What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Bias Cutting ဖြင့် ချုပ်တဲ့အခါ သိထားရမယ့်အချက်များ

ဘိုင်ရပ်စ် bias လို့ ဆိုတာမှာ သာမန်အားဖြင့် ပိတ်စကို ထောင့်တန်း ဖြတ်တောက်တာ၊ ထောင့်တန်း ချုပ်ရိုး ချုပ်တာကို ဆိုလိုတယ်။

တကယ့် ဘိုင်ရပ်စ် true bias ဆိုရင်တော့ ချည်ကြောကို ၄၅ ဒီဂရီတိတိ အစောင်းဖြင့် ဖြတ်တောက်တာ ချုပ်ရိုးချုပ်တာကို ဆိုလိုတယ်။ true bias ဟာ အ၀တ်အစားရဲ့ အသားက ကိုယ်ခန္ဓာရဲ့ ပုံပန်းအတိုင်း အလိုက်သင့်ဖြစ်အောင် အလိုက်လျောဆုံး၊ ဆန့်အထုတ်ပေးနိုင်ဆုံးသတ္တိကို ရစေပါတယ်။

အထည်သားရဲ့ ချည်အကြော Grainline အကြောင်းကို

Pattern နဲ့ Grainline

မှာ ဖတ်ရှုစေလိုပါတယ်။

 

ရက်ထည်တို့ရဲ့ ပင်ကိုသဘာဝထူးခြားချက်
*******************
ထောင့်တန်း ၄၅ ဒီဂရီ bias ဖြတ်ထားတဲ့အစကို တန်းလန်းချိတ်ထားလိုက်တဲ့အခါ ရက်ထားတဲ့ တိုင်ချည်နဲ့ ဖောက်ချည် ((warp နဲ့ weft) တို့ဟာ စတုရန်းကွက်အဖြစ် တန်းလန်းကျနေတဲ့အခါ ဒိုင်းမွန်းပုံ ဖြစ်နေတယ်။ အဲဒီလို ဖြစ်နေတဲ့အခါ ရက်ထားတဲ့ ချည်တွေဟာ တင်းတင်းရင်းရင်း ဖြစ်နေတဲ့ ဂုဏ်သတ္တိ ယုတ်လျော့သွားတယ်။ ချည်မျှင် တွေအကြား ရှိနေတဲ့ ကြားအဟတွေဟာ အလွယ်ဖြင့် ကျယ်နိုင်သလို နဂိုအတိုင်း ပြန်ကျုံ့ဖို့လည်း လွယ်ကူသွားတယ်။ ဒီတော့ တန်းလန်းချထားတဲ့အခါ အ၀တ်စရဲ့ အလေးချိန်ကြောင့် အောက်ကို အိကျတယ်။ ဒိုင်းမွန်းကွက်တွေက စတုရန်း မကျတော့ဘူး ရှည်မျောမျော ဖြစ်ကုန်တယ်။ ချည်မျှင်တစ်မျှင်နဲ့တစ်မျှင်အကြားကို ပုံကြီးချဲ့ပြီး ကြည့်ရင် အခုလို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

 

diamond bias

 

အဲဒီလို တင်းခံထားတဲ့ဂုဏ်သတ္တိ ယုတ်လျော့ပြီး ကျဉ်းလွယ်ကျယ်လွယ်တဲ့ ဂုဏ်သတ္တိကို ရယူပိုင်ဆိုင်ထားတယ်။ ဒီတော့ ထောင့်တန်း ဖြတ်ထားတဲ့အစကို ထောင့်တန်း ချုပ်ရိုးတွေနဲ့ ဆက်စပ်ချုပ်ပေးထားတဲ့အ၀တ်အစားကို အမျိုးသမီးရဲ့ ကိုယ်ပေါ်တင်လိုက်ရင် ကိုယ်ခန္ဓာရဲ့ အမို့အမောက် အကွေးအကောက်တွေအတိုင်း အထည်သားက ကျယ်သင့်တဲ့နေရာ ကျယ်၊ ကျုံ့သင့်တဲ့နေရာ ကျုံ့ပြီး ကိုယ်ခန္ဓာရဲ့ ပုံပန်းသဏ္ဌာန်အတိုင်း တစ်ထေရာတည်း ဖြစ်နေအောင် ပြောင်းလဲပေးတယ်။ ကိုယ်ခန္ဓာရဲ့ လှုပ်ရှားမှုတွေနဲ့အညီ လိုက်ပြောင်းပေးတယ်။ ဒီတော့ ကိုယ်ခန္ဓာပေါ်က အရေပြားလို ဖြစ်နေတယ်။ အဲဒီအကျိုးထူးကို အံ့စရာအကျိုး magical effect လို့ ပြောကြတယ်။

