What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အွန်လိုင်းဖက်ရှင်လုပ်ငန်းငယ်တွေအတွက် အကြံပြုချက် (၉) ချက်

အွန်လိုင်းမှာ အ၀တ်အစားတွေ တင်ရောင်းကြတာမှာ သူများတွေ ထုတ်လုပ်တဲ့ အ၀တ်အစားတွေကို တစ်ဆင့်ယူပြီး ပြန်ရောင်းကြတာတွေ ရှိသလို ကိုယ်တိုင်ကိုယ်ကျ ဒီဇိုင်းထုတ်ပြီး ချုပ်လုပ်ကာ ရောင်းချကြသူတွေလည်း ရှိပါတယ်။


Jenny Wang က Petite Studio အမည်နဲ့ တစ်နိုင်တစ်ပိုင် ဖက်ရှင်လုပ်ငန်းငယ်ကို စတင်ခဲ့တယ်။ ယခုအခါ သက်တမ်း ၂ နှစ်ရှိပြီ။ သူက အရပ်အမြင့် ၅ပေ ၄လက်မ နဲ့ အောက် ရှိတဲ့ အမျိုးသမီးတွေအတွက် အ၀တ်အစားတွေ ထုတ်လုပ်ရောင်းချတယ်။
ထက်အောက် ဆင်တူဝတ်စုံ၊ အပေါ်ခြုံ၊ ဘောင်းဘီ၊ စကပ် စတာတွေ ထုတ်လုပ်တယ်။ အရွယ်အစားကို ပိန်ပိန်သွယ်သွယ်မှ plus-size အထိ ထုတ်လုပ်တယ်။

၂၀၁၆ ခုနှစ် သြဂုတ်လမှာ Petite Studio ကို စတင်ခဲ့တာမှာ ခင်ပွန်းဖြစ်သူ Matthew Howell က စီးပွားရေးလုပ်ငန်းပိုင်းကို ဦးစီးလုပ်ကိုင်ပေးပြီး Wang က အ၀တ်အစားတွေ ထုတ်လုပ်တဲ့အပိုင်းကို တာဝန်ယူတယ်။ အခုဆိုရင် Petite Studio ရဲ့ Instagram မှာ followers တွေ 22.7k ရထားပြီ ဖြစ်ပါတယ်။
Wang က သူ့လို တစ်နိုင်တစ်ပိုင် ဖက်ရှင်လုပ်ငန်းငယ် လုပ်ကိုင်သူတွေအတွက် သူ့ အတွေ့အကြုံတွေမှ ရရှိထားတဲ့ အကြံပေးချက် ၉ ချက်ကို မျှဝေထားပါတယ်။ သူက လက်တွေ့ကျကျ ပြောပြထားတာတွေကို ဖော်ပြပေးထားပါတယ်။

၁။ ကိုယ်ပိုင်လုပ်ငန်းစဖို့ အများကြီး ချမ်းသာဖို့ မလိုဘူး
ဘယ်အွန်လိုင်းမှာ သက်သက်သာသာဖြင့် ကိုယ့်ဖက်ရှင်တွေကို တင်ရောင်းရမလဲ။ တချို့က ရာခိုင်နှုန်း ကော်မရှင်ယူတာ များပေမဲ့ လောလောဆယ် ကိုယ်က စိုက်ထုတ်ကုန်ကျရခြင်း မရှိဘူးဆိုရင် အဲဒီ အွန်လိုင်းအရောင်းဆိုင်ကို ရွေးချယ်သင့်တယ်။ ပုံတွေအတွက် ငွေကုန်ကြေးကျ မခံပါနဲ့။ မော်ဒယ်ငှားဖို့ မလိုပါဘူး။ ဈေးကြီးတဲ့ ဓာတ်ပုံဆရာဆိုတာကလည်း နောင်တစ်ချိန် အောင်မြင်တော့မှ သုံးပါ။ အသင့်ချုပ်ပြီးသား အ၀တ်အစားတွေ အမျိုးအမည် စုံစုံနဲ့ လိုမယ်ထင်သလောက် အရေအတွက်ကိုပဲ ချုပ်ထားပါ။ ဖက်ရှင်ဆိုတာက စီးဆင်းနေတယ်။ ဒီရာသီမှာ ရောင်းကောင်းတာက နောက်ရာသီမှာ လှည့်ကြည့်မယ့်သူ မရှိတော့တာ ကြုံရနိုင်တယ်။


