What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပိုးထည် ပြုလုပ်ပုံအဆင့်ဆင့်

ပိုးထည် ပြုလုပ်ပုံအဆင့်ဆင့် google

လှပပြီး ပွဲလည်တင့်တဲ့ ပိုးထည်တစ်ထည် ဖြစ်လာဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ကုန်ကြမ်းကနေ ကုန်ချော အဆင့်ဆင့်မှာ တက်သိနားလည်သော ပညာရှင်များရဲ့

အားစိုက်မှုများစွာ နဲ့ဖန်တီးကြရပါတယ်။

ပိုးထည်တစ်ထည် ဖန်တီးဖို့အတွက် ရှေးဘုရင်ခေတ်ကနေ ယခုခေတ်ထိ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာသော နည်းပညာများစွာကို လေ့လာရပါတယ် အဆင့်များစွာ ဖန်တီးရတဲ့ ပိုးထည် တစ်ထည်အတွက် သက်ဆိုင်သော အဆင့်မှ ပညာရှင်များ (ပညာသင်များ) အချင်းချင်းလဲ ချိတ်ဆက်ရပါသေးတယ်။ အဆင့်တိုင်း အရေးပါတဲ့ အတွက် အတိမ်းအစောင်း ဖြစ်ခဲ့ရင် အထည် အရည်အသွေး အထည် ဒီဇိုင်း ညံ့တက်တဲ့ အတွက် များစွာ ဂရုပြုကြရပါတယ်။

အဆင့်(၁)
ပိုးထည် ဖြစ်ပေါ်လာဖို့ အဓိက ကုန်ကြမ်းများဖြစ်တဲ့ ပိုးချည်မျှင်ထုတ်ပေးတဲ့ ပိုးကောင်လေးတွေက လိပ်ပြာမျိုးနွယ်ဝင်ပါတဲ့။ သူတို့ကို ပိုးစာရွက်တွေ ကျွေးရပါတယ်။

သူတို့ရဲ့ သက်တမ်းအဆင့်ဆင့် ပြောင်းလဲမှု ထဲက တစ်ဆင့်မှာတော့ ပိုးချည်အိမ်ဖွဲ့၍ သူတို့ကိုသူတို့ အလုံပိတ်ပြီး အချိန်တန်ရင် လိပ်ပြာ ဖြစ်လာမှာပါ။ (အရောင်စုံ လှပတဲ့ လိပ်ပြာတော့ မဟုတ်ဘူးပေါ့)

တကယ်တော့ ပိုးချည်မျှင်ဆိုတာ သူတို့ ခန္ဓာကိုယ်ရဲ့ ၃ ပုံ တစ်ပုံ လောက် ရှိတဲ့ ဂလင်း ၂ ခု မှတဆင့် ပိုးကောင်လေးတွေရဲ့ ပါးစပ်ကနေ ထွက်ကျလာတဲ့ အရည်ပါ။ အဲဒီ အရည်တွေ က အပြင်လေနဲ့ ထိတွေ့တဲ့အခါ ခဲသွားပြီး အမျှင်လေးတွေ ဖြစ်သွားတာပါ။ အဲဒီ အမျှင်လေးတွေ ပူးကပ်သွားစေဖို့ နောက်ထပ် အရည်တစ်မျိုးကိုလဲ ပိုးကောင်လေးရဲ့ ခန္ဓာကိုယ် က ထုတ်ပေးပါသေးတယ်။

ပိုးဥ အိမ်ကနေ အမျှင်မှ ချည်မျှင်ထုတ်ရအောင် ရေနွေးနဲ့ ပြုတ်ရပါတယ်။ ရေနွေးနဲ့ ပြုတ်ပြီးမှ ပိုးချည်မျှင်ကို ဆက်လက် ထုတ်ယူရပါတယ်။ ပိုးဥအိမ် တစ်ခုကနေ ရရှိတဲ့ ပိုးချည်မျှင်က ၁ ကီလိုမီတာ လောက် ရှည်ပါတယ်။ ရေနွေးနဲ့ ပြုတ်လိုက်ရင် အတွင်းက ပိုးကောင် သေသွားပါတယ်။ သူ့အိမ်ကို လိုလို့ သူ့ ကို သတ်ရတဲ့ နည်း က ရက်စက်ရာကျလို့ တခြားနည်းနဲ့ စဉ်းစားပေမယ့် မရပါဘူး။ သူ့အိမ်က ချည်မျှင်ကို ယူရင်ပဲ သူအသက်ဆက်မရှင်နိုင်တော့ပါဘူး။ သူ့အိမ်က ထွက်ပြီး လိပ်ပြာမျိုးနွယ် အဖြစ် ရှင်သန်လဲ သက်တမ်း မရှည်နိုင်ပါဘူး။