အဲဒီလို ကိုယ်ခန္ဓာနဲ့ အံကိုက်ဖြစ်စေတာကို bias fit လို့ ပြောကြတယ်။ bias ရဲ့ အစွမ်းကြောင့် အတော်အတိ fit ဖြစ်နေတယ်ဆိုပေမဲ့ ၀တ်ဆင်သူရဲ့ ကိုယ်ခန္ဓာအရ fit ဖြစ်ပုံ ကွာခြားတယ်။ ပုံမှာ တစ်ထည်တည်းကိုပဲ ကိုယ်ခန္ဓာ ပုံပန်း မတူတဲ့ အမျိုးသမီး ၄ ဦး ၀တ်ပြထားတယ်။ တစ်ဦးနဲ့တစ်ဦး fit ဖြစ်ပုံ မတူတာကို တွေ့နိုင်ပါတယ်။

 

bias fit cloth 4 lady

 

 

ကြာကြာလှန်းထားလိုက်ပါ
*************

bias-cut နဲ့ ချုပ်ထားတဲ့ အ၀တ်အစားကို အောက်ခြေအနား ခေါက်ချုပ်ပြီး အနားမသတ်ခင်မှာ အဲဒီအ၀တ်အစားကို တန်းလန်းချိတ်ပြီး အနည်းဆုံး တစ်ပတ်တော့ ထားကြတယ်။ အလေးချိန်နဲ့ အောက်ကို အိကျရှည်ထွက်တာ တစ်ပတ်လောက်ကြာမှ အသားသေသွားတယ်။ အဲဒီတော့မှ ၀တ်မယ့်သူကို အစမ်းဝတ်ခိုင်းကြည့်ပြီး အောက်ခြေ ဘယ်လောက်အထိ ရှည်ထွက်လို့ ဘယ်လောက်ဖြတ်တောက်ရမလဲဆိုတာ ဆန်းစစ်ပြီး ဖြတ်ပစ်ရမှာကို အမှတ်အသား ပြုကြတယ်။ အခုလို တန်းလန်းမချိတ်ဘဲ အနားသတ်လိုက်ရင် နောက်နောင် တန်းလန်းချိတ်ထားချိန်၊ ၀တ်ဆင်ထားချိန်တို့မှာ အိကျရှည်ထွက်တဲ့အခါ အ၀တ်အစား ပတ်ပတ်လည် တစ်ပြေးညီ ရှည်ထွက်ဖို့ ခဲယဉ်းတယ်။ ဒီတော့ တစ်နေရာနဲ့ တစ်နေရာ အတိုအရှည်တွေ မညီတော့လို့ အကြည့်ရဆိုးနေလိမ့်မယ်။ လှစေချင်လို့ bias-cut ကာမှ ကြည့်ရဆိုးနေလိမ့်မယ်။

 

bias cut hang clip

 

