What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဘုရင်မကြီးရဲ့ ဖက်ရှင်လျို့ဝှက်ချက်များ

သက်တော် ၉၀ ကျော်ပြီင်္ ဖြစ်တဲ့ ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက် စွဲစွဲမြဲမြဲ ကျင့်သုံးတဲ့ ဖက်ရှင်အထာလေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

တစ်ရောင်ခြယ်
*********
ဘုရင်မကြီး လူထုကြား သွားရတဲ့အခါ သိသာထင်ရှားနေဖို့ လိုတယ်။ “ဘုရင်မကြီးကို တွေ့ခဲ့တယ်” လို့ ခပ်ကြွားကြွားလေး ပြန်ပြောပြနိုင်စေချင်လို့ ဖြစ်ပါတယ်။
ဘုရင်မကြီးက များသောအားဖြင့် တစ်ရောက်ခြယ် ဖက်ရှင်ကို ဆင်မြန်းလေ့ရှိပြီး အရောင်နုနုတောက်တောက်ကို ရွေးချယ်သုံးစွဲလေ့ ရှိတယ်။ ဒီတော့ တခြားအ၀တ်အစာ အရောင်တွေကြားမှာ ထင်းထင်းပေါ်နေစေတယ်။
တစ်ရောင်ခြယ်ကို ရွေးချယ်တာမှာလည်း အရပ်မြင့်တယ်လို့ ထင်ရစေမယ့် အရောင်မျိုးတွေကိုပဲ ရွေးချယ်ပါတယ်။ “၀ါညိုနုရောင်ကို ၀တ်မယ်ဆိုရင် ကျွန်မကို ဘုရင်မမှန်း သိကြတော့မှာ မဟုတ်ဘူး” လို့ ဘုရင်မကြီးက ပြောဖူးပါတယ်။
ဦးထုပ်မှအစ အင်္ကျီအလယ် စကပ်အဆုံး သုံးခုစလုံးကို တစ်ရောင်တည်းဖြစ်အောင် ရွေးချယ် ၀တ်ဆင်တယ်။ အဲဒီလို တစ်ရောင်ခြယ်ကို ဦးထုပ်ဆောင်းပြီး ၀တ်ဆင်တဲ့အတွက် အရပ်ပိုရှည်တယ်လို့ မြင်ရတွေ့ရတယ်။ ဘုရင်မကြီးက အရပ်အမြင့် ၅ ပေ ၃ လက်မပဲ ရှိပါတယ်။ ဒါပေမဲ့ အခုလို ဦးထုပ်ဆောင်းပြီး တစ်ရောင်ခြယ် ၀တ်ဆင်လိုက်တဲ့အခါ လူတွေကြားမှာ အရပ်ပုတယ်လို့ မထင်ရတော့ဘူး။

သူသွားမယ့်နေရာရဲ့ နောက်ခံအရောင်ကိုလည်း ထည့်စဉ်းစားပါတယ်။ ဥပမာ အပင်ပေါက်တွေ စိုက်ပျိုးတဲ့ အခမ်းအနားကို တက်မယ်။ အနီးတ၀ိုက်မှာ အပင်စိမ်းစိမ်းတွေ ရှိနေမယ်ဆိုရင် အစိမ်းရောင်ကို ၀တ်ဆင်ဖို့ ရွေးချယ်မှာ မဟုတ်ဘူး။
ပတ်ဝန်းကျင်မှာ အနီရောင်ရဲရဲတွေ များနေမယ်ဆိုရင် အဖြူရောင်ဘက် ရောက်တဲ့အရောင်မျိုးကို တစ်ရောင်ခြယ်အဖြစ် ၀တ်ဆင်ဖို့ ရွေးချယ်မှာ ဖြစ်ပါတယ်။

