What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အ၀တ်အစားတွေကို အံဆွဲထဲ ထောင်လိုက်သိမ်းတဲ့ အိုရီဂါမီ ခေါက်နည်း

အ၀တ်အစားတွေကို အံဆွဲထဲ  ထောင်လိုက်သိမ်းတဲ့ အိုရီဂါမီ ခေါက်နည်း google

          အ၀တ်အစားတွေ ခေါက်သိမ်းတဲ့နည်းတွေ အမျိုးမျိုးရှိတာမှာ နည်းတစ်ခုကတော့ အ၀တ်အစားတွေကို အိုရီဂါမီလို ခေါက်ပြီး သိမ်းတဲ့နည်း ဖြစ်ပါတယ်။

အိုရီဂါမီ စက္ကူခေါက် ပုံဖော်နည်းနဲ့ စက္ကူတစ်ရွက်ကို ငှက်ပုံလေးဖြစ်အောင် ခေါက်ဖူးကြမယ် ထင်ပါတယ်။ အ၀တ်အစားတွေကို ခေါက်ရင်လည်း နည်းစနစ်နဲ့ စနစ်တကျ ခေါက်မယ်၊ သိမ်းမယ်ဆိုရင် စိတ်ချမ်းသာမှု ရမယ်။ အ၀တ်အစားလည်း တာရှည်ခံမယ်။

 

 

 

330px Marie Kondō 2016 cropped

 

Marie Kondo

        အိုရီဂါမီလို အ၀တ်အစားတွေ ခေါက်တဲ့နည်းကို နည်းပေးလမ်းပြ လုပ်ပေးသူက မာရီ ကွန်ဒို  Marie Kondo ဖြစ်ပါတယ်။ သူက ဂျပန်အမျိုးသမီးတစ်ဦးဖြစ်ပြီး အိမ်မှုကိစ္စအ၀၀မှာ သန့်ရှင်းသပ်ရပ်နေစေဖို့ လုပ်ကိုင်နည်းတွေကို စာအုပ် ၄ အုပ်ကို ဂျပန်ဘာသာဖြင့် ရေးတယ်။ အကုန်လုံး bestseller ဖြစ်သွားတယ်။ ကိုရီးယား၊ တရုတ်၊ စပိန်၊ အင်ဒိုနီးရှား၊ ပြင်သစ်၊ ဂျာမန်၊ ပေါ်တူဂီ၊ အင်္ဂလိပ် စတဲ့ဘာသာစကားတွေနဲ့ ဘာသာပြန် ထုတ်ဝေခဲ့တယ်။ 

သူ့ရဲ့ နည်းလမ်းကို KonMari method ကွန်မာရီ နည်းလမ်းလို့ အမည်တွင်တယ်။ အဲဒီ ကွန်မာရီနည်းလမ်းတွေထဲမှာ အ၀တ်အစားတွေ ဘယ်လိုခေါက်သိမ်းရမလဲဆိုတာလည်း ပါပါတယ်။
ဘယ်လိုခေါက်သလဲဆိုတာ ပြောမပြခင် ဘယ်လို သိမ်းမလဲဆိုတာ ပြောပြပါဦးမယ်။