အဲဒီလို တန်းလန်းချိတ်တဲ့အခါ အောက်ကို အ၀တ်စရဲ့ အလေးချိန်ကြောင့် အိကျတာ မိုင်ကုန်တဲ့အထိ စောင့်ရတာ မြန်အောင်လို့ အ၀တ်အစား အောက်ခြေ ပတ်ပတ်လည်မှာ အလေးချိန် ညီတူညီမျှဖြင့် ဆွဲပေးတာမျိုး လုပ်တယ်။ ဥပမာ စာရွက်ညပ်တဲ့ ကလစ်တွေ ပတ်ပတ်လည် လိုက်ချိတ်ပေးထားလိုက်တယ်။
အဲဒီနည်းကို သုံးရင် သတိပြုရမှာက ပိုရှည်ထွက်လာတဲ့အပိုင်းကို ဖြတ်ထုတ်တဲ့အခါ လျှော့ဖြတ်ဖို့ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အလေးချိတ်ထားတာ မရှိတော့တဲ့အခါ အောက်ကို အိကျစေတာ အထည်သားရဲ့ အလေးချိန်ပဲ ကျန်တော့တယ်။ ဒီတော့ အထက်မှာ ဆိုခဲ့တဲ့အတိုင်း ကျယ်လွယ်ကျုံ့လွယ်သတ္တိ ရှိနေတော့ အထည်သားက ပြန်ကျုံ့သွားလိမ့်မယ်။ အထည်သားရဲ့ အလေးချိန်ကြောင့် အိကျမယ့်အတိုင်းအတာအထိ ပြန်ကျုံ့သွားလိမ့်မယ်။ ဒီတော့ ၀တ်မယ့်သူကို ၀တ်ခိုင်းကြည့်ပြီး တိုင်းတာဖြတ်တောက်ပြီးခါစမှာတော့ အိုကေနေမယ်။ ရက်အတန်ကြာပြီးတဲ့အခါမှာတော့ အောက်ခြေက တိုနေလိမ့်မယ်။
ဖြတ်ပစ်ရမှာက ၁ လက်မ ၂ လက်မ ဆိုရင် လက်မ၀တ်လောက် လျှော့ပြီး ဖြတ်ကြတယ်။ ဖြတ်ပစ်ရမှာက ၁ ပေ ကျော်နေရင်တော့ ၄ လက်မလောက် လျှော့ပြီး ဖြတ်ကြတယ်။

 

ဂရုစိုက်နိုင်မှ ပုံထွက် ကောင်းမယ်
***************
bias-cut ထောင့်တန်းဖြတ်ပြီး bias-seam ထောင့်တန်းချုပ်ရိုးဖြင့် အ၀တ်အစား တည်ဆောက်တဲ့အဆင့်ဆင့်မှာ အခုလို ဂရုတစိုက် လုပ်စရာတွေ ရှိနေတာကို မလုပ်တဲ့အခါ ချုပ်ပြီးသား ချုပ်ထည်မှာ တိုဝင်နေတာ၊ ရှည်လွန်းနေတာ၊ ၀တ်ထားသူကို တုပ်ထားသလို ဖြစ်နေတာ၊ အိတွဲကျလွန်းနေတာ၊ အောက်ခြေ အနားလုံးထားတာ အနိမ့်အမြင့် မညီညာတာ စတဲ့ ကြည့်ရဆိုးတာတွေ ဖြစ်ကုန်ပါတယ်။

 

တစ်သားတည်း ဖြစ်စေချင်တာ
******************
အထည်သားကို ဆန့်ကျုံ့သတ္တိရအောင် တောင့်တန်း bias ဖြတ်ပြီး ဖက်ရှင်ချုပ်လုပ်တဲ့သူတွေမှာ အနောက်တိုင်းဖက်ရှင်လောကမှာ Queen of Bias Cut လို့ ချီးကျူးကြရသူကတော့ ပြင်သစ် ဒီဇိုင်နာဆရာမကြီး မဲဒဲလင်း ဗိုင်ယိုနက် Madeleine Vionnet (၁၈၇၆-၁၉၇၅၀) ဖြစ်ပါတယ်။ သူမိန့်ဆိုခဲ့တဲ့ အဆိုအမိန့်တစ်ခုက သမိုင်းတွင်ကျန်ရစ်တယ်။
“အမျိုးသမီးတစ်ဦးက ပြုံးလိုက်တဲ့အခါ သူ့အ၀တ်အစားကလည်း လိုက်ပြုံးသင့်တယ်”
“When a woman smiles. then her dress should smile too” တဲ့။
အဲဒါ bias cut ရဲ့ လိုရင်းအနှစ်သာရ ဖြစ်ပါတယ်။ အမျိုးသမီးနဲ့ သူဝတ်ထားတဲ့ အ၀တ်အစား တသားတည်းဖြစ်နေကြတယ်။

Vionnet

Vionnet2

 

 