queen red white

လေဒီရှူး
******

ဘုရင်မကြီးက လေဒီရှူး စတိုင်လ်အမျိုးမျိုး ၀တ်ဆင်လေ့ရှိပြီး ရှူးဖိနပ် ချုပ်လုပ်တဲ့ Anello & Davide က ဒိုင်ခံ တာဝန်ယူပြီး ချုပ်လုပ်ပေးတယ်။ ရှူးဖိနပ်အသစ်ရတဲ့အခါ ဘုရင်မကြီး ခြေထောက်ပုံပန်းနဲ့ အရွယ်အစား တစ်ထေရာတည်း တူတဲ့ နန်းတွင်းသူ တစ်ဦးက အရင်ဝတ်ဆင်ပြီး ဖိနပ်ကို ခြေထောက်နှစ်ဖက်နဲ့ အသားကျအောင် အရင် လုပ်တယ်။ ပြီးမှ ဘုရင်မကြီးက အဲဒီရှူးဖိနပ်ကို စီးပါတယ်။ ဒေါက်အမြင့်က အမြဲတစေ ၂ လက်မ တစ်မတ် (၂ ဒဿမ ၂၅ လက်မ) ဖြစ်ပါတယ်။

 

shoes

ဘောင်းဘီရှည်
*********
ဘုရင်မကြီး လူထုရှေ့မှောက်ကို ထွက်တဲ့အခါ ဘောင်းဘီရှည် ၀တ်ခဲပါတယ်။ မှတ်မှတ်ရရ ၁၉၇၀ ခုနှစ် ကနေဒါနိုင်ငံခရီးစဉ်မှာ ဘောင်းဘီရှည် ၀တ်ပြီး လူထုရှေ့မှောက် သွားလာခဲ့ပါတယ်။ အတော်ခေတ်ဆန်နေတဲ့ ဘုရင်မကြီးကို မြင်ရတွ့ရတယ်။ အဲဒီနောက်ပိုင်း ဘောင်းဘီရှည် ၀တ်ပြီး လူထုရှေ့မှောက် မထွက်တော့ဘူး။

 

The Queen trousers

လက်အိတ်
*******
ဘုရင်မကြီး နှစ်သက်တဲ့လက်အိတ်က ၀ါချည်ရာနှုန်းပြည့် လက်အိတ်ပါး ဖြစ်ပြီး အရှည်က ၁၅ စင်တီမီတာ (၆ လက်မ နီးပါး) ရှိတယ်။ Cornelia James Ltd မှ ထုတ်လုပ်တဲ့ လက်အိတ်တွေ ဖြစ်ပါတယ်။ အလွယ်တကူ ရေလျှော်လို့ရတယ်။ ဘုရင်မကြီးက လက်အိတ်တစ်ခုကို သိပ်ကြာကြာ မ၀တ်ဘူး။ တစ်နေ့တာအတွင်း အကြိမ်ကြိမ် လဲလှယ် ၀တ်ဆင်တယ်။ ညနေခင်းမှာတော့ နိုင်လွန်သား လက်အိတ်ကို ၀တ်ဆင်လေ့ရှိတယ်။

 

gloves

စကပ်အရှည်
*******
စကပ်အရှည်က ဒူးခေါင်းကျော်တယ်။ အောက်ခြေ အနားသတ်ချုပ်သားမှာ အလေးထည့်ထားတယ်။ လေတိုက်လို့ စကပ်လန်တာ မဖြစ်ရအောင် အလေးထည့်ထားတာ ဖြစ်ပါတယ်။

တွန့်ကြေခြင်း မရှိ
*********
ဘုရင်မကြီး ၀တ်ဆင်တဲ့ ဦးထုပ်၊ စကပ်၊ အင်္ကျီတို့ကို တော်ရုံတန်ရုံဖြင့် တွန့်ရာ ကြေရာ မထင်ကျန်စေတဲ့ အထည်သားမျိုးဖြင့် ချုပ်လုပ်တယ်။ လေတိုက်လို့ ပုံပျက်ပန်းပျက် ဖြစ်ကုန်တာမျိုးလည်း မရှိစေရဘူး။
လက်မောင်းတစ်ဝိုက်မှာ ချောင်ချောင်လည်လည် ရှိအောင် ဒီဇိုင်းထုတ်ထားတယ်။ ဘုရင်မကြီးက ပရိသတ်လူထုကို လက်မြှောက်ပြီး လက်ဝှေ့ရမ်း ပြတဲ့အခါ အင်္ကျီက တုပ်နေတာမျို မဖြစ်ရဘူး။

 

 

