အဲဒါမျိုးတွေက သူလိုငါလို လူများစုမှာ ရှိနေတဲ့ ကိုယ်ခန္ဓာ အတိုင်းအတာ၊ အမို့အမောက် အကောက်အကွေးတွေ မဟုတ်တော့ဘူး။ ဒီတော့ ကျမရဲ့ အေဂျင်စီက ကျမကို အစာလျှော့စားတာ မလုပ်ဖို့ ပြောတယ်။
ကျမတို့ fit model တွေက ကင်မရာရှေ့ကို ရောက်တာ မဟုတ်ဘူး။ လူအများ မမြင်ကွယ်ရာမှာပဲ လုပ်ကိုင်ကြရတဲ့သူတွေ။ ကာဗာမှာ ဓာတ်ပုံတင်မှာ မဟုတ်ဘူး။ လျှောက်လမ်းမှာ ထွက်လျှောက်ပြရမှာ မဟုတ်ဘူး။ ကြော်ငြာတွေမှာလည်း ကျမတို့ကို မသုံးကြပါဘူး။ ဒီဇိုင်နာက အ၀တ်အစား ချုပ်ပြီးရင် ကိုယ်ပေါ်မှာ တင်ပြီး ကြည့်ဖို့အတွက် ကျမတို့ကို သုံးတာပါ။ ခါးက ၂၈ လက်မ အပြည့်ဖြစ်နေမှာ သူက ဘယ်လိုလဲဆိုတာ အမှန်အတိုင်း ကြည့်လို့ရမယ်။ သူချုပ်ထားတာ ဟန်ကျရဲ့လား သူသိနိုင်မယ်။ ဒီတော့ fit model ရဲ့ ကိုယ်လုံးကိုယ်ထည်က သဲနာရီလို့ ခါးသေးရင်ချီ ဖြစ်နေရင် အလုပ်မဖြစ်တော့ဘူး။ သူတို့မှာ အများစုက လေးထောင့်ပုံကို လိုချင်ကြတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးအများစုဟာ လေးထောင်ပုံကို သုံးပြီး ချုပ်ပေးထားမှ ၀တ်ဆင်တဲ့အခါ အဆင်ပြေကြတယ်။ ခါးမသိမ်ကြဘူး။ ရင်သားကြီးမယ်။ တင်ကားမယ်။
fit model တွေအတွက် အသုံးများတာ Size 6 (၃၄-၂၆-၃၇ လက်မ)နဲ့ size 8 (၃၆-၂၈-၃၉ လက်မ) ။ ပြီးခဲ့တဲ့ နှစ်တွေတုန်းကဆိုရင် size 8 ကို ခေါ်သုံးကြတာ များတယ်။ အခုတော့ size 6 ကိုပါ သုံးလာကြတယ်။ တချို့ brand တွေကတော့ size 4 (၃၂-၁၄-၃၅ လက်မ)အထိ လုပ်ကြတယ်။ အဲဒါတွေက သူတို့ ရောင်းတာမှာ ဘယ်ဟာက အများဆုံး ရောင်းရသလဲဆိုတဲ့ အပေါ် မူတည်တယ်။ အဲဒီ အများဆုံး ရောင်းရတဲ့ size ကို အတည်ယူပြီး ပက်တန်ထုတ်တယ်။ ပြီးမှာ ပိုသေးတာ ပိုကြီးတာတွေကို အရွယ်အစားပြောင်း(grading) ယူကြတယ်။
ကျမ ရှေးရိုးဆန်တယ်။ ဒီတော့ အတွင်းခံတွေအတွက် fit model မလုပ်ဘူး။ အဲဒါလုပ်ရင် လူတွေ ရှေ့မှာ မလုံမခြုံနဲ့ ၀တ်ပြရမှာ။ တကယ်လို့ အကုန်မချွတ်ဘဲ ဘရာဝတ်ထားတယ်ဆိုရင်တောင် သူတို့က သက်မွေးအလုပ် လုပ်တဲ့သူ မပီသဘူးလို့ ကန့်ကွက်တယ်။ အပေါ်က ၀တ်တဲ့ အ၀တ်အစားကို ၀တ်ပြရင်တောင် အတွင်းခံက အဖုအထစ် လာထွက်နေလို့ မရဘူး။ အသားရောင်အတိုင်း ခပ်ပါးပါးတွေပဲ ၀တ်မှ သူတို့ ကြိုက်တယ်။ ပြီးတော့ မိတ်ကပ် မလိမ်းရဘူး။ အ၀တ်အစားကို ပေကျံကုန်နိုင်တာမို့ တားမြစ်ထားတယ်။ ဒီတော့ စဉ်းစားကြည့်။ မြင်နေကျ မော်ဒယ်တွေနဲ့ fit model ဟာ တခြားစီပဲ။ မော်ဒယ်တွေလို အလှပြင်မထားတာကြောင့် မော်ဒယ်လို့ ထင်စရာ မရှိဘူး။
နောက်တစ်ခုက အလုပ်ကို ကောင်းကောင်း လုပ်ပေးဖို့ လိုတယ်။ ၀တ်ထားတာ ဘယ်လိုနေသလဲ။ ဘယ်လို ခံစားမိသလဲ စတာတွေကို ပြောပြတတ်ဖို့ လိုတယ်။ သူတို့အတွက် တန်ဖိုးရှိတဲ့ အချက်တွေ ပြောပြပေးတတ်ရမယ်။ ဒါမှ သူတို့ ထုတ်လုပ်လိုက်တာတွေဟာ ၀တ်လို့လည်း အဆင်ပြေမယ်။ ရောင်းလို့လည်း ရရမယ်။ ပြီးတော့ fitting လုပ်တာ မြန်မြန် ကိစ္စပြတ်မယ်။ အဲဒီလို ပြောတတ်ဖို့ ကျမရဲ့ အေဂျင်စီက သင်တန်းတွေ ပေးတယ်။ သူတို့က လုပ်ထုံးလုပ်နည်း ဒီဇိုင်နာ technical designer ကို ခေါ်ယူပြီး ရှင်းပြခိုင်းတယ်။ ဒီဇိုင်းကနေ တကယ်ချုပ်တဲ့အဆင့် ရောက်တဲ့အခါ မြန်မြန်ဆန်ဆန် ချုပ်နိုင်ဖို့ အဆင်မပြေတာတွေကို ဘယ်လို ဖယ်ထုတ်ရတယ်။ ဘယ်လို ပြင်ပေးရတယ် ဆိုတာတွေ သူက ရှင်းပြတယ်။ သူ့အနေနဲ့ fit model ထံမှ ဘယ်လိုအချက်တွေ ကြားသိချင်တယ်ဆိုတာလည်း ပြောပြတယ်။ တချို့အချက်တွေမှာ ဘယ်လို ဖြစ်ကို ဖြစ်နေရမယ်။ မဖြစ်ရင် အသိပေးရမယ်ဆိုတာတွေကိုလည်း သင်ပေးတယ်။ အခေါ်အဝေါ်တွေ အသုံးအနှုန်းတွေ သင်ပေးတယ်။ ဘယ်လို ပြောဆိုရမယ်ဆိုတာလည်း သင်ပေးတယ်။
ဒီဂျင်းဘောင်းဘီက တင်ပါးမှာ လာကျပ်နေတယ်လို့် မပြောရဘူး။ ဒီနားမှာ ချောင်အောင် နည်းနည်းလုပ်ပေးဖို့ လိုတယ်လို့ ပြောရမယ်။ အဲဒါမျိုးတွေ သင်ပေးတယ်။

