What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Flat Sketch အကြောင်း

Flat Sketch တွေဟာ ဒီဇိုင်းထုတ်တဲ့ လုပ်ကိုင်မှု အဆင့်ဆင့်ရဲ့ အစောပိုင်း အဆင့်တွေမှာ ပါဝင်ပါတယ်။ ရွေးချယ်စရာ ဒီဇိုင်းမှုကွဲအမျိုးမျိုးကို ကြံဆပြီး တင်ပြထားတာဖြစ်ပါတယ်။


ဦးနှောက်မုန်တိုင်းထန် brainstorm ပြီး ကြံဆတာမှာ ဒီဇိုင်း ၅၀ ခုနဲ့အထက်ကို မာရသွန် လုပ်ကိုင်ပြီး ထုတ်လုပ်ကြရပါတယ်။ ပြီးတော့မှ အကောင်းဆုံး၊ အသင့်တော်ဆုံး ၁၀ ခုကို ရွေးချယ်ပြီး ဆက်လက်လုပ်ကိုင်ကြတယ်။ အကောင်းဆုံးဆိုတာက ဖက်ရှင်ဒီဇိုင်နာအနေဖြင့် သူ့ဖန်တီးမှု အလန်းဆုံးလိုဟာမျိုးကို ဆိုလိုတယ်။ အသင့်တော်ဆုံးဆိုတာကတော့ ထုတ်လုပ်ရေးအတွက် ဘတ်ဂျက် အခြေအနေအရ အဆီလျော်ဆုံးကို ဆိုလိုတယ်။ ဒီနှစ်ခု မျှမျှတတဖြင့် သွားမှာ ရှေ့ခရီးတွေ အဆင်ပြေမယ်။
ဒီဇိုင်နာက ပေးလိုက်တဲ့ ဖလက် စကက်ရှ်ကို ထုတ်လုပ်မယ့် အထည်ချုပ်စက်ရုံမှာ ပြန်သတယ်။ ကွန်ပျူတာအကူအညီ (CAD ဆော့ဖ်ဝဲလ်ဖြင့် ရေးဆွဲခြင်း)ကို သုံးပြီး ဖလက် စကက်ရှ်ကို သားသားနားနား အမြင့်တင့်တယ်အောင် တင်ပြတာမျိုးလည်း ရှိတယ်။ ပိုလှ ပိုသေသပ်သွားတာ ဖြစ်ပေမဲ့ အခြေခံအားဖြင့်ကတော့ အတူတူပါပဲ။

ဖလက်တွေနဲ့ ပတ်သက်လို့ သိသင့်သိထိုက်တဲ့ ဗဟုသုတတချို့ကို ရှာဖွေစုဆောင်းပြီး ဆက်လက်တင်ပြပါမယ်။

နားလည်ပုံ လွဲလေ့လွဲထရှိတဲ့ဟာက ဘာလဲဆိုတော့ Flat Sketch ဆွဲတာဟာ ဖက်ရှင်အရုပ်ပုံကို ရေးဆွဲပြရတာကို လုပ်ဖို့ မလိုတော့ဘူးလို့ အထင်ရှိကြတာ ဖြစ်ပါတယ်။ တကယ်တော့ ဖက်ရှင်အရုပ်ပုံဖြစ်တဲ့ မော်ဒယ်ပုံရေးဆွဲခြင်းနဲ့ နည်းစနစ်တကျ ရေးဆွဲထားတဲ့ ဖလက်တို့ဟာ တစ်ခုကို တစ်ခုက အစားထိုးပေးလို့ မရပါဘူး။ နှစ်မျိုးစလုံး ရေးဆွဲဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဘာကြောင် ဆွဲရသလဲဆိုတဲ့ ရည်ရွယ်ချက်တွေ မတူကြလို့ ဖြစ်ပါတယ်။