အ၀တ်ဘီရို
******
မဟော်ဂနီသားနဲ့ လုပ်ထားတဲ့ ဘီရိုဖြင့် အ၀တ်အစားတွေကို သိမ်းဆည်းတယ်။ ဘီရိုတံခါးတွေ ပိတ်ထားချိန်မှာ ဘီရိုက လေလုံတယ်။ ရံဖန်ရံခါမှာ ဘုရင်မကြီး ၀တ်ဆင်ခဲ့ဖူးတဲ့ အ၀တ်အစားအချို့ကို လူထု ကြည့်ရှုနိုင်အောင် ပြသပေးထားလေ့ရှိတယ်။

အ၀တ်အစားအသစ် ချုပ်တဲ့အခါ
******
အရင်ဆုံး ပုံကြမ်း Flaet Sketch ကို အရင် ပြသတယ်။ ရွေးချယ်စရာ ရှိတာတွေ ရွေးတယ်။ ပြီးရင် Fashion Sketch ကိုလည်း ပြသတယ်။ ပြီးရင် ပက်တန်တွေ ကိုက်ဖြတ်မယ်။ နမူနာ ပင်အပ်တွဲပြီး အ၀တ်အစားကို ထုတ်လုပ်တယ်။ ပြီးရင် ဘုရင်မကြီးရဲ့ ကိုယ်ခန္ဓာအတိုင်းအတာနဲ့အညီဖြစ်တဲ့ ဖက်ရှင်မယ်ကို အသုံးပြုပြီး အစမ်းဝတ်ဆင်ကြည့်မယ်။ ပြီးရင် ၀ါချည်ရာနှုန်းပြည့် အထည်သားနဲ့ ရှေ့ပြေးနမူနာ ပုံကြမ်းတစ်ထည်ကို ချုပ်တယ်။ အတိုးအလျှော့ ညှိရမယ်နေရာတွေကို ညှိတယ်။ ပြီးတော့မှ တကယ်ချုပ်မယ့် အထည်သားနဲ့ အ၀တ်အစားကို ချုပ်တယ်။
ပြီးရင် ဘုရင်မကြီး ကိုယ်တိုင် ၀တ်ကြည့်တယ်။ အဲဒီအတွက် မူကွဲအမျိုးမျိုးနဲ့ လုပ်ထားတဲ့ အ၀တ်အစား လေးငါးစုံကို ချုပ်ပေးထားရတယ်။
အခုလို ကိုယ်ပေါ်တင်ကြည့်ပြီး Fitting လုပ်ရင် နေ့တ၀်ဝက်တော့ ကြာလေ့ရှိတယ်။

ပိုးထည် ပေါ့ပေါ့ပါးပါးမျိုးဖြင့် ချုပ်မယ်ဆိုရင် ပန်ကာနဲ့ လေတိုက်ခိုင်းထားပြီး အ၀တ်အစားကို လေပြေတိုက်ရင် ဘယ်လိုနေမလဲဆိုတာ စမ်းကြည့်ရတယ်။
စကပ်က လှေကားထစ်တွေပေါ်ကို တက်ရင် အဆင်ပြေမှာလားဆိုတာလည်း စမ်းသပ်တယ်။

အ၀တ်ဘီဒိုဌာန
*********

အရေးပါတဲ့ အခမ်းအနားတက်ဖို့ ဘုရင်မကြီး ၀တ်စားဆင်ယင်တဲ့အခါ dressmaker ၄ ဦး၊ dresser ၃ ဦးအပြင် ဦးထုပ်တာဝန်ခံ ၁ ဦးတို့က ကူညီလုပ်ကိုင်ပေးကြရတယ်။ ၀တ်စားထားတာက သန့်ရှင်းသန့်ပြန့်ပြီး ကျကျနနဖြင့် ဟန်ကျပန်ကျ ဖြစ်နေစေရတယ်။
အ၀တ်အစားတွေ ထိန်းသိမ်းစောင့်ရှောက်တဲ့သူအပါအ၀င် အ၀တ်ဘီဒိုဌာနမှာ ၀န်ထမ်း ၁၂ ဦး ထားရှိပါတယ်။

လက်အရှည်
******
အင်္ကျီလက်အရှည်က လက်တစ်ချာင်းလုံး အရှည်ရဲ လေးပုံ သုံးပုံအထိပဲ ရှိပါတယ်။ လက်ကောက်ဝတ်နားအထိ မရှည်ဘူး။ စားသောက်တဲ့အခါ အကျီလက်ဖျား ဟင်းခွက်တွေနဲ့ မလွတ်မကင်း ဖြစ်ရတာကို ရှောင်ရှားချင်လို့ ဖြစ်ပါတယ်။