အ၀တ်အစားတွေကို ခေါက်ပြီး သိမ်းတဲ့အခါ တစ်ထည်အပေါ်မှာ နောက်တစ်ထည် ထပ်တင်ပြီး အထပ်လိုက်ပုံထားတာကို အားမပေးဘူး။ စဉ်းစားကြည့်လေ။ ကိုယ်ယူဝတ်ချင်တဲ့ အထည်က အောက်ဖက်နား ရောက်နေရင် အပေါ်ဖက်မှာ ရှိနေတဲ့ အထည်တွေကို အပုံအထပ်လိုက် မပြီး ရွေ့ရမယ်။ ကိုယ်လိုချင်တာကို ယူပြီးရင် ခုနက နေရာရွှေ့ထားတဲ့ အထည်တွေကို အပုံလိုက် ပြန်တင်ပြီး ထပ်ရဦးမယ်။ ယူထားတဲ့ တစ်ထည်ကို ကိုယ်ပေါ်မှာ ၀တ်ကြည့်ပြီး မှန်ထဲကြည့်လိုက်တော့ စိတ်ထဲ တစ်မျိုးတစ်မည်ဖြစ်လို့ နောက်တစ်ထည် ထပ်ရွေးပြီး ယူမယ်ဆိုရင်လည်း ခုနကလိုပဲ အပုံအထပ်လိုက် ဖယ်ရှားပြီး ယူရမယ်။ အပုံအထပ်လိုက် ပြန်နေရာချရပြန်ဦးမယ်။ ဒီတော့ ဘယ်လို ထားရမလဲ။

အံဆွဲထဲမှာ အ၀တ်အစားတွေကို ထောင်လိုက်ထည့်တယ်။ တစ်ထည်နဲ့ တစ်ထည် ဘေးချင်းယှဉ်ပြီး ထားတယ်။ ဒီတော့ ကိုယ်လိုချင်တဲ့အထည်ကို အသာအယာ ယူလိုက်ရုံပဲ။ အဲဒီလို ယူလိုက်လို့ ဘေးမှာ ရှိနေတဲ့ အထည်တွေ ယိုင်ကျကုန်မယ်လို့ ထင်စရာ ရှိတယ်။ မဟုတ်ဘူး။ သူ့ရဲ အ၀တ်အစားခေါက်နည်းအရ သေသေချာချာ ခေါက်ထားရင် ဘေးမှာ ရှိနေတဲ့ အထည်တွေက ဟန်မပျက် အရင်အတိုင်း ဆက်ရှိနေကြလိမ့်မယ်ဆိုတာ အာမခံတယ်။

ခေတ်ပေါ်ဖက်ရှင် အ၀တ်အစားတွေက ပုံပန်းသဏ္ဌာန် အမျိုးမျိုး ဖြစ်နေတယ်။ ပုံပန်းသဏ္ဌာန်တွေက ပုံမှန် မရှိကြဘူး။ လည်ပင်းပေါက် ကျယ်ထားတာလည်း ရှိမယ်။ ခေါက်ဖို့အတွက် ကိုးယိုးကားယား ဖြစ်နေတာတွေလည်း ရှိမယ်။ ဘယ်ကစပြီး ဘယ်လို ခေါက်ရမှန်း မသိ ဖြစ်ရတယ်။ ဦးနှောက်စားတယ်။ အင်္ကျီရဲ့ လက်ရှည်ကို ခေါက်တော့ ပျော့တိပျော့ ဖတ်နဲ့ ခေါက်ရတာ အတော်လက်ဝင်တာမျိုးလည်း ရှိတယ်။
ပုံပန်းမကျတဲ့အ၀တ်အစားတွေကို ချိတ်နဲ့ တွဲလောင်းချိတ်ထားတာ အလွယ်ဆုံးပဲ။ ဒါပေမဲ့ ခေါက်ပြီး သိမ်းချင်ပါတယ်ဆိုရင်တော့ ခေါက်တဲ့နည်း ရှိနေတယ်။ လက်မလျှော့လိုက်ပါနဲ့။
အ၀တ်အစားတွေဟာ လေးထောင့်ပုံ အပိုင်းအစတွေကို ဆက်စပ်တွဲချုပ်ထားတာချည်းပဲလို့ သဘောထားလိုက်ပါ။ ဘယ်လိုပုံပန်းသဏ္ဌာန်တွေ ဖြစ်နေပေမဲ့လည်း အဆုံးသတ်မှာ လေးထောင့်ပုံ ဖြစ်သွားအောင် ခေါက်သိမ်းလို့ ရတာချည်းပါပဲ။