ဘယ်လိုအသားမျိုး ရွေးရမလဲ
*********

bias cut ကို စလုံးရေစမယ်ဆိုရင် ချည်ထည်သား၊ ပိတ်စနဲ့ စမ်းသင့်တယ်။ ပြောင်ဖြစ်ဖြစ် ဆေးဆိုးပန်းရိုက်ပါရင်လည်း နည်းနည်းပါးပါးပဲ ပါတာမျိုးကို ရွေးရမယ်။ အစင်းကြောင်းပါတဲ့ဟာမျိုးဆိုရင် အစင်းကြောင်းရဲ့ အကျယ်က လက်မတစ်စိတ်ထက် မကျယ်သင့်ဘူး။ လိုင်းစင်းက ကျယ်နေရင် အပိုင်းတစ်ခုနဲ့တစ်ခု ဆက်စပ်တဲ့အခါ လိုင်းတွေ တည့်တည့်တန်းတန်း ဖြစ်အောင် လုပ်ရတာ ကရိကထ များနေလိမ့်မယ်။ လိုင်းလွဲနေရင် အကြည့်ရဆိုးနေမှာ သေချာတယ်။
ဘယ်လို အသားမျိုးတွေကို ရှောင်ရမလဲ။ ရေယွန်ကို ရှောင်ရမယ်။ ဆွဲဆန့်ရင် တအားဆန့်ထွက်တော့ ထိန်းရခက်မယ်။ ပိုလီစတာနဲ့ ပိုးသားတို့ကျပြန်တော့ ကိုင်ရတွယ်ရတာ ချောတယ်။ ပြီးတော့ အသားက တအားပျော့တယ်။ bias ချုပ်ရင် တအားကြည့်ကောင်းတာ မှန်ပေမဲ့ စလုံးရေစ လက်သင်အနေဖြင့် လုပ်ကိုင်ရတာ ခက်ခဲနေလိမ့်မယ်။ အထည်သား လေးလံတာမျိုးကိုလည်း ရှောင်ရမယ်။
ဖြတ်တောက်ပြီးရင် တည်တည်ငြိမ်ငြိမ် ရှိမယ့် အထည်သားမျိုး၊ ကိုင်တွယ်လုပ်ကိုင်ဖို့ လွယ်ကူတာမျိုးကို ရွေးခိုင်းတာ ဖြစ်ပါတယ်။
ဘယ်နှကိုက် ၀ယ်ရမလဲဆိုတာ ပက်တန်တွေ ရပြီးမှ စဉ်းစားဆုံးဖြတ်သင့်တယ်။ ဘာလို့လဲဆိုတော့ bias cutting က အလေ့အလွင့်များတယ်။ အထည်သားပုပ်တာ များလို့ ဖြစ်ပါတယ်။


ပက်တန် ဖန်တီးခြင်း
***********
bias cut အတွက် လက်စစမ်းဖို့ ပက်တန် မရှိရင် သမားရိုးကျ အတည့်ဖြတ်ဖို့ ထုတ်ပေးထားတဲ့ ပက်တန်ကို bias cut pattern ဖြစ်အောင် ပြောင်းလဲသုံးစွဲနိုင်ပါတယ်။

အစမ်းချုပ်ကြည့်ဖို့အတွက် V သို့မဟုတ် ဘဲဥပုံ လည်ပင်းပေါက် အင်္ကျီပုံစံကို ရွေးသင့်တယ်။ လက်တွေမပါတဲ့ ချိုင်းပြတ်မျိုး ဖြစ်ရမယ်။ လက်တွေ ပါချင်ရင်လည်း ပုံစံရိုးရိုးရှင်းရှင်းလေးပဲ ကောင်းပါတယ်။