ကျမ အလုပ်မှာ ကြီးမားတဲ့အပိုင်းတစ်ခုက fitting လုပ်နေချိန်မှာ ထင်မြင်ချက်တွေ ပေးကြတာမှန်သမျှ နားထောင်ပေးရတာ ဖြစ်ပါတယ်။ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြတာ ပေါက်ပေါက်ဖောက်နေတဲ့အတိုင်းပဲ။ ဒါပေမဲ့ ထင်မြင်ချက်တိုင်းကို တန်ဖိုးထားမှ ရလာတဲ့ အ၀တ်အစားဟာ အောင်မြင်မှုကို ရမယ်။ ဒီတော့ လူတိုင်းရဲ့ ထင်မြင်ချက်တိုင်းကို အလေးထားရတယ်။ နောက်ဆုံးပန်းတိုင်က ရောင်းကောင်းဖို့ ဖြစ်ပါတယ်။ အဲဒီဦးတည်ချက်ကို မျက်ခြည်မပြတ်ကြဘူး။ ဒီတော့ ကျမက အကြံပေးရင် အဲဒီအချက်နဲ့အညီ ပေးရတယ်။ နို့မို့လို့ရှိရင် ပယ်ချခံရလိမ့်မယ်။ အပေါက်ဆိုးတဲ့သူနဲ့ဆိုရင် ဒီလိုအကြံမျိုးပေးဖို့ နင့်ကို ပိုက်ဆံပေးပြီး ငှားထားတာ မဟုတ်ဘူးလို့ အပြောခံရလိမ့်မယ်။