ပိုးချည်မျှင်ထုတ်လုပ်မှု နောက်ဆုံး အဆင့်အနေနဲ့ ပိုးချည်ခင်ကို ရရှိပါတယ်။

အဆင့် (၂)
အထည် ဖြစ်ဖို့ အတွက် ကုန်ကြမ်းဖြစ်တဲ့ ပိုးချည်ခင်ကို ဒီအတိုင်း သုံးလို့ မရသေးပါဘူး။ ခိုင်ခံ့မှု ပိုစေဖို့ အတွက် ပိုးချည်မျှင်ကို ၄ ပင် ပူးပြီး ကျစ်ရပါသေးတယ်။ ပိုးချည်မျှင် ကျစ်ဖို့ ဦးစွာ ရစ်လုံးနဲ့ ပိုးချရပါတယ်။

ဒါကတော့ ပိုးချည်မျှင် ကုန်ကြမ်းအတွက် နောက်ဆုံး အဆင့်ပါ။ ပိုးထည် ယက်လုပ်ဖို့ အတွက် ပိုးချည်မျှင် (Raw) ရရှိပါပြီ။

အဆင့် (၃)
ရရှိလာတဲ့ ပိုးချည်မျှင်ကို အရောင်သွေးစုံပြီး လှပစေဖို့ အရောင်ဆိုးရပါတယ်။ အရောင်ဆိုးတဲ့ အခါမှာလဲ ပိုးမွှားရှိတဲ့ ချေးကို သဘာဝနည်းနဲ့ချွတ်ရပါတယ်။ ချေးချွတ်မှသာ အရောင်ဆိုးတဲ့အခါ တောက်ပြောင် လှပစေတာပါ။

ပိုးချည်မျှင်က နူးညံ့တဲ့အတွက် ဓါတုပစ္စည်းများနဲ့ လုံးဝ (လုံးဝ) ချေးချွတ် လို့မရပါဘူး။ အပူပိုင်းဒေသက ဆပ်ပြာဓာတ်ပါတဲ့ ဒေသအခေါ် ဆပ်ပြာကြမ်းကို ပိုးချေးချွတ်ဖို့အတွက် အသုံးပြုရပါတယ်။

ဆပ်ပြာကြမ်းကို စဥ့်အိုးထဲ ထည့် ရေနဲ့ သမအောင် မွှေပြီး အနည်ထိုင်အောင် တစ်ညသိပ်ရပါတယ်။ အနည်ထိုင်ပြီး ရလာတဲ့ အပေါ်ယံရေကြည်ကို ပိုးချေးချွတ်ဖို့အတွက် အသုံးပြု ရပါတယ်။ သဘာဝ ဆပ်ပြာကြမ်းရည်နှင့် ရွှေဝါ ဆပ်ပြာ ကို ရောပီး ဆူအောင် တည်ရပါတယ်။ မီးအားပြင်းပြင်းနဲ့ တည်ရပါတယ်။ ပြီးလျှင်တော့ လိုအပ်သော အရောင် ကို စပ်ပြီး ပိုးချည်မျှင်ကို မိနစ် ၃၀ မှ မိနစ် ၄၀ ကြာ အရောင်သွေးပေါ် မူတည်ပြီး ပြုတ်ရပါတယ်။

မီး အချိန် အစ နဲ့ လိုအပ်သော ဆေးပမာဏ ကို အတိအကျ လုပ်မှသာ ဆေးခိုင်ပြီး အသွေးအရောင် တောက်ပြောင်စေပါတယ်။

ဆိုးထားသော အရောင်ကို ညှစ်ထုတ်စဉ် ရှေးမှ အဆင့်ဆင့် လက်ဆင့်ကမ်းလာသော နည်းများအရ အသံကို နားထောင်ရပါတယ် ( ဒေါင်ဒေါင်မြည်မှ အိုး ဆိုသကဲ့ သို့ ရေအိုးဝယ်လျှင်  အိုးအသံ နားထောင်တဲ့ သဘောကဲ့သို့ပါ)
ပိုးချည်မျှင်ကို လိမ်ညှစ်စဉ် ထွက်ကျလာသော အသံ (ကျစ် ကျစ် ) ဆိုသော အသံ မြည်မှ သာ ပိုး အရောင် ခိုင်မာ တောက်ပြောင် စေပါတယ်။

ပြီးလျှင်တော့ ဆေးများကို ရေဖြင့် ပြောင်အောင် လျှော်ထုတ် ရပါတယ်။ ပိုးချည်မျှင်ကို ရေလျှော်ပြီး ရေများကို စင်အောင် ညှစ်ထုတ် ရပါတယ်။ ရေမစင်လျှင် ပိုးချည်မျှင်များ လုံးထွေး သောကြောင့် ရေစင်အောင် ညှစ်ထုတ်ပြီး ပြန့်နေအောင် ခါရပါတယ်။ သို့မှသာ အသုံးပြု သူ ( ယက္ကန်းသမား)များအတွက် အဆင်ပြေစေတာ ဖြစ်ပါတယ်။

ရေညှစ် သန့်စင်ပြီးသော ပိုးများကို ခြောက်သွေ့အောင် နေလှမ်းအခြောက်ခံရပါတယ်။ အခြောက်ခံစဉ်မှာ လဲ အရောင်သွေး ပေါ် မူတည်ပြီး တချို့ကို နေရောင်ပြပြီး တချို့ကို လေသလပ်ခံရပါတယ်။

