What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စကတ်တွေကို ဒီလိုဝတ်ပါ

မီနီစကတ်တွေက သင့်အတွက် တိုလွန်းတယ်လို့ထင်ရပြီး  Maxi Skirt တွေကျပြန်တော့ စောင်ခြုံထားသလို ဖားဖားလျားလျား ဖြစ်လွန်းတယ်လို့ ခံစားရပါသလား။

စကတ်ဝတ်မယ်ကြံတိုင်း ဘယ်တုန်းကမှ စိတ်တိုင်းမကျခဲ့ဖူးလို့Skinny Jeans တွေနဲ့ပဲ နှစ်ပါးသွားနေရတာ စိတ်ကုန်နေ ပြီလား။ ဒါက သင့်ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်တဲ့ စကတ်အမျိုးအစားကို ကွက်တိမသိသေးတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကွဲပြား တဲ့ ခန္ဓာကိုယ်အချိုးအစားတိုင်းအတွက် လိုက်ဖက်သင့်တော်တဲ့ စကတ်ပုံစံတွေ ရှိပါတယ်။ ဖက်ရှင်ဆိုတာ အခြေခံစည်းမျဉ်းတွေအပေါ်မှာ ကိုယ့်ရဲ့စတိုင်လ်၊ အကြိုက်နဲ့ သက်ဝင်ခံစားမှုတွေကို ပေါင်းစပ်ပြီး ဖန်တီးရတဲ့ အနုပညာတစ်မျိုးပါ။ ကိုယ်နဲ့လိုက်ဖက်မယ့် အခြေခံ ဒီဇိုင်းအမျိုးအစားကို တွေ့ရှိပြီးပြီဆိုရင် ဆက်လက်လုပ်ဆောင်ရမှာက ကိုယ်ရဲ့ ဖက်ရှင်ဂိမ်းကို နောက်တစ်ဆင့်မြှင့်တင်ဖို့ပါပဲ။

သွယ်လျတဲ့ ခန္ဓာကိုယ်အတွက် Maxi Skirt
အရပ်လည်းရှည်တယ်၊ သွယ်လျတဲ့ ခန္ဓာကိုယ်အချိုးအစားကိုလည်း ပိုင်ဆိုင်ထားတယ်ဆိုရင် သင်က ဒီစကတ်နဲ့ လိုက်ပါ့မလားဆိုပြီး စိတ်ပူစရာနေစရာမလိုတဲ့ သူတစ်ဦးပါ။ ဒါပေမဲ့ ကိုယ့်ရဲ့ အရပ်အမောင်း၊ ခန္ဓာကိုယ် အချိုးအစားနဲ့ ဖက်ရှင်ကို တစ်ဆင့်မြင့်ချင်တယ်ဆိုရင်တော့ စကတ်ဝတ်မယ်ဆိုတဲ့အခါ Maxi Skirt အမျိုးအစားကို ရွေးချယ်ပြီးဝတ်ဆင်ပါ။ Boho ပုံစံ ခပ်ဝဲဝဲ ဒါမှမဟုတ်  အတွန့်အထပ်တွေပါတဲ့ စကပ် အရှည်တွေ၊ ဒါမှမဟုတ် ခန္ဓာကိုယ်နဲ့အတိ၊ သင်ကြိုက်နှစ်သက်တဲ့ ဘယ်လိုပုံစံ စကတ်မျိုးကိုမဆို ရွေးချယ်လို့ရပါတယ်။ ဒါပေမဲ့ စကတ်အရှည်တော့ ဖြစ်ပါစေ။