လုပ်ကိုင်ပုံ အဆင့်ဆင့်ကတော့ ရှေ့ပြေးနမူနာကနေ စတယ်။ ပထမနမူနာ ထုတ်တယ်။ ပြီးရင် ပြင်ဆင်မွမ်းမံပြီး ဒုတိယ နမူနာ ထုတ်တယ်။ ပြီးရင် ဒီဇိုင်းအဖွဲ့က အဲဒီဟာကို ဖက်ရှင်စုစည်းမှုထဲမှာ ထည့်မလား၊ ပယ်မလား။ တကယ်ထုတ်လုပ်တဲ့အထိ လုပ်မလား မလုပ်ဘူးလားဆိုတာ စဉ်းစားဆုံးဖြတ် တယ်။ ပြီးရင် အဲဒီမှာ TOP ဆိုတာရဖို့ လုပ်တယ်။ top of production ကို TOP လို့ အတိုကောက် ခေါ်ဝေါ်ကြတာ။ အဲဒါကလက်လီအရောင်းဆိုင်တွေဆီမှာ ရောင်းမယ့်ဟာ၊ ရောင်းနေတဲ့ဟာတွေကို ပြောတာ။ လျှောက်လမ်းမှ မော်ဒယ်တွေနဲ့ ပြသရုံနဲ့ မပြီးဘူး။ တကယ်လက်လီ ရောင်းတဲ့ဟာ ဖြစ်ပါတယ်။
အခုလို ထုတ်လုပ်တာမှာ အမှားအယွင်း ရှိတတ်ပါတယ်။ ဥပမာ ချုပ်လုပ်တဲ့ဆီမှာ မှားတာမျိုး၊ pattern maker က မှားတာမျိုးတွေ ရှိတတ်တယ်။ အဲဒီလို မှားရင် brand က ငွေမပေးဘူး။
ထုတ်လုပ်တဲ့အ၀တ်အစားတိုင်းဟာ လေးပိုင်းတစ်ပိုင်းလက်မကနေ လက်မ၀က်အထိ ပြောင်းလဲပေးလို့ ရတာမျိုး ဖြစ်ရမယ်။ ဒီတော့ ကျမက တစ်ခုခု ထောက်ပြမယ်ဆိုရင် အဲဒါကို ထည့်စဉ်းစားရတယ်။ ချိုင်းပေါက်၊ လက်အသား၊ လည်ပင်းပေါက်၊ အောက်ခြေအနားသတ်ထားတဲ့နေရာ အတိုအရှည် စတာတွေနဲ့ ပတ်သက်လို့ စိတ်ထဲ ဘ၀င်မကျလို့ ပြောရင် အဲဒီလို ပြောင်းလိုက်ရင် ဘယ်လိုနေမလဲဆိုတာကို ထည့်တွက်ရတယ်။ ပြင်ရမယ်ဟာတွေကို သေသေချာချာ ရေးမှတ်ထားကြတယ်။ ပြီးမှ နောက်တစ်ထည်ကို ဆက်ပြီး fitting လုပ်တယ်။ fit model လုပ်ရတာ အဲဒီမှာ စိတ်ပင်ပန်းတယ်။ ဖက်ရှင်ဒီဇိုင်နာ၊ လုပ်ထုံးလုပ်နည်း ဒီဇိုင်နာက အလုပ်တွေ နင်းကန်လုပ်နေရတယ်။ ကူဖော်လောင်ဖက် လုပ်မယ့်သူလည်း များများစားစား မရှိဘူး။
တစ်ခါတလေမှာ ဒီဇိုင်း ဖော်ထုတ်တဲ့အပိုင်း ကျမ ၀င်လုပ်တယ်။ ကျမ လုပ်ထားတဲ့ ဒီဇိုင်းနမူနာကို ယူသွားပြီး သူတို့ကို ပြတယ်။ ဒီဇိုင်းအဖွဲ့က ၀ိုင်းစဉ်းစားပေးတယ်။ ရောင်းတန်းဝင်အောင် လုပ်ကြရတာဆိုတော့ အမျိုးမျိုး စဉ်းစားကြရတယ်။ ဒီဟာကို ဘယ်လိုအချိန်အခါတွေမှာ ၀တ်မှာလဲ။ ဒီအရောင်နဲ အဆင်ပြေရဲ့လား။ ဆိုင်မှာ ချိတ်နဲ့ တန်းလန်းချိတ်ပြထားရင် ဘယ်လိုမြင်ရမလဲ။ ၀ယ်ဝတ်တဲ့သူရဲ့ အ၀တ်ဘီဒိုထဲမှာ ချိတ်နဲ့ ချိတ်ပြီး ထားတဲ့အခါ ဘယ်လို မြင်ရမလဲ။ တစ်မူထူးခြားနေရဲ့လား။ လက်လီဆိုင်ကို ရောက်တဲ့အထိ ကုန်ကျစရိတ်က ဘယ်လောက် ရှိမလဲ။ တကယ်လို့ ချိုင်းပေါက်က နည်းနည်းကျပ်နေလို့ဆိုပြီး ၀ယ်တဲ့သူက ပြန်လာပေးတယ်ဆိုရင် အဲဒါ fitting ညံ့လို့ ဖြစ်ရတာ။ ဒီတော့ fitting အပိုင်းကလည်း အရေးကြီးတယ်။ ကျမမှာ တာဝန်ရှိတယ်။ တကယ်လို့ ဒီဇိုင်းပိုင်းမှာ ပွင့်ရိုက်ထည့်တဲ့ ပန်းပုံတွေက လှတယ်။ ဒါပေမဲ့ လူတွေက အဲဒီပန်းဒီဇိုင်းကို မ၀ယ်ချင်ကြဘူးဆိုရင်တော့ ကျမနဲ့ မဆိုင်တော့ဘူး။ ဒီဇိုင်းပိုင်းက ပရိသတ်အကြိုက်ကို မှန်းတာမှာ လွဲသွားတာ။