ဒီတော့ ပုံပန်းက ကိုးယိုးကားယားဖြစ်တဲ့အပြင် အထည်သားကလည် ပျော့တိပျော့ဖတ် ဖြစ်နေတဲ့ဟာကို ခေါက်ရတော့မယ်ဆိုရင် အရင်ဆုံး အသက်ကို ဝဝရှူလိုက်ပါ။ စိတ်ကို အေးအေးထားပါ။
ခေါက်ဖို့ ရည်ရွယ်တဲ့ အ၀တ်အစားကို ကြမ်းပြင် ဖျာပေါ်မှာဖြစ်ဖြစ်၊ စားပွဲကျယ်ကျယ်ပေါ်မှာဖြစ်ဖြစ် တခြားအကျယ်အ၀န်း လုံလောက်တဲ့ ပြင်ညီတစ်ခုခုပေါ်မှာဖြစ်ဖြစ် ဖြန့်လိုက်ပါ။ ပြန့်ပြူးနေအောင် ဖြန့်လိုက်ပါ။ ပုံမှန်အ၀တ်အစား ပုံသဏ္ဌာန်မှာ လှပအောင် အပိုဖြည့်ထားတဲ့အရာတွေကို အတိုင်းသား မြင်နေရပြီ။
အဲဒီလို တစ်ထည်လုံးကို အပြားလိုက် ပြင်ညီပေါ်မှာ မြင်တွေ့ရပြီးတဲ့အခါ ခေါက်ဖို့အတွက် အခြေခံအချက်တွေ လိုက်နာပြီး ခေါက်လိုက်ပါ။
လက်တွေကို အ၀တ်အစားရဲ့ အလယ်ဘက်ဆီကို ခေါက်ပါ။ ဘေးမှာ ဘယ်လိုပဲ ပွထားပေမဲ့ လေးထောင့်ပုံ ဖြစ်အောင် ဦးတည်ပြီး ခေါက်ပါ။ လေးထောင့်ပုံရဲ့ အနားသတ်မျဉ်းရဲ့ အထဲမှာပဲ ရှိနေဖို့ လိုတယ်။ အဲဒီလို ပခုံးသားနဲ့ လက်တွေကို ခေါက်ပြီးသွားရင် ရှည်မျောမျော ထောင့်မှန်စတုဂံပုံကို ရမယ်။ အဲဒီတော့မှ တစ်ဝက်နေရာကနေ တစ်ကြိမ်ခေါက်ပြီးတော့ဖြစ်စေ၊ သုံးပုံတစ်ပုံနေရာကနေ နှစ်ခါထပ်ခေါက်ပြီးတော့ဖြစ်စေ ခေါက်ပေးရပါမယ်။ တကယ်လို့ ကြီးနေသေးတယ်ဆိုရင် အခေါက်ပြန်ဖြေပြီး လေးပုံတစ်ပုံနေရာကနေ သုံးခါထပ်ခေါက်ပေးရပါမယ်။ တစ်နည်းပြောရရင် ခေါက်လိပ်ပေးလိုက်တဲ့ သဘောမျိုးပါ။
ဖော်ပြပေးထားတဲ့ပုံမှာ ခေါက်ပုံ အဆင့်ဆင့်ကို ပြောပြပေးထားပါတယ်။

 

fold 1 myanmar

    