1 Maxi Skirt

ကိုယ်လုံး ခပ်သေးသေးလေးတွေအတွက် Miniskirts
သင်က သေးသွယ်ကျစ်လစ်တဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားပါသလား။ ဒါဆိုရင် Pop သီချင်းတွေထဲမှာ ထည့်သွင်းသီဆိုရလောက်အောင် ဆွဲဆောင်မှုရှိတဲ့ မီနီစကတ်က သင့်အတွက်ပါပဲ။ သေးသွယ်ပြီး အရပ်အမောင်းလည်း သိပ်မမြင့်တဲ့ ကိုယ်လုံးပိုင်ရှင်တွေက စကတ် အရှည်တွေ ၊ ဖားဖားလျားလျားဖြစ်နေတဲ့ စကတ်တွေနဲ့ သိပ်မလိုက်ဖက်လှပါဘူး။ သူတို့က သင့်ရဲ့ ကိုယ်ခန္ဓာ အချိုးအစားတစ်ခုလုံးကို ဖုံးအုပ်လိုက်ပြီး သင့်ကို ပိုပြီး သေးညှက်တဲ့ ပုံစံဖြစ်သွားစေနိုင်ပါ တယ်။ ဒူးအပေါ်နားလောက်ပဲရှိတဲ့ မီနီစကတ်ကတော့  ခန္ဓာကိုယ်အချိုးအစားကို ပိုပေါ်စေပြီး အရပ်ပိုရှည်သွားသလို ထင်ရစေပါတယ်။ ရှပ်အင်္ကျီ၊ တီရှပ်၊ ဘလောက်စ်၊ ဆွယ်တာ ဘယ်လိုအင်္ကျီမျိုးနဲ့မဆို မီနီစကတ်တွေကို တွဲဖက်ဝတ်ဆင်လို့ ရပါတယ်။ Formal ကျဖို့ မီနီစကတ်တွေက သိပ်အဆင်မပြေဘူးလို့ ပြောလာရင် ကုတ်အင်္ကျီတစ်ထည်နဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။ ဒါက သေးသွယ် တဲ့ မိန်းကလေးတွေမှာပဲရှိတဲ့ မီနီစကတ်ကို ဆွဲဆောင်မှုရှိရှိနဲ့ ခမ်းခမ်းနားနားဝတ်နိုင်တဲ့ အထူး အခွင့်အရေးဖြစ်ပါတယ်။ 

2 Mini Skirt

သဲနာရီအချိုးအစား ဘော်ဒီလေးတွေအတွက် Pencil Skirt
သင်က အချိုးအစားလှလှပပနဲ့ ကောက်ကြောင်းထင်းတဲ့ သဲနာရီလို ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါသလား။ အဖြေက “ပိုင်ဆိုင်ထားပါတယ်၊ ကိုယ့်ရဲ့အားသာချက်ကိုလည်း Highlight လုပ်ချင်ပါတယ်”ဆိုရင် Pencil Skirt တွေက သင့်ရဲ့ သူငယ်ချင်းကောင်းတွေပါပဲ။ ခါး၊ တင် နဲ့ ပေါင်တံတွေတစ်လျှောက် ကွက်တိရှိနေမယ့် စကတ်ပုံစံက သင့်ရဲ့ကောက်ကြောင်းကို အရှိအတိုင်းပေါ်လွင်စေမှာဖြစ်ပါတယ်။ ကိုယ်လုံးလှတယ်လို့ နာမည်ကြီးတဲ့ Kim Kardashian နဲ့ Pencil Skirt တွေကို မကြာ ခဏတွဲဖက်မြင်ရလေ့ရှိပါတယ်။ 

