What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကုန်ထုတ်လုပ်မှုကဏ္ဍ ပြည်ပရင်းနှီးမြှုပ်နှံမှု အများဆုံးတွေ့ရ

တရုတ်နိုင်ငံမှ အထည်ချုပ်လုပ်ငန်းရှင်များက ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့လုပ်ကိုင်သွားဖို့ စိုင်းပြင်းနေပါတယ်။


မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းဟာ အီးယူနဲ့ အာရှနိုင်ငံများအတွက် ချုပ်လုပ်ပေးရတာ လျင်မြန်စွာကြီးထွားလာနေပါတယ်။ မြန်မာနိုင်ငံသားပိုင် အထည်ချုပ်လုပ်ငန်းများ၊ ပြည်ပလုပ်ငန်း အပြည့်အ၀ပိုင် အထည်ချုပ်လုပ်ငန်းများအပြင် ဖက်စပ်လုပ်ငန်းများကို ဂျပန်၊ တရုတ်၊ တိုင်ဝမ်၊ တောင်ကိုရီးယားတို့နဲ့ လုပ်ကိုင်လျက် ရှိပါတယ်။ ပမာဏများလာသော်လည်း cut-make-pack (CMP) စနစ်ဖြင့်သာ ဆက်လက်လုပ်ကိုင်လျက် ရှိပြီး ပြည်ပတင်ပို့မှု တန်ဖိုးပမာဏဟာ ၂၀၁၇-၁၈ ခုနှစ်မှာ ကန်ဒေါ်လာ ၂ ဒဿမ ၅၈ ဘီလျံ ရှိခဲ့ပါတယ်။
FOB စနစ်ဖြစ်ဖို့ ကြိုးပမ်းအားထုတ်လျက် ရှိပါတယ်။
အခုလို အထည်ချုပ်ကဏ္ဍမှာ ပြည်ပရင်းနှီးမြှုပ်နှံမှု တိုးနေပေမဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု အမျိုးမျိုးတို့ကို အတည်ပြုပေးတဲ့ပမာဏကတော့ လျော့ကျနေတာ နှစ်နှစ်ဆက်တိုက် ရှိပါပြီ။
DICA လို့ အတိုကောက်အားဖြင့် လူသိများတဲ့ Directorate of Investment and Company Administration မှ မီးစိမ်းပြတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုဟာ ဘဏ္ဍာရေးနှစ်အကုန် မတ်လမှ ကန်ဒေါ်လာ ၅.၇ ဘီလျံခန့်ရှိပြီး ၁၄ ရာခိုင်နှုန်း ကျဆင်းသွားတာ ဖြစ်ပါတယ်။

ကဏ္ဍအလိုက် အကျအတက်
*********************
ကဏ္ဍအလိုက်ကြည့်မယ်ဆိုရင် သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ကဏ္ဍများမှာ သုံးပုံနှစ်ပုံကျော် ကျဆင်းသွားလို့ ကန်ဒေါ်လာ သန်း ၉၀၀ မျှသာ ရှိပါတယ်။ 4G မိုဘိုင်းဖုန်း ဆက်သွယ်ရေး အခြေခံအဆောက်အအုံတွေနဲ့ တခြား စီမံကိန်းကြီးတွေ ခေတ္တစဲချိန်ကို ရောက်နေလို့ ဖြစ်ပုံရပါတယ်။ လျှပ်စစ်စွမ်းအားကဏ္ဍမှာ ၅၅ ရာခိုင်နှုန်း လျော့ကျသွားတယ်။ ဟိုတယ်တွေ တည်ဆောက်တာရယ်၊ ခရီးသွားလုပ်ငန်းရယ် ၅၆ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ ခရီးသည်မည်ရွှေ့မည်မျှ လာတယ်ဆိုတာအရ ခရီးသွားလုပ်ငန်း ပိုထွန်းကားတယ်လို့ ယူဆကြတာတွေ ရှိပေမဲ့ တကယ်တမ်းဆန်းစစ် ကြည့်ရင် စီးပွားရေးကိစ္စနဲ့ လာကြသူတွေကို ထည့်တွက်ထားတာ ဖြစ်နေတတ်ပါတယ်။ တကယ်အလည်အပတ် ခရီးသွားချည်းသက်သက် တွက်ချက်ထားတာ မဟုတ်ပါဘူး။
ကုန်ထုတ်လုပ်မှုကဏ္ဍမှာတော့ ရင်းနှီးမြှုပ်နှံမှု ၅၀ ရာခိုင်နှုန်း ထိုးတက်သွားတာ လေးနှစ်ဆက်တိုက် ရှိပြီ။ ပမာဏအားဖြင့် ကန်ဒေါ်လာ ၁.၇ ဘီလျံ ရှိတယ်။ တရုတ်ကုမ္ပဏီများနဲ့ အခြားနိုင်ငံအချို့တို့မှ ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံကြတာဖြစ်ပြီး အဓိကအားဖြင့် အ၀တ်အစားထုတ်လုပ်မှုကဏ္ဍမှာ ဖြစ်ပါတယ်။ အခရာကျတဲ့ ဆွဲဆောင်မှုက လုပ်သားစရိတ် နှိုင်းစာရင် သက်သာနေလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ကုန်ထုတ်စွမ်းအား အရည်အသွေးမှာတော့ နိမ့်ကျနေဆဲ ဖြစ်ပါတယ်။

စက်မှုဇုန်နှင့် SEZ ကွာခြားချက်
*********************
ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို စက်မှုဇုန်တွေက ဆွဲဆောင်ဖို့ဆိုတာ လျှပ်စစ်ဓာတ်အား မလုံလောက်ခြင်း၊ စရိုက်ကြမ်းကျူးကျော်ပြဿနာနဲ့ ဥပဒေပြင်ပရောက် ပိတ်ဆို့ဆန္ဒပြခွင့် ရှိနေခြင်းတို့ကြောင့် ဆွဲဆောင်အား ချည့်နဲ့နေပါတယ်။
ဂျပန်အကူအညီဖြင့် ဖော်ဆောင်တဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်ကတော့ အခြေအနေ တည်ငြိမ်တာမို့ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှု ၅၃ ရာခိုင်နှုန်း တိုးခဲ့ပြီး ကန်ဒေါ်လာ သန်း ၄