လက်ကိုင်အိတ်
***********
ဘုရင်မကြီးမှာ လက်ကိုင်အိတ် အမျိုးမျိုး စုစုပေါင်း ၂၀၀ ခု ကျော် ရှိတယ်လို့ ဆိုပါတယ်။ အများစုက လန်ဒန်မြို့ရှိ Launer မှ ထုတ်လုပ်တဲ့အိတ်တွေ ဖြစ်ပါတယ်။ လက်ကိုင်အိတ်ရဲ့ လက်ကိုင်ကွင်းက မတိုလွန်း မရှည်လွန်း ဖြစ်ဖို့ အရေးကြီးပါတယ်။ လက်ကိုင်အိတ်ကို လက်လျှိုသွင်းပြီး တွဲလောင်းချထားစဉ် လက်ဆက်နှုတ်ဆက်ဖို့ အဆင်ပြေချောမွေ့မယ့် လက်ကိုင်ကွင်းအရှည် ဖြစ်ရပါမယ်။

bag

ပြန်လည်ဆင်မြန်းခြင်း
********
ဘုရင်မကြီးက အထည်အသစ်တွေ ၀တ်လေ့ရှိပေမဲ့ ဝတ်ပြီးသားကိုလည်း ပြန်ဝတ်ပြလေ့ရှိပါတယ်။ တစ်ဖန်ပြန်လည်သုံးစွဲခြင်း recycled ကို ဂရုစိုက်နေကြချိန်မှာ သူက ကျန်မနေရစ်ဘူး။ တစ်နှစ်တာ ကာလအတွင်း မဟာဗျူဟာကျကျ ပြန်လည်ဝတ်ဆင်ပြလေ့ရှိတယ်။ တစ်ရောင်တည်းကိုပဲ တစ်ပွဲပြီး တစ်ပွဲ ဆက်တိုက် ၀တ်ပြတယ်။ ဘယ်အသိုင်းအ၀ိုင်းမှာ ဘယ်နေ့ဘယ်ရက်က ဘာတွေ ၀တ်ဆင်ခဲ့သလဲဆိုတာ စာရင်းရေးမှတ်ထားတယ်။ ဒီအသိုင်းအ၀ိုင်းမှာ ၀တ်ဆင်ပြီးသားကို နောက်အသိုင်းအ၀ိုင်းတစ်ခုမှာ ပြန်လည်ဝတ်ဆင်တာ ဖြစ်ပါတယ်။
၁၉၉၉ ခုနှစ် ကိုရီးယား ခရီးစဉ်မှ ဘုရင်မကြီး ၀တ်ဆင်ဆဲ့ စိမ်းပြာရောင်မှာ အ၀ါပန်းပွင့်တွေပါတဲ့ ၀တ်စုံဟာ လွန်ခဲ့တဲ့ နှစ်နှစ် ၁၉၉၇ ခုနှစ်မှာ အိန္ဒိယ ခရီးစဉ်မှာ ၀တ်ဆင်ခဲ့တဲ့ဟာ ဖြစ်ပါတယ်။

QEN inia korea

ဦးထုပ်
****
ဘုရင်မကြီး ဆောင်းတဲ့ ဦးထုပ်တွေရဲ့ ပုံသဏ္ဌာန်က အခြေခံအားဖြင့် အတူတူတွေ ဖြစ်ပါတယ်။ ဦးထုပ်နားပန်း အနားပြန့်က သေးတယ်။ ဘာလို့လဲဆိုတော့ မျက်နှာကို ကွယ်နေမှာ စိုးလို့ ဖြစ်ပါတယ်။ သူ့မျက်နှာကို လူထုပရိသတ်က ကောင်းကောင်း မြင်စေလိုတယ်။
ဦးထုပ်ရဲ့ အမြင့် တော်ရုံတန်ရုံသာ ရှိပါတယ်။ အဓိကအချက်က ကားထဲမှ ဦးထုပ်ဆောင်းလျက်သားဖြင့် ဆင်းတဲ့အခါ မလွတ်မကင်းတွေ မဖြစ်စေချင်လို့ ပါတယ်။

 

hat 1243041

 

ချက္က၀ါ

Read 11078 times
Rate this item
(1 Vote)