၂။ ၀ယ်လိုသူတွေက ဘယ်လိုဟာမျိုး လိုချင်တာလဲ

ဝယ်လိုသူတွေ တကယ်လိုအပ်တာကို ဒီဇိုင်းထုတ်ပြီး ချုပ်လုပ်ရောင်းချပါ။ ရာသီအလိုက် ရောင်းနိုင်ဖို့ ကြိုတင်ကြံစည်ပါ။ ကျောင်းဖွင့်ခါနီးမှ ကျောင်းဝတ်စုံတွေ ဒီဇိုင်းထုတ်တာ စမလုပ်ပါနဲ့။ နွေရောက်လို့ ပူအိုက်တော့မှ အေးအေးလူလူ ၀တ်စရာတွေ ဒီဇိုင်းမထုတ်ပါနဲ့။ အစောကတည်းက ကြိုလုပ်ထားပါ။ ဘယ်သူတွေကို အဓိက အားထားမလဲဆိုတာ ရွေးချယ် သတ်မှတ်ထားပါ။ အားလုံးအတွက် လိုက်လုပ်ပေးနိုင်လောက်အောင် ကိုယ့်လုပ်ငန်းက အရွယ်အစား မကြီးဘူး။ ကျွန်မဆိုရင် အရပ် ၅ပေ ၄ လက်မအောက် အရပ်အမြင့်ရှိသူတွေအတွက်ပဲ လုပ်တယ်။

၃။ လူနည်းနည်းနဲ့ လုပ်ကိုင်ပါ

ကျွန်မ လုပ်ငန်းစတော့ နှစ်ယောက်ပဲ ရှိတယ်။ တစ်ယောက်က ကျွန်မ။ နောက်တစ်ယောက်က ဒီဇိုင်နာ မိန်းကလေးတစ်ယောက်။ ကံကောင်းတာက သူက ဘက်စုံရတယ်။ ဂရပ်ဖစ် ဒီဇိုင်း၊ fit model ပြီးတော့ ဓာတ်ပုံရိုက်တာ အဲဒါတွေ လုပ်တတ်တယ်။ ဆိုရှယ်မီဒီယာလည်း ရတယ်။ အခုနှစ်နှစ်ကြာပြီးချိန်မှာ ကျွန်မ အပါအ၀င် လူ ၁၀ ယောက်နဲ့ လုပ်ကိုင်နေတယ်။

၎။ စလိုက်ဖို့ပဲ
အလွန်အရေးကြီးတာ လူတွေ လိုက်ရှာပြီး စုဆောင်းနေဖို့ဆိုတာ ထင်ထားသလို မလွယ်ဘူး။ ရှိတဲ့သူနဲ့ စလိုက်ဖို့က အရေးကြီးတယ်။ အစီအစဉ်ချနေတာ ကြာနေရင် တကယ်ထလုပ်ဖြစ်တဲ့အဆင့် ရောက်မလာတာတွေ များတယ်။ ဒီတော့ စလုပ်လိုက်ပါ။ လုပ်ရင်းနဲ့ သွားရမယ့် လမ်းကြောင်းတွေ တွေ့မယ်။ အဆက်အသွယ်တွေ တိုးမယ်။ လုပ်ကြည့်လိုက်မှ တကယ်သိသွားတာတွေ ရှိမယ်။

၅။ ချုပ်မယ့်နေရာ အရေးပါတယ်
ကိုယ့်ဒီဇိုင်း ကိုယ်တိုင်ချုပ်တာက တစ်ယောက်စ နှစ်ယောက်စ ချုပ်ပေးတာပဲ အဆင်ပြေမယ်။ များများချုပ်ပြီး ရောင်းမယ်ဆိုရင် ကိုယ်တိုင် အထည်ချုပ်လုပ်ဖို့ စိတ်မကူးစေချင်ဘူး။ အလော်တော် အရွယ်အစားရှိတဲ့ အထည်ချုပ်လုပ်ငန်းဆီမှာ အလုပ်အပ်နှံပြီး ချုပ်ရမယ်။ ချုပ်တဲ့ဆီကို အချိန်မရွေး ထသွားလို့ ရနိုင်မယ့်နေရာကို ရွေးပါ။ လုပ်ငန်းစခါစမှာ နေ့တိုင်းလိုလို သွားကြည့်ပေနေဖို့ လိုမယ်။ နှစ်ဦးနှစ်ဖက် အချိတ်အဆက်မိပြီး မျက်နှာလွှဲထားနိုင်တော့မှ ရက်ခြား သွားကြည့်ပါ။ သူတို့ ချုပ်ပေးတဲ့ လက်ရာကို ကိုယ်က ရောင်းရမှာဆိုတော့ ချုပ်မယ့်နေရာက အရေးပါတယ်။