စိတ်ထဲမှာ အိုရီဂါမီ စက္ကူခေါက်နေတယ်လို့ သဘောထားလိုက်ရင် အနုပညာတစ်ရပ်လို့ စိတ်ကြည်နူးမိမယ်။ တစ်ကြိမ်ခေါက်ပြီးတိုင်း လက်ဝါးနဲ့ ဖွဖွလေး ပွတ်ပေးပြီး ပြန့်သွားအောင် လုပ်ပပေးပါ။ ပြီးမှ နောက်ထပ် ခေါက်ရမယ့်ဟာကို ခေါက်ပါ။ စက္ကူကို ခေါက်ရင်တော့ အနားသတ်မှာ ချိုးရာ ခိုင်မာအောင် လက်သည်းထိပ်နဲ့ ဖိပွတ်ပြီး ဆွဲပေးရတယ်။ အ၀တ်ခေါက်ရင်တော့ အဲဒီလို မလုပ်ပါနဲ့။ အသာအယာ ဖွဖွလေး ပွတ်ပေးပါ။ ဖိမိရင် ခေါက်ရိုးကျိုးရာ အ၀တ်မှာ ထင်ကျန်ရစ်လိမ့်မယ်။ ၀တ်တဲ့အခါ ခေါက်ရိုးရာကြီး ထင်းနေလိမ့်မယ်။
ပထမဆုံးအကြိမ် လုပ်ကိုင်တာဆိုရင် အခက်အခဲ ရှိတတ်ပါတယ်။ စိတ်မလျှော့ပါနဲ့။ ကျင့်သားရသွားရင် လက်တွေက သူ့အလိုလို ခေါက်ပေးသွားလိမ့်မယ်။ ပိုလွယ်သွားမယ်။ ပိုသေသပ်သွားမယ်။ အ၀တ်အစားက သူဘယ်လို ခေါက်ရမယ်ဆိုတာ သိနေတဲ့အတိုင်း အလိုက်သင့်လေး ဖြစ်နေမယ်။ ကျင့်သားရသွားပြီးရင် ဖျာပေါ် ခေါက်နေဖို့ မလိုတော့ဘူး။ စားပွဲပေါ်တင်ပြီး ခေါက်နေဖို့လည်း မလိုတော့ဘူး။ ကိုယ့်ရဲ့ ပေါင်ပေါ်မှာ ဒူးပေါ်မှာ တင်ပြီး ခေါက်လို့ ရသွားမယ်။ အဲဒီထက် ပိုကျွမ်းကျင်လာရင် လေထဲမှာ ကိုင်ထားရင် ခေါက်လို့ ရသွားလိမ့်မယ်။
ဂျပန်မှာ လူတိုင်းလိုလို စက္ကူနဲ့ ကြိုးကြာငှက်ကို အိုရီဂါမီ ခေါက်တတ်ကြတယ်။ ဘာမှ အခက်အခဲ မရှိဘဲ အသာလေး ခေါက်နိုင်ကြတယ်။ သင်လည်း အ၀တ်အစားတွေကို အခက်အခဲမရှိဘဲ ကျကျနန ခေါက်တတ်သွားလိမ့်မယ်။
သော့ချက်က လက်ဝါးကို သုံးစွဲတာ ဖြစ်ပါတယ်။ လက်ချောင်းထိပ်ကလေးတွေနဲ့ ခေါက်မယ့်နေရာကို ထိန်းပေးတာ မလုပ်ဘဲ လက်ဝါးစောင်းနဲ့ ထိန်းပေးပါ။ လက်ဝါးတွေမှာ အနွေဓာတ် ရှိတယ် ။ တည်ငြိမ်လျှပ်စစ်ဓာတ်လည်း ရှိတယ်။ အဲဒါတွေက အထည်သားကို တောင့်တင်းစေတယ်။ တင်းတင်းရင်းရင်း ဖြစ်သွားစေတယ်။ လက်ဝါးနဲ့ပွတ်သပ်ပေးပြီး ခေါက်ထားတာ အသားကျအောင် လုပ်ပေးရင် အဲဒီဓာတ်တွေ အ၀တ်ဆီကို ရောက်သွားတယ်။ ခေါက်ပြီးသား အ၀တ်ဟာ သူဘာသာသူ မတ်မတ်ထောင်နေနိုင်လိမ့်မယ်။