● ဖက်ရှင်အရုပ်ပုံ fashion sketch ဖြစ်တဲ့ မော်ဒယ်တစ်ယောက် ၀တ်စားဆင်ယင်ထားပုံကို ရေးဆွဲတဲ့အခါ သူ့ရဲ့ စိတ်အခြေအနေ၊ အချိုးအစားတွေ (တင်၊ ရင် လက်၊ ပေါင်တံ စတာတွေ) အထည်သား ကိုယ်ပေါ်တင်လိုက်တဲ့အခါ နေရာယူထားလိုက်တဲ့ အနေအထား (တောင့်တောင့်လေး ဖြစ်နေသလား၊ ပျော့အိတွဲကျသလား၊ ခပ်တင်းတင်း ထုပ်ပိုးထားသလား)၊ ဘယ်လို စတိုင်လ်ထွက်နေသလဲ စတာတွေကို ဖော်ပြဖို့ ရည်ရွယ်ပါတယ်။ ဥပမာဆိုပါတော့ အမည်းရောင် အ၀တ်အစားတစ်ထည်ကို ဒီဇိုင်းထုတ်ထားတယ်။ အဲဒီဟာဟာ ဒေါ်လာ တစ်သန်းတန်တဲ့ အ၀တ်အစားလို မြင်ရအောင် ဖက်ရှင်အရုပ်ပုံမှာ ရေးဆွဲပြပါတယ်။ ဒီတော့ ဖက်ရှင် အရုပ်ပုံ Fashion sketch ဟာ အလှအပကို ဖော်ကျူးထားတယ်။ ဒီတော့ တစ်ခါတလေအမှာ တကယ့်လက်တွေ့နဲ့ နည်းနည်း လွဲနေတာတွေ ပုံမှာ ပါတယ်။ ဒါမှလည်း ဒီဇိုင်းနာက သူစိတ်ကူးထားတဲ့ ဒီဇိုင်းကို အလုပ်ဖြစ်သွားအောင် တင်ပြနိုင်မှာ ဖြစ်ပါတယ်။ fashion sketch အကြောင်း သီခြားတင်ပြပေးပါဦးမယ်။


● Flat Sketch ကတော့ အမှန်တွေချည်း ဖော်ပြရတယ်။ အပိုအလှဆင်တာ မပါရဘူး။ အရေးကြီးတဲ့ အသေးစိတ်အချက်အလက်တွေကို အသိပေးဖို့ ပုံဆွဲပြထားတာ ဖြစ်ပါတယ်။ ပန်းချီအလှဖြင့် Fashion sketch ကို ရေးဆွဲတင်ပြတဲ့အခါ မမြင်ရတာတွေ၊ ဖုံးကာနေတာတွေ ရှိပေမဲ့ Flat Sketch မှာတော့ အကုန်လုံး ထုတ်ပြထားတယ်။ ဥပမာ ဇစ်ကို မမြင်သာအောင် ကာဖုံးပြီး တပ်ထားရင် Fashion sketch ပုံမှာ မမြင်ရဘူး။ Flat Sketch မှာတော့ အဲဒီဇစ်ကို မပျက်မကွက် ဖော်ပြပေးရတယ်။