အဲဒီလို အင်္ကျီမျိုးအတွက် pattern ကို ရွေးပြီးတဲ့အခါ pattern ကို ပြင်ရမယ်။ bias ချုပ်တဲ့ အ၀တ်အစားဟာ ချောင်ချိရေး ease ကို သာမန်ထက် ပိုများပေးထားကြတယ်။
ပိုပိုသာသာပေးတာကို များများစားစား ပေးကြတယ်။ ဘာလို့လဲဆိုတော့ bias ဖြတ်ပြီး bias ချုပ်ထားတဲ့ အ၀တ်အစားက အောက်ခြေဖက်ကို ဦးတည်ပြီး ဆန့်ထွက်တယ်။ ချည်တွေ တစ်မျှင်နဲ့ တစ်မျှင်အကြားနေရာ ဒိုင်းမွန်းပုံအဖြစ် ရှည်မျောမျော ဖြစ်သွားတာမို့ အ၀တ်အစားက ဘေးနှစ်ဖက်ကြားမှာ ကျဉ်းသွားတယ်။ အောက်ကို ရှည်ပြီး ဘေးကို ကျဉ်းတယ်။ ဒီလို ကျဉ်းတဲ့အခါ ကျပ်စည်းသလို မဖြစ်ရအောင် ease ကို ပိုပိုသာသာ များများစားစား ထည့်ပေးထားလိုက်ကြတယ်။
ရင်သားအမို့အမောက်တွေမှာ အထည်သားက အရေပြားလို လိုက်ကွေးပြီး ကပ်နေတာမျိုးကို လိုချင်တယ်ဆိုရင်တော့ ease ကို များများစားစား မထည့်ဘူး။
ရင်နဲ့တင်ကို ဖော်ထုတ်ဖို့အတွက်ဆိုရင် ease ကို များများစားစား မထည့်ဘူး။ အဲဒီလို အထုပ်ကျပ်ကျပ် ထုပ်ပြီး ပြသတာမျိုး သိပ်မဖြစ်ချင်ဘူးဆိုရင်တော့ ease ကို လက်မ၀က်ကနေ ၁ လက်မအထိ ပိုပိုသာသာ ထည့်ပေးပြီး ပက်တန်ကို ပြန်ဆွဲကြတယ်။
နောက်ထပ် ပိုကြီးပေးစရာက ချုပ်သားအတွက် ချဲ့ပေးတဲ့ပမာဏ ဖြစ်ပါတယ်။ bias မှာ ချုပ်သားအကျယ်ကို သာမန်ထက်ပိုပြီး ပေးကြရတယ်။


ဆက်စပ်ဖတ်ရှုစရာများ မဖတ်ကြည့်ရသေးရင် သွားဖတ်ကြည့်ဖို့ ဖော်ပြပါ ခေါင်းစဉ်တွေကို တို့ထိလိုက်ပါလေ . .

pattern အတွက် အရေးပါတဲ့ ease

sizing နဲ့ grading

Pattern ပြန်ဆွဲခြင်း

Pattern Grading Guide

tissue-fit လုပ်ပုံလုပ်နည်း

 

ပက်တန် ပြန်ပြင်ဆွဲပြီးတဲ့အခါ အဆင့်တစ်ခုက tissue-fit လုပ်ကြည့်တာ ဖြစ်ပါတယ်။
fit ဖြစ်ပုံကို ဆန်းစစ်ကြည့်ပြီး ပြင်သင့်တဲ့နေရာရှိရင် ပြင်ပေးမယ်။ ဥပမာ ရင်သားဖွံ့ထွားတဲ့သူဆိုရင် fit ပြေပြေပြစ်ပြစ် ဖြစ်သွားအောင် ဒေါက် dart တွေ ထည့်ရမယ်။ ချိုင်းပေါက်တွေကနေ ဘယ်နဲ့ညာတို့မှာ ထည့်မယ်။ ဘေးချုပ်ရိုးတွေကနေ ဘယ်နဲ့ညာတို့မှာ ထည့်မယ်။

အဲဒီလို ကိုယ်ပေါ်တင်ကြည့်ပြီး ပြင်ပေးပြီးရင် တကယ်သုံးတော့မယ် pattern ဖြစ်အောင် ဆက်လုပ်ရမယ်။

 

change to bias pattern

အဲဒီပက်တန်က ချည်ကြော grainline အတိုင်း အတည့်ဖြတ်ဖို့ ထုတ်ထားတာဆိုတော့ true bias ၄၅ ဒီဂရီအစောင်းဖြတ်ဖို့အတွက် grainline ညွှန်ပြမျဉ်းကို ပြန်ပြင်ဆွဲပေးရမယ်။

 

ဆက်စပ်ဖတ်ရှုရန်  အရေးပါတဲ့ grainline

 

၁) မူလ grainline မျဉ်းမှာ ၉၀ ဒီဂရီ ထောင့်မှန်ကျတဲ့မျဉ်းတစ်ကြောင်းကို ဆွဲသားပါ။
၂) မူလ grainline မျဉ်း နဲ့ အသစ်ထပ်ဆွဲတဲ့ ထောင့်မှန်ကျမျဉ်းတို့ တစ်ထပ်တည်းကျအောင် ပက်တန်ကို ခေါက်ပါ
၃) ခေါက်ရိုးရာထင်အောင် လက်သည်းနဲ့ ဖိပွတ်ပေးပါ။ အဲဒီခေါက်ရိုးရာအတိုင်း မျဉ်းတစ်ကြောင်းဆွဲပါ။ အဲဒီမျဉ်းဟာ bias cut အတွက် grainline ဖြစ်ပါတယ်။