ကျမက fir model အလုပ်တစ်ခုတည်းနဲ့ မလုံလောက်လို့ တခြားအလုပ်တွေကိုပါ တွဲလုပ်ရတယ်။ ကလေး အချိန်ပိုင်းထိန်းပေးတာ လုပ်တယ်။ တခြားအချိန်ပိုင်း အလုပ်တွေ လုပ်တယ်။ fit model လုပ်တာအတွက် နာရီနဲ့ တွက်ပြီး ပေးတယ်။ မိနစ်စွန်းရင် မိနစ်စွန်းအတွက်ပါ တွက်ပေးတယ်။ အဲဒီမှာ ၁၅ မိနစ်စာစီ တွက်တယ်။ ၂၅ မိနစ်စွန်းရင် မိနစ် ၃၀ စာ တွက်ပေးတယ်။ ကျမကို ငှားတဲ့သူတွေက ကျမကို တစ်နာရီ ဒေါ်လာ ၁၀၀ အောက်မှာ ပေးပြီး ငှားမယ်ဆိုရင် အေဂျင်စီက ကျမနဲ့ အရင်ညှိဖို့ လိုတယ်။ ဒေါ်လာ ၁၀၀ က အောက်ထစ်ပဲ။ ဒေါ်လာ ၁၀၀ အထက် ပေးတယ်ဆိုရင် အေဂျင်စီက ကျမကို မေးဖို့ မလိုဘူး။ တန်းပြီး ရက်ချိန်းတွေ ယူလိုက်တယ်။ များသောအားဖြင့် တစ်နာရီကို ဒေါ်လာ နှစ်ရာ သုံးရာ ရပါတယ်။
အမြင့်တန်းထုတ်တဲ့ ဖက်ရှင်တိုက်တွေက ရာသီအလိုက် ထုတ်တာဆိုတော့ တစ်ရာသီမှာ တစ်ကြိမ်ပဲ fitting လုပ်ကြတယ်။ အမြောက် အမြား ထုတ်တဲ့ ဖက်ရှင်တိုက်မျိုးကျတော့ တစ်နှစ်ပတ်လုံး ဒီဇိုင်းအသစ်တွေ လုပ်ကိုင်ကြတော့ fitting ကို အမြဲလိုလို လိုအပ်တယ်။ အမျိုးသမီး အတွင်းခံတွေ ထုတ်တဲ့ Victoria’s Secret လို ဖက်ရှင်တိုက်မျိုးမှာ fitting model အလုပ်ရရင် ထီပေါက်တာပဲ။ အလုပ်က အမြဲပုံမှန် ရှိနေတယ်။ တစ်ပတ် ၃ ရက်၊ တစ်ရက်ကို အနည်းဆုံး ၂ နာရီတော့ ငှားတယ်။
fitting model လုပ်မယ်ဆိုရင် အကြာကြီး မတ်တတ်ရပ်နေနိုင်ရမယ်။ ယုံမလား မယုံဘူးလားတော့ ကျမ မသိဘူး။ ခြေဖနောင့်ပေါ်မှာ နာရီနဲ့ချီပြီး ကြာအောင် ရပ်နေရတယ်။ အဲဒါကြောင့်လည်း တစ်ခါချိန်းရင် ၂ နာရီ ၀န်းကျင် လောက်ပဲ သုံးတယ်။ အဲဒီမှာ ပြီးရင် နောက်တစ်နေရာမှာ fitting model သွားလုပ်ရပြန်တာမို့ တစ်ခုနဲ့ တစ်ခုကြားမှာ အချိန်က ၁၅ မိနစ်ကနေ နာရီဝက် လောက်အထိပဲ ရတယ်။ ဟိုရောက်ရင် နောက်ထပ် ၂ နာရီ မတ်တတ်ရပ်နေရပြန်ရော။ နားချိန် ငါးမိနစ်လောက် တောင်းလို့ မရဘူး။ သူတို့က မိနစ်အထိ တွက်ပြီး ငွေပေးရတာဆိုတော့ ရတဲ့အချိန်ကို အပြည့်သုံး တယ်။ တကယ်လို့ ငါးမိနစ် နားချင်ရင် ငါးမိနစ် အစားပြန်ပေးရတယ်။ fit model ရဲ့ ကိုယ်ခန္ဓာကို သူတို့ ငှားထားချိန်မှာ မိနစ်တိုင်း သူတို့ ပိုင်ဆိုင်တယ်။