ကလေး အ၀တ်အစားတွေကိုတော့ လူကြီး အ၀တ်အစားတွေလို မခေါက်သင့်ဘူး။ အရွယ်အစားသေးတော့ တောင့်ပြီး ထောင်နေနိုင်မှာ မဟုတ်ဘူး။ ဒီတော ထောင့်မှန်စတုဂံပုံ ရအောင် ခေါက်ဖို့နဲ့ ခေါက်ရတဲ့ ကြိမ်ရေး နည်းနိုင်သမျှ နည်းဖို့်ကိုသာ အဓိကထားပါ။ ခေါက်ထားတဲ့အတိုင် ပုံမပျက်ဘဲ နေနိုင်အောင် ခေါက်ပေးဖို့ပါပဲ။
လူကြီး အ၀တ်အစားတွေကို အပြီးသတ်ခေါက်ပြီးရင် ထောင်လျက်သား ဆက်ဖြစ်နေနိုင်သလား ဆိုတာ စမ်းကြည့်ပါ။ လဲကျမသွားဘူးဆိုရင် အောင်မှတ်ရပါပြီ။
ထောင့်မှန်စတုဂံပုံ ရအောင် ခေါက်တာမှာ ကျယ်လွန်းနေရင်ဖြစ်စေ၊ အလယ်နေရာနားကနေ အောက်အနားသတ်ဘက်ကို ခေါက်တဲ့အခါ ချန်ထားတဲ့နေရာက နည်းလွန်းနေရင်ဖြစ်စေ ဟန်မပျက် ထောင်နေဖို့ ခဲယဉ်းသွားစေတယ်။ အလယ်နားက တစ်ကြိမ်ခေါက်တာအစား သုံးပုံတစ်ပုံနေရာကနေ နှစ်ကြိမ်ခေါက်တာကို ပြောင်းသုံးပေးပါ။ အထည်သားက အသားထူနေရင် ခပ်မြင့်မြင့် ထောင်နေနိုင်မှာ မဟုတ်ဘူး။ ပုသွားအောင် လုပ်ပေးရမှာ ဖြစ်ပါတယ်။ အတွေ့အကြုံတွေက သင်ပြသွားပါလိမ့်မယ်။ ဘယ်လိုအထည်သား ဘယ်လို ပုံပန်းသဏ္ဌာန်ဆိုရင် ခေါက်ချုး ခေါက်လို့ရတယ်။ မရဘူးဆိုတာ သိလာပါလိမ့်မယ်။ လိုအပ်ရင် လေးပုံတစ်ပုံနေရာလောက်ကနေ ခေါက်တာအထိ လုပ်ပေးရပါလိမ့်မယ်။
အ၀တ်အစားကို ထောင်လိုက်အလယ်မျဉ်းနေရာ ခေါက်သိမ်းထားရင် ၀တ်တဲ့အခါ အဲဒီ မျဉ်းနေရာမှာ တွန့်ပြီး ဖောင်းနေတတ်တယ်။ မတွန့်တဲ့ အသားမျိုး ဥပမာ အားကစားသမား ၀တ်စုံမျိုးဆိုရင်တော့ အလယ်နေရာကနေ ခေါက်သိမ်းလို့ ရပါတယ်။
သေသေချာချာ ကျကျနန ခေါက်ပေမဲ့ အထာမကျတဲ့ အ၀တ်အစားမျိုးတွေလည်း ရှိနေတယ်။ မတ်မတ်ထောင် မနေနိုင်ကြဘူး။ အသားက ပါးလွန်းရင် တောင့်တောင့်လေးဖြစ်နေမှာ မဟုတ်လို့ ပုံကျသွားလိမ့်မယ်။
အခုပြောပြခဲ့တာက ခေါက်ရလွယ်တဲ့ လက်တိုအင်္ကျီတစ်ထည်ကို နမူနာအဖြစ် ပြသထားပါတယ်။ လက်ရှည်ခေါက်နည်း၊ ခေါင်းဆောင်းပါတဲ့အင်္ကျီခေါက်နည်း။ လက်မပါနဲ့အင်္ကျီခေါက်နည်း စတာတွေကို နောက်တော့ ဆက်လက်တင်ပြပေးသွားပါဦးမယ်။

 

Read 4867 times
Rate this item
(3 votes)
Tagged under