ရလာတဲ့ပက်တန်တွေကို သေသေချာချာ ချခင်းပြီး ပိတ်စ ဧရိယာ ဘယ်လောက်လိုမလဲ။ ဘယ်နှကိုက်ဝယ်ရင်ရမလဲဆိုတာ စဉ်းစားဆုံးဖြတ်ပါ။

 

sample layout

 

အဲဒါ ရိုးရိုးစင်းစင်း ပက်တန်တွေကို ခင်းပြထားတာ။ အထည်သား လေလွင့်ပြီး ပုပ်တဲ့ဧရိယာ များတာ တွေ့နိုင်ပါတယ်။

ဘယ်ညာတူစေ
*********
ပက်တန်တွေကို ပိတ်စပေါ်ခင်းတဲ့အခါ true bias နှစ်မျိုး ပါဝင်နေတယ်ဆိုတာ သတိရပါ။ တိုင်ချည်ရဲ့ bias နဲ့ ဖောက်ချည်ရဲ့ bias တို့ဖြစ်ပြီး ချည်တွေအကြား ရှိနေတဲ့ နေရာလွတ် စတုရန်းကွက်ကို ဒိုင်းမွန်းပုံဖြစ်အောင် ဆန့်ထွက်တယ်။ ဒီတော့ အဲဒီ bias နှစ်မျိုးက တစ်ခုကိုတစ်ခု ထောင့်မှန်ကျနေတယ်။ ဒီတော့ ပက်တန်ဖြတ်ရင် ပက်တန်နှစ်ခု တစ်ခုနဲ့တစ်ခု ထောင့်မှန်ကျကျ နေရာချပြီး ဖြတ်မှ အဆင်ပြေတယ်။ အပြိုင်ပြုပြီး ပက်တန်နှစ်ခုကို ချပြီး ဖြတ်မယ်ဆိုရင် ချုပ်ထားတဲ့ အ၀တ်အစားဟာ bias ကြောင့် လိန်နေလိမ့်မယ်။ လှိုင်းလေးတွေ ခုံးထနေလိမ့်မယ်။ ပုံမှာ လေးခြမ်းစပ်တဲ့ ပက်တန်မှာ ထောင့်မှန်ကျအောင် နေရာချပြထားတာ သတိပြုစေလိုပါတယ်။
တကယ်လို့ ရှေ့တခြမ်းနောက်တခြမ်း နှစ်ခြမ်းစပ်မယ်ဆိုရင်လည်း အဲဒီနှစ်ခြမ်းကို ထောင့်မှန်ကျကျ နေရာချကြတယ်။ နှစ်ခုအကြား bias တွေ အပြန်အလှန်ဖြစ်နေစေပါတယ်။

 

