သင်ရွေးချယ်လိုက်တဲ့ အဝတ်အစားပုံစံဟာ သင့်ရဲ့ခံစားမှုကိုလည်း ပြောင်းလဲစေပါတယ်။
ဆိုလိုတာက သင်က ငယ်ငယ်နုနုပုံစံမျိုး ဝတ်ဆင်ထားတဲ့အခါ လူငယ်လေးတွေလို တက်ကြွလန်းဆန်းနေမှာဖြစ်ပြီး ခပ်ရင့်ရင့်ဖက်ရှင်မျိုး ရွေးချယ်တဲ့အခါမှာတော့ မိန်းမကြီးတစ်ယောက်ရဲ့ ဟန်ပန်မျိုး၊ ရင့်ကျက်တည်ငြိမ်တဲ့စိတ်မျိုးနဲ့ တစ်နေ့တာကို ဖြတ်သန်းရမှာပါ။ ဘယ်လိုဖက်ရှင်မျိုးကိုပဲ ရွေးချယ်သည်ဖြစ်စေ.. အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်တွေကို ရွေးချယ်ဝတ်ဆင်ဖို့က အရေးအကြီးဆုံး မဟုတ်လား… အရွေးမတတ်ရင်တော့ သင့်ကို ရှိရင်းစွဲအသက်ထက် အိုမင်းနေပုံ ပေါက်စေပါလိမ့်မယ်။ ဒါကြောင့် ဘယ်လို အဝတ်အစားမျိုးလေးတွေ ရွေးချယ်ဝတ်ဆင်ရမယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
၁။ လည်ဟိုက်ဝတ်ပါ
သင့်အနေနဲ့ ငယ်ရွယ်တဲ့ပုံမျိုးပေါက်ချင်တယ်ဆိုရင်တော့ လည်ဟိုက်တွေဝတ်ဆင်ပြီး ရင်ဘတ်ကို အနည်းငယ်ပေါ်လွင်စေရပါမယ်။ ဒီတော့ လည်ရှည်အင်္ကျီတွေထက် သင်နဲ့ လိုက်ဖက်မယ့် လည်ဟိုက်ပုံစံလေးတွေ၊ လည်ပင်းပေါက်ပုံစံလေးတွေ ရွေးချယ်ဝတ်ဆင်လိုက်ပါ။
၂။ စကပ်ရှည်ဝတ်ဆင်တာမျိုးရှောင်ပါ
စကပ်ရှည်ဝတ်ဆင်တာက သင့်ကို ကြီးရင့်ပုံပေါက်စေပါလိမ့်မယ်။ ချစ်စရာကောင်းတာ၊ ဆွဲဆောင်မှုရှိတာတွေ ဖြစ်လာဖို့တော့ ဝေးပေါ့.. ဒီတော့ မီနီစကပ်တွေ ဝတ်ပြန်မယ်ဆိုတော့လည်း သင့်အသက်အရွယ်နဲ့ လိုက်ဖက်၏၊ မလိုက်ဖက်၏က ရှိသေးတာ မဟုတ်လား။ ဒီတော့ အစွန်းလွတ်လွတ် ဒူးဖုံးစကဒ်လေးတွေသာ ဝတ်ဆင်လိုက်ပါ။
၃။ ဆွယ်တာကို ချွတ်ထားခဲ့ပါ
တကယ်လို့သင်ဟာဆွယ်တာကို အရမ်းကြိုက်တတ်သူမျိုးဆိုရင်တောင် ဆွယ်တာကို အိမ်မှာပဲ ချွတ်ထားခဲ့ပါတော့… အရောင်ရင့်ရင့်ဆွယ်တာမျိုးဆိုရင်တော့ အတွေးထဲကကို ထုတ်ပစ်လိုက်ပါတော့… အေးတဲ့ရာသီဥတုမျိုးအတွက် ဆွယ်တာအစား မာဖလာတွေ ဘလေဇာတွေကို ဝတ်ဆင်လိုက်ပါ။
၎။ မအေးဘဲ မာဖလာမဝတ်ပါနဲ့
အပေါ်မှာကျ မာဖလာဝတ်ဆိုပြီးမှာထားတယ်။ ခုကျ မဝတ်နဲ့ဆိုတော့ ဘာလုပ်ရမှာလဲဆိုတော့ကာ.. ဆွယ်တာနဲ့ယှဉ်ရင်တော့ မာဖလာက ပိုသင့်လျော်ပါတယ်။ ဒါပေမဲ့ မာဖလာကလည်း သင့်ကိုရင့်ရော်စေပါတယ်။ တကယ်လို့အေးတဲ့နေ့မဟုတ်ဘူးဆိုရင် မာဖလာမဝတ်ဘဲ လည်ပင်းကိုဖွင့်ထားပါ။
၅။ အနက်ရောင်အများကြီးဝတ်ဆင်တာမျိုးရှောင်ပါ။
အနက်ရောင်ဟာစတိုင်ကျတယ်ဆိုပေမဲ့ အများကြီးဝတ်လိုက်တဲ့အခါ သင့်ကို ပျောက်သွားစေနိုင်ပါတယ်။ သင့်ရဲ့ အရေးအကြောင်းတွေနဲ့ အသားအရေကို အနက်ရောင်က ပိုပြီးပေါ်လွင်စေလို့ပါတဲ့။ ရောင်စုံအဝတ်လေးတွေကလည်း သင့်မျက်နှာကို တောက်ပအောင်လုပ်ပေးနိုင်စွမ်းရှိပါတယ်။
Source: Lifestyle Myanmar
Myanmar Textile and Garment Directory