What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဘရာ တွေ ကြာရှည်ခံအောင် ဘယ်လိုထိန်းသိမ်းမလဲ တွေ ကြာရှည်ခံအောင် ဘယ်လိုထိန်းသိမ်းမလဲ

ဘရာ ဆိုတာဟာ မိန်းကလေး တစ်ယောက်အတွက် အ၀တ်အထည် အစိတ်အပိုင်းတစ်ခုထက် ပိုအရေးပါပြီး အဓိပ္ပာယ် ရှိပါတယ်။

ဒါကြောင့် ပျိုမေတို့အားလုံး ဘရာတွေကို လျှော်ဖွတ်သန့်စင်တဲ့အခါနဲ့ သိမ်းဆည်းတဲ့အခါတွေမှာ ဂရုပြုသင့်တဲ့ ဆောင်ရန်၊ရှောင်ရန် အချက်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

တတ်နိုင်သမျှ လက် နဲ့ လျှော်ပေးပါ။

ဈေးကြီးပေးဝယ်ရတဲ့ တန်ဖိုးကြီးဘရာတွေ အ၀တ်လျှော်စက်ထဲ ထည့်လျှော်မိလို့ ပျက်စီးသွားရတဲ့အဖြစ် မိန်းကလေး အနည်းနဲ့အများဆိုသလို ကြုံဖူးကြပါလိမ့်မယ်။ ဒါကြောင့် ဇာတွေနဲ့ အနုစိတ် အလှဆင်ထားတဲ့ တန်ဖိုးကြီးဘရာတွေကို လက်ကလေးနဲ့ပဲ ညင်ညင်သာသာ ပွတ်သပ် လျှော်ဖွတ်သင့်ပါတယ်။ ရေအေးနဲ့သာ လျှော်ဖွတ်သင့်ပြီး ပြင်းလွန်းတဲ့ ဆပ်ပြာမှုန့်တွေနဲ့ အရောင်ချွတ်ဆေးတွေ မသုံးမိစေဖို့ ဂရုပြုသင့်ပါတယ်။ ဒါဟာ ဘရာတွေကို ပုံမပျက်ဘဲ ကြာရှည်ခံ အောင် ထိန်းသိမ်းနိုင်မယ့် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

မှန်ကန်စွာ သိမ်းဆည်းပါ။

တစ်နေ့တာလုံး ၀တ်ထားရတဲ့ အတွင်းခံ တွေကို အိမ်ရောက်တဲ့အခါ ချွတ်ပြီး ပစ်လိုက်ရတဲ့ အရသာဟာ မိန်းကလေးတိုင်း အတွက် ပြောမပြနိုင်တဲ့ လွတ်လပ်မှုတစ်ခု ဖြစ်ပါတယ်။ သို့ပေမယ့်လည်း တွေ့ကရာနေရာကို ကောက်ပစ်လိုက်ပြီး ရောက်ချင်တဲ့နေရာမှာ တို့လို့တွဲလောင်း ဖြစ်နေတာမျိုးတော့ မသင့်ပါ။ သင့်ဘရာတွေကို အ၀တ်ဗီရိုရဲ့ အကန့်တစ်ခုမှာ သပ်သပ်ထားနိုင်သလို အမျိုးအစားအလိုက် ခွဲခြားပြီးလည်း သပ်ရပ်စွာ ထားနိုင်ပါတယ်။ ဥပမာအားဖြင့် အုံပါတဲ့ ဘရာတွေကို အထပ်လိုက် စီပြီးထားနိုင်သလို အုံမပါတဲ့ အုံပျော့ချည်သားဘရာတွေကိုတော့ သပ်သပ်ရပ်ရပ် ခေါက်ပြီး သိမ်းနိုင်ပါတယ်။

မကြာခဏ လျှော်ဖွတ်ပေးပါ။

ဘရာ တစ်ထည်ကို ဘယ်နှခါဝတ်ပြီး ဘယ်အချိန်မှာ လျှော်ဖွတ်မယ်ဆိုတာကတော့ သင့်ရဲ့ တစ်ကိုယ်ရည် ကျန်းမာရေး ဂရုစိုက်မှုအပေါ်မှာ မူတည်ပါတယ်။ ကျွမ်းကျင်သူများကတော့ ဘရာတစ်ထည်ဟာ သုံးလေးခါလောက် ၀တ်ပြီးရင် လျှော် သင့်တယ်လို့ ဆိုထားပါတယ်။ အားကစားဘရာတွေဆိုရင်တော့ တစ်ခါဝတ်ပြီးတိုင်းမှာ ရေအေးနဲ့ ဆေးကြောပေးသင့်ပါ တယ်။

သဘာဝအတိုင်း ခြောက်သွေ့အောင် လှမ်းပါ။

ဘရာတွေဟာ လက်နဲ့ လျှော်ဖွတ်သင့်သလိုပဲ ခြောက်သွေ့အောင် လုပ်တဲ့အခါမှာလည်း အ၀တ်ခြောက်စက် ကို အသုံး မပြုသင့်ဘဲ သဘာဝအတိုင်းသာ ခြောက်တဲ့အထိ လှမ်းထားသင့်ပါတယ်။ အ၀တ်ခြောက်စက် တွေက ထွက်ရှိလာတဲ့ ပြင်းထန်လွန်းတဲ့ အပူရှိန်ဟာ သင့် ဘရာ ရဲ့ နူးညံ့မှု နဲ့ အုံအတွင်းပိုင်းအသားတွေကို ပျက်စီးစေနိုင်ပါတယ်။ အကောင်းဆုံး ဘရာလှမ်းနည်းကတော့ အင်္ကျီချိတ်ပေါ်မှာ ခေါက်ချိုးညီလှမ်းခြင်းပါပဲ။

သုံးလေးလတစ်ခါ ဘရာ အသစ်နဲ့ လဲပေးပါ။

ဒါဟာလည်း သင့်ရဲ့ ၀တ်ဆင်မှုအပေါ် မူတည်ပါတယ်။ ကျွမ်းကျင်သူများကတော့ ဘရာ တစ်ထည်ကို နေ့စဉ်နေ့တိုင်း ၀တ်ဆင်ပါက သုံးလေးလ ကြာတဲ့အခါ အသစ်တစ်ထည်နဲ့ လဲလှယ်ဝတ်ဆင်သင့်တယ်လို့ ဆိုထားပါတယ်။ ဘရာကြိုးများ လျော့ရဲလာခြင်း၊ ချိတ်များ ပြုတ်ထွက်လာခြင်းနဲ့ အုံများ ပုံပျက်လာခြင်းဟာ ဘရာအသစ် လဲလှယ်သင့်ကြောင်း ပြသနေတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

ပျိုမေ တို့အားလုံးပဲ ကျန်းမာရေး နဲ့ ညီညွတ်ပြီး သန့်ရှင်းလှပတဲ့ ဘရာလေးတွေကို ထိန်းသိမ်းပိုင်ဆိုင်နိုင်ကြပါစေ။

source:antymay

Read 1670 times
Rate this item
(1 Vote)