အဆင့်(၄)
အရောင်ဆိုးပြီးသော ပိုးချည်မျှင်များကို အတိုင်ပင်( ခြားပုပ်ရန်) အတွက် ပိုးချည်မျှင်ကို ရစ်လုံးဖြင့် ပိုးချည်ချရပါတယ်။

ထို့နောက် ရစ်လုံးများကို စဉ်ပီး အတိုင်ပင်အတွက် ခြားပုပ်ရပါတယ်။ အတိမ်းအစောင်းဖြစ်ခဲ့လျှင် အထည် ဒီဇိုင်းနှင့် အထည် ယက်လုပ်သော ပညာရှင် အခက်တွေ့စေတဲ့ အတွက် များစွာ ဂရုပြုကြရပါတယ်။

အဆင့် (၅)
ခြားပုပ်ပြီး လိပ်လုံးရလာလျှင် အတိုင်ပင် အလွှာ ချဲ ရန်နှင့် အစိပ် အကြဲ ညီရန် အတွက် နှပ်ကော်ရပါတယ်။ အတိုင်ပင်တွေ ကို အစိတ်အကြဲ ညီ အောင် ထိန်းပေးဖို့ ယသွား ဆိုတဲ့ ထဲ အထက်ပင် အောက်ပင် ၂ ပင် ထည့်ရပါတယ်။ နှပ်ဆိုတာ ကတော့ အတိုင်ပင်တွေ ကို အလွှာ ခွဲ ပေးရတာ ပါ ( ၂ လွှာ / ၄ လွှာ / ၆ လွှာ ) ဒီဇိုင်းပေါ် မူတည်ပြီး ချဲရတာပါ။

အလွှာချဲ မှ ယက်လုပ်တဲ့ အဖေါက် ပိုးချည် ညှပ်သွားပြီး ပွန်မထပ်အောင်ပါ။  ဒါအားလုံးကို ပေါင်းပီး နှပ်ကော်တာ လို့ ခေါ်ပါတယ်။ အတိမ်းအစောင်းဖြစ်လျှင် အထည် ဒီဇိုင်း ပျက်တတ်တဲ့ အတွက် များစွာ ဂရုပြု ရပါတယ်။

အဆင့်(၆)
ပိုးထည် ယက်ရန် လွန်းငယ်လေးများထဲ ထည့်ရန်အတွက် ရစ်လုံးလေးများကို လိုအပ်သော အထည် အထူအပါးအတွက် အပင် ၈ ပင် မှ ၁၀ပင် ( လိုအပ်လျှင် ၁၃ ပင်) ပေါင်းပြီး အဖေါက်ပင် ယောက်ရပါတယ်။

အဆင့် (၇)
ထို့နောက် လိုအပ်သော ဒီဇိုင်းအတွက် ဒီဇိုင်းပညာရှင်မှ ထုတ်ယူပေးသော ပင်စား ( ပင်ကျော် ပင်ချ ) များကို တွဲစပ်ရပါတယ်။

အဆင့် (၈)
ထို့နောက် ယက်လုပ်ရန်အတွက် အရောင်အသွေးစပ်၍ ပုံဖော်လို သော ဒီဇိုင်းများ အတွက် ယက်ကန်း ပညာရှင်မှ ဒီဇိုင်းပေါ် မူတည်၍ ၁ လ မှ ၃ လ အထိ အချိန်ယူ ယက်လုပ်ရပါတယ်။

ထို့နောက်မှသာ မြန်မာလူမျိုးများ အမြတ်တနိုး တန်ဖိုးထား ဝတ်ဆင်ကြသော ပိုးစစ် လှန်းရာတွင် အချိန်များ ရရှိလာခြင်း ဖြစ်ပါတယ်။ အဆင့်တိုင်း မှာ ပညာရှင် များမှ အတိအကျ လုပ်ဆောင်ပြီး အချိန်များစွာ ဖန်တီးရတဲ့ ပိုးစစ် လှန်းရာကျော် ချိတ်များဟာ မြန်မာလက်မှု စစ်စစ် ဖြစ်ပါတယ်။ ဖန်တီးသူများ ရဲ့ စေတနာနဲ့ Idea ကြောင့် အသွင်ဆန်း လှပပြီး ပွဲလည်တင့်စေပါတယ်။ တုပထုတ်လုပ်သော Quality များစွာ Design များစွာ ရှိပေမယ့် လက်မှု ရိုးရာ အထည် ဖြင့် ပွဲ တိုင်း ပွဲလည်တင့်စေသော မြန်မာ့ရိုးရာ ပိုးစဈ လှန်းရာကျော် ချိတ်များ ကတော့ ဘယ်သူပြိုင်လို့ လှနိုင်ပါတော့မှာပါလဲရှင်။

Source: Mandalar Daily
Myanmar Textile and Garment Directory

Read 4465 times
Rate this item
(1 Vote)
Tagged under