bias front back 1bias front back 2


ဘယ်ညာတန်းစေ
*********
အခုပုံမှာ ပက်တန်တွေမှာ အနီရောင် မျဉ်း နှစ်ကြောင်းကို ဘေးနှစ်ဖက်ထိအောင် အပြည့်ဆွဲထားတာ တွေ့ရမယ်။ အဲဒီမျဉ်းနေရာတွေက ပက်တန်လေးခုစလုံးမှာ နေရာ အတူတူပဲ။ အစင်းကြောင်း ပါတဲ့ ပိတ်သားပေါ် နေရာချတဲ့အခါ အဲဒီ ပက်တန်ပေါ်က လိုင်းနီတွေနဲ့ ပိတ်သားက အစင်းကြောင်း တည့်တည့်တန်းတန်း ဖြစ်အောင် ပက်တန် လေးခုစလုံးမှာ ဂရုစိုက်ရမယ်။ အဲဒါမှ တစ်ပိုင်းနဲ့တစ်ပိုင်း ဆက်စပ်ပြီး ချုပ်လိုက်တဲ့အခါ လိုင်းတွေက တည့်တည့်တန်းတန်းဖြင့် တစ်လိုင်းတည်းအဖြစ် မြင်ရစေမှာ ဖြစ်ပါတယ်။
အဲဒီလို လုပ်ဖို့အတွက် ပက်တန်တစ်ခုကို ချခင်းပြီး လိုင်းနီနှစ်ခုကို ပိတ်သားက အစင်းကြောင်းတွေနဲ့ တည်တည့်တန်းတန်း ဖြစ်အောင် ရေးဆွဲတယ်။ ပြီးတဲ့အခါမှာ အဲဒီပက်တန်ပေါ်က နေရာနှစ်ခုအတိုင်း ကျန်တဲ့ပက်တန်တွေမှာ လိုင်း ၂လိုင်း ဆွဲသားပါတယ်။
ပိတ်သားမှာ လိုင်းအစင်းမဟုတ်ဘဲ တခြားပုံတွေဆိုရင်လည်း အခုလို ရည်ညွှန်းဖို့ အဆင်ပြေမယ့်ဟာမျိုးကို မျဉ်းနှစ်ကြောင်း ပက်တန်ပေါ်ဆွဲဖို့အတွက် ရည်ညွှန်းမှတ်အဖြစ် အသုံးပြုနိုင်ပါတယ်။


ချုပ်ရိုး
***
bias cut ကို ချုပ်ထားတဲ့ အ၀တ်အစားရဲ့ အထည်သားက အရုန်းအဆန့်တွေ ရှိနေတယ်။ ဒီတော့ ချုပ်ရိုးက အလိုက်သင့် လိုက်မဆန့်ပေးနိုင်ရင် ချုပ်ရိုး ပြုတ်ထွက်ကုန်မယ်။ အဲဒီတော့ zigzag ခပ်ကျဉ်းကျဉ်း ချုပ်ရိုးကို သုံးကြတယ်။ အပ်ချုပ်စက်မှာ သုည ဒဿမ ၅ မီလီမီတာ ချိန်ထားပြီး ချုပ်တယ်။ ၂မီလီမီတာ ၂ မီလီမီတာခွဲ တစ်ဖြတ်စီ ချုပ်တယ်။

 

narrow zigzag stitch

ချုပ်တဲ့အခါ အစကို ဆွဲပြီး ချုပ်ကြလေ့ရှိတာကို ရှောင်ကြဉ်ရမယ်။ ကိုယ့်ဘက်ကို ဆွဲဆွဲ ကိုယ်နဲ့ ဝေးရာဘက်ဆွဲဆွဲ အထည်သားက ရှည်ဆန့်ထွက်လိမ့်မယ်။ အဲဒီလို ဖြစ်နေတုန်း ချုပ်မိရင် ချုပ်သားမှာ အတွန့်ကလေးတွေ တွန့်နေလိမ့်မယ်။ အဲလို မဖြစ်အောင် အစကို အသာ ဖွဖွလေး ထိန်းကျောင်းပေးပြီး ချုပ်ကြရတယ်။

ချုပ်သား အစထွက်နေတာကို ပြားကပ်အောင် မီပူနဲ့ လိုက်ဖိပေးရမယ်။ မီးပူကို ရှေ့နောက် ရွေ့ပြီး တိုက်တာ မလုပ်ရဘူး။ တိုက်ရင် ပုံပျက်ကုန်လိမ့်မယ်။

ဒေါက်ထည့်ပြီး ပုံဖော်ထားတဲ့နေရာမျိုးတွေမှာလည်း မီးပူဦးချွန်နဲ့ လိုက်ဖိပေးရမယ်။ မတိုက်ရဘူး။
အခုလို bias cut နဲ့ ချုပ်ထားတဲ့ အ၀တ်အစားကို ချိတ်နဲ့ ချိတ်ပြီး မထားရဘူး။ အ၀တ်ဘီဒိုထဲမှာ အသာဖွဖွခေါက်ပြီး အပြားပြင်ညီအလိုက် တင်ထားပေးရမယ်။ ချိတ်ထားရင် မလိုလားအပ်တဲ့ အိကျရှည်ဆန့်တာတွေ ဖြစ်ပွားတတ်တယ်။

 

ကျန်းမာရွှင်လန်းပါစေ

ချက္က၀ါ
CKW

Read 6118 times
Rate this item
(2 votes)