fit model လုပ်ရတာမှာ ကျမ ချစ်တာ တစ်ခုရှိတယ်။ အဲဒီမှာ ဒီဇိုင်း အဖွဲ့ ရှိတယ်။ လုပ်ထုံးလုပ်နည်း ဒီဇိုင်နာ technical designer အဖွဲ့ ရှိတယ်။ သူတို့တတွေက ကျမအပေါ် ထောင်ထောင်လွှားလွှား မရှိကြဘူး။ အလုပ်သမ တစ်ယောက် ငှားသုံးသလိုမျိုး မဆက်ဆံကြဘူး။ ကျမကို တလေးတစား ဆက်ဆံကြတယ်။ စဉ်းစားကြည့်ရင် ဖက်ရှင်ထည်တစ်ခု ဒီဇိုင်းထွက်လာဖို့ ဖက်ရှင်ဒီဇိုင်နာက အချိန်ယူပြီး ကြံဆရတယ်။ သူသင်ထားတဲ့ ပညာခန်းတွေ ထည့်သုံးရတယ်။ စိတ်ကူးတွေ ယဉ်ရတယ်။ ပြီးရင် ပုံကြမ်းတွေ ဆွဲရတယ်။ ကျမကို နမူနာတွေ ပြပြီး သူတို့က မေးတယ်။ ဘယ်လို ထင်သလဲ။ ဘယ်လို သဘောရသလဲ။ ကျမရဲ့ အသံကို သူတို့ ကြားချင်ကြတယ်။ သူတို့ အပြင်းအထန် ကြိုးစားထားတာကို ကျမက ဘာမှ ၀င်မပါဘဲ ဝေဖန်ပြတာတွေ ထောက်ပြတာတွေကို သူတို့က တလေးတစားနဲ့ နားထောင်တယ်။ တကယ့်ကို ချိုးနှိမ်တဲ့သူတွေပါ။ ဒီဇိုင်နာတွေက ဖက်ရှင်ပညာ ဘာမှ မတတ်တဲ့ ကျမကို နေရာပေးတာနဲ့တင် ကျမ ခြေထောက်တွေ တောင့်နေအောင် အညောင်းခံပြီး fit model လုပ်ရတာ ကျေနပ်စရာ ဖြစ်နေပါပြီ။


လုပ်ထုံးလုပ်နည်း ဒီဇိုင်နာ technical designer အကြောင်းကို

fit model တစ်ဦးဖြစ်သူ Jaclyn Shuman ပြောပြခဲ့တဲ့

fit model ဘ၀ အကြောင်းမှာ ဖတ်ရှုနိုင်ပါတယ်။

FIT MODEL တစ်ဦးရဲ့ ဘဝ

 

CLAIRE CANNON က Fit Model အဖြစ် လုပ်ကိုင်ခဲ့တဲ့ ဖက်ရှင်လုပ်ငန်းများ
Able, Maude Vivante, and Jane Summers, M Patmos, Rent The Runway, Catherine Malandrino, Hanley Mellon

Read 1550 times
Rate this item
(0 votes)