အခုလို ဖလက်စကက်ရှ် ပုံကို ရေးဆွဲတဲ့အခါ လက်နဲ့ ဆွဲကြတာ ရှိသလို ဒစ်ဂျစ်တယ် နည်းလမ်းဖြင့် ရေးဆွဲကြတာလဲ ရှိတယ်။ အဲဒီလို ရေးဆွဲဖို့ ကွန်ပျူတာ ဆော့ဖ်ဝဲလ်တွေ ရှိတာကို သုံးစွဲပြီး ဆွဲလိုက်ကြတယ်။ လက်နဲ့ ဆွဲတာထက် ပိုကောင်းသွားတယ်။ မျဉ်းတွေမှာ လက်နဲ့ဆွဲရင် ခဲသား အထူအပါး မညီတာ ရှိတတ်တယ်။ ကွန်ပျူတာနဲ့ ဆွဲရင် တစ်ပြေးညီ ဖြစ်နေတယ်။ ၀ဲနဲ့ယာ အခြမ်းနှစ်ခု အချိုးကျတာလည်း ညီညာတယ်။ ကိုယ်ခန္ဓာအချိုးအစား အချိုးကိုက်တာလည်း မှန်ကန်မှုရှိတယ်။ ပုံက သေသပ်တယ်။ ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ရေးဆွဲတဲ့အခါ အသုံးများကြတာ Adobe Illustrator, Corel Draw, Manga Studio နဲ့ Photoshop တို့ ဖြစ်ပါတယ်။
စမတ်ဖုန်း၊ တက်ဘလက်တို့အတွက် အက်ပ်တွေလည်း ရှိတယ်။
ဘာတွေနဲ့ ဆွဲဆွဲ လိုက်နာရမယ့် အခြေခံစည်းမျဉ်းတွေကတော့ အတူတူပါပဲ။
အဲဒီစည်းမျဉ်းတွေအကြောင်း သီးခြားဖော်ပြရေးသားပြုစုပေးပါဦးမယ်။

အခု ပြောလက်စရှိတဲ့ Flat Sketch ကို ဆက်ရေးပါမယ်။ Flat Sketch အဆင့်မှာ ဖက်ရှင်ထည်ပေါ် ဘာတွေ ဘယ်လိုထားရင် ကောင်းမလဲဆိုတာ စိတ်ကူးကြည့်တယ်။ ကော်လာကို ဘယ်လို အမျိုးအစားတွေ သုံးမလဲ။ သုံးလေးမျိုး သုံးကြည့်မယ်။ လက်တွေကိုလည်း အမျိုးမျိုး သုံးကြည့်တယ်။ လက်တို လက်ရှည် လက်စက စသဖြင့် သုံးကြည့်မယ်။ အဲဒီလို တွဲစပ်သုံးကြည့်ရင်း နောက်ထပ်စိတ်ကူးတွေ ရုတ်တရက် ရသွားတတ်ပါတယ်။ အရင်တုန်းက တစ်ခါမှ မတွေးမိတာမျိုးကို စိတ်ကူးတွေ ရသွားတတ်တယ်။ ပိုတော်တဲ့ ဒီဇိုင်နာအဖြစ်သို့ ရောက်သွားစေတယ်။ ပုံဆွဲတော်တဲ့ ဒီဇိုင်နာကို မဆိုလိုပါဘူး။ ဒီဇိုင်းထုတ်တာမှာ စိတ်ကူးပိုကောင်းတာကိုသာ ဆိုလိုပါတယ်။

 

flats detail variations of pants 450x318

အခု နမူနာတစ်ခု အင်တာနက်မှ ရယူပြီး ဖော်ပြပေးပါတယ်။ ဘောင်းဘီရှည်တစ်ထည် ဆိုတာကို ပုံဖော်ပြီးရင် အဲဒီဘောင်းဘီမှာ အိတ်တွေကို ဘယ်လိုထားမလဲ။ နမူနာမှာ ငါးမျိုး ထားကြည့်တယ်။
ပြီးရင် ဘောင်းဘီရဲ့ အတိုအရှည် အမျိုးမျိုး ထားကြည့်တဲ့ပုံတွေကို ဆွဲမယ်။ ခါးပတ်၊ ဇစ် စတာတွေကိုလည်း အမျိုးမျိုး လုပ်ကြည့်မယ်။

အဲဒီလို လုပ်ကိုင်တဲ့အတွက် အခြေခံအားဖြင့် တူနေပေမဲ့ မူကွဲ စတိုင်ကွဲ ဘောင်းဘီရှည်တွေရဲ့ ဒီဇိုင်းတွေကို ရရှိမယ်။