၆။ နည်းလမ်းအသွယ်သွယ်ဖြင့် လူသိအောင်လုပ်ပါ။ ရောင်းပါ။

facebook မှာ တင်ရုံဖြင့် မလုံလောက်ဘူး။ Instagram မှာလည်း တင်ပြပါ။ အွန်လိုင်း အရောင်းဆိုင်တွေမှာ တင်ရောင်းနိုင်အောင် ကြိုးစားအားထုတ်ပါ။ အ၀တ်အစားကို ပြသရင် ၀တ်ဆင်ထားပုံကို ရှေ့နဲ့နောက် ပြသပေးနိုင်ရင် အကောင်းဆုံးပဲ။ ပြားချပ်ချပ်ကြီး ချိတ်မှာ ချိတ်ပြရင် အသက်မ၀င်ဘူး။ ၀တ်လိုက်ရင် ဘယ်လိုနေမလဲဆိုတာ လူတွေက သိချင်ကြတယ်။ သူတို့ သိချင်တာကို သိသွားမှ ကိုယ့်ဖက်ရှင်ကို တကယ်လူသိတာ ဖြစ်ပါတယ်။

၇။ ဘယ်သူတွေကို ရောင်းချင်တာလဲ
လူတိုင်းအတွက် ထုတ်လုပ်နိုင်ရင်တော့ အကောင်းဆုံးပဲ။ ဒါပေမဲ့ လုပ်ငန်းငယ် အသစ်တစ်ခုအဖို့တော့ ဘယ်သူတွေကို ဦးတည်ချက်ထားမလဲ ရွေးချယ်ထားဖို့ လိုမယ်။ အဲဒီလို ရွေးချယ်ထားတာအရ ဆိုရှယ်မီဒီယာမှာ လူသိများအောင် ဖက်ရှင်တွေကို ပြသပေးရမယ်။

၈။ စီးပွားရေးအပိုင်း လေ့လာဆည်းပူးပါ

သင်ဆရာ မြင်ဆရာတွေကို လေးစားပါ။ စီးပွားရေးအရ အောင်မြင်ဖို့ဆိုတာကို ခေါင်းထဲ အမြဲထည့်ထားပါ။ ကိုယ့်ဒီဇိုင်း ကိုယ့်လုပ်ငန်းမှာ ကိုယ့်စိတ်ကြိုက် ချုပ်ပြီး ရောင်းဖို့ထက် ၀ယ်ဝတ်တဲ့သူတွေရဲ့ နေ့စဉ်ဘ၀မှာ ကြုံရတဲ့ အခြေအနေတွေနဲ့ ဆီလျော်ဖို့ကို ဦးစားပေးပါ။ ဘယ်ဟာတွေ ဘယ်နှစ်ထည် ရောင်းရသလဲ မျက်ခြည်မပြတ် စာရင်းရှိနေအောင် လုပ်ထားပါ။ အပိုတွေ မချဲ့ပါနဲ့။ စစ်စစ်စီစီ ရှိပါစေ။ အခုခေတ်က အွန်လိုင်းခေတ်ဆိုတော့ ဆိုင်အထိုင် ဖွင့်မယ်ဆို ပြန်စဉ်းစားပါ။

၉။ ပြန် သုံးသပ်ပါ။
နှစ်လတစ်ကြိမ် သုံးလတစ်ကြိမ် စာရင်းစစ်ကြည့်ပါ။ ၀င်ငွေ ထွက်ငွေ ဆန်းစစ်ပါ။ ဘယ်ဟာမျိုးတွေ အလုပ်ဖြစ်သလဲ။ ဘယ်ဟာက များများ ရောင်းရသလဲ။ ဘယ်ဟာက ကိုယ့်အတွက် အမြတ်များများ ကျန်သလဲ စတာတွေ စာရင်းလုပ်ပါ။ သူများတွေကို အားကျပြီး လိုက်မလုပ်ပါနဲ့။ ကိုယ့်အခြေအနေအရ ဘယ်ဟာက အကောင်းဆုံးဖြစ်မလဲ ဆိုတာအရ လုပ်ကိုင်ပါ။

Read 1240 times
Rate this item
(1 Vote)