3 Pencil Skirt

A-Skirt ဆိုတာ သစ်တော်သီးပုံ ခန္ဓာကိုယ်အတွက်ပါ
သင်က သစ်တော်သီးပုံသဏ္ဍန် ခန္ဓာကိုယ်အချိုးအစားရှိသူလား၊ တစ်နည်းအားဖြင့် ခန္ဓာကိုယ်အပေါ်ပိုင်းထက် ခန္ဓာကိုယ်အောက်ပိုင်းက အနည်းငယ်ပိုပြီး ဖွံ့ဖြိုးသူတစ်ဦးဖြစ်ပါသလား။ ဒါဆိုရင် သင့်ရဲ့ ခန္ဓာကိုယ်အချိုးအစားအရ သေးသွယ်တဲ့ခါးရှိတယ်လို့ ယူဆလို့ရပြီး စကတ်ဝတ်မယ်ဆိုတဲ့အခါ ခါးနေရာကို ဦးစားပေးပြီး တင်နဲ့ပေါင်တံတွေ ဖွံ့ဖြိုးတာကို မသိသာစေမယ့်  စကတ်မျိုးကို ရွေးချယ်သင့်ပါတယ်။ သင့်ရဲ့ခန္ဓာကိုယ် အချိုးအစားကို ခေါင်းကနေ ခြေဖျားအထိ ပြေပြစ်သွားအောင်ညှိဖို့အတွက် အင်္ဂလိပ်အက္ခရာ A ပုံသဏ္ဍန် ခါးနေရာမှာ အတိဖြစ်နေပြီး အောက်ပိုင်းကို ကားသွားတဲ့ A-Skirt အမျိုးအစား တွေက အသင့်တော်ဆုံးပါပဲ။ စကတ်ကို အရှည်ဖြစ်စေ၊ အတိုဖြစ်စေ သင့်စိတ်ကြိုက်ရွေးချယ်နိုင်ပြီး သေးသွယ်တဲ့ခါးကို သိသာစေဖို့ ခါးပတ်တွေကို အသုံးပြုနိုင်ပါတယ်။ 

4 A Skirt

ခပ်ဖြောင့်ဖြောင့် ဘော်ဒီလေးဆိုရင် Asymmetric Skirt
စူပါမော်ဒယ်တွေလို ဖြောင့်ဖြောင့်တန်းတန်းနဲ့ ပိန်သွယ်တဲ့ ခန္ဓာကိုယ် အချိုးအစားအတွက် စွေစွေစောင်းစောင်းနဲ့ အနားမညီမညာ ဒီဇိုင်းယူထားတဲ့ Asymmetrical Skirt တွေရှိပါတယ်။ ဒီစကတ်အမျိုးအစားက သင့်ခန္ဓာကိုယ်ကို ကောက်ကြောင်းထည့်ပေးနိုင်ပြီး တင်ထွက်လာသယောင် ထင်ရစေအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ရှေ့ကို တိုထားပြီး နောက်ပိုင်းမှာ ရှည်တဲ့ စကတ်မျိုးကလည်း သင့်ကို တစ်မျိုးတစ်မည် ပိုပြီး ကြည့်ကောင်းစေနိုင်ပါတယ်။ 

5 Asymmetric

ခါးတုတ်လေးတွေအတွက် High-Waisted Skirts
ခန္ဓာကိုယ်အချိုးအစားက ခါးနေရာမှာ ပိုပြီး ပြည့်ဖြိုးနေတတ်တဲ့ ပန်းသီးပုံသဏ္ဍန်ခန္ဓာကိုယ် အချိုးအစား ပိုင်ဆိုင်ထားသူတွေအတွက် ရွေးချယ်စရာ စကတ်အမျိုးအစားကတော့ ခါးတင်ထီး စကတ်မျိုးဖြစ်ပါတယ်။ ခါးတင်စကတ်ဖြစ်ပြီး ခါးအောက်ပိုင်းမှာ ခပ်ဝဲဝဲဖြစ်နေမယ့် စကတ်ကြောင့် သင့်ရဲ့ခါးနေရာကို သေးသွယ်သွားသယောင် ထင်ရစေမှာဖြစ်ပါတယ်။ သတိထားရမှာက သင်က ပန်းသီးပုံခန္ဓာကိုယ်ပိုင်ရှင်လည်းဖြစ်တယ်၊ ခါးတင်စကတ်ကိုလည်း ဝတ်မယ်ဆိုရင် အရှည်က ဒူးအောက်နားထိသာ ရှိသင့်ပါတယ်။

6 High Waisted

source:people

Read 2721 times
Rate this item
(0 votes)