Flat Sketch အ၀တ်အစား တစ်ထည်ကို စားပွဲပေါ် တင်ပြီး ဖြန့်ထားလိုက်ရင် မြင်ရသလိုမျိုး ပြားချပ်ချပ် ဖြစ်လို့ flat လို့ သုံးနှုန်းကြတာ ဖြစ်တယ်။ ဒီတော့ Flat Sketch ဟာ လိုရင်းကို နည်းစနစ်တကျဖြင့် ဖော်ပြပေးဖို့ကိုသာ လုပ်ကိုင်ရမယ်။ ဒီတော့ မင်အမည်းနဲ့ပဲ ဆွဲလိုက်ကြတယ်။ ကောက်ကြောင်းတွေအပြင် အရိပ်ကို ဖော်ပြတဲ့ မျဉ်းကြောင်းတွေ ထည့်ချင်ရင် ထည့်လို့ရတယ်။ မထည့်ရင်လည်း ရတယ်။ လက်တွေ့မှာ ဖြစ်ပေါ်မယ် အကွေးတွေ အကောက်တွေကိုလည်း ဖြစ်နိုင်သရွေ့ အနည်းဆုံးဖြင့်သာ ရေးဆွဲတယ်။ ပန်းချီကားလှလှတစ်ခု ဖြစ်မနေရဘူး။
model sketch မှာတော့ ကွန့်တာတွေ ညွှန့်တာတွေ ထည့်ဆွဲရမှာ ဖြစ်ပါတယ်။
ဖလက်မှာတော့ အဲဒါတွေ မပါရဘူး။ ဒါပေမဲ့ ကိုယ်ပိုင်ဟန်ပန်လေးတွေ ထားရှိပြီး ဆွဲကြတာမျိုးလည်း ရှိပါတယ်။ ပုံတစ်ပုံ နမူနာအဖြစ် ဖော်ပြထားတာမှာ ၀ဲဘက်စွန်ပုံက အရိုးစင်းဆုံး ဖလက်ပါ။

အလယ်က ကိုယ်ပိုင်ဟန်ပန် ထည့်ပေးထားတယ်။ 

ယာဘက်အစွန်က ဖလက်စကက်ရှ် မဟုတ်တဲ့ပုံ ဖြစ်ပါတယ်။ 

design FLATS variations of techniques 450x261

Flat Sketch ပုံကို ဖော်ပြတဲ့အခါ ရှေ့တည့်တည့်မှ ကြည့်ရင် မြင်ရပုံ၊ သူ့ရဲ့ ယာဘက်မှာ နောက်တည့်တည့်မှ ကြည့်ရင်မြင်ရပုံတို့ကို အတူယှဉ်တွဲပြီး ပြသတယ်။ ဘေးမှာ မှတ်စုတို ရေးဖြည့်ဖို့ Design notes နေရာရှိတယ်။ လက်အရှည်ဘယ်ရွေ့ဘယ်မျှ၊ ကြယ်သီး အရွယ်အစား ဘယ်ရွေ့ဘယ်မျှ၊ ခါးပတ်က ဘယ်လိုမျိုး စတာတွေ ရေးမှတ်ပေးတယ်။ ပြီးရင် သုံးစွဲမယ့် ပိတ်စ နမူနာကို တွဲပေးထားလိုက်ပါတယ်။

Design 10 450x318

မှတ်စုကို နောက်တစ်မျိုး ရေးသွင်းပုံကတော့ လက်အရှည်ကို ရေးပြမယ်ဆိုရင် ပုံမှာ လက်အရှည်ရဲ့ နေရာကို မြားထိုးပြပြီး ကိန်းဂဏန်းတွေကို ဖော်ပြပေးတယ်။

နောက်တော့မှ လိုက်နာရမယ့် အခြေခံစည်းမျဉ်းတွေအကြောင်း ရေးသားပြုစုပေးပါဦးမယ်။ ဖက်ရှင်စကက်ရှ် အကြောင်းလည်း ရေးပါဦးမယ်။
အခုရေးကောင်းကောင်းနဲ့ ရေးလိုက်တာ အတော်ရှည်လျားသွားပြီမို့
နားလိုက်ပါဦးစို့။

Author မြဧကရီမွှန်း

Read 1851 times
Rate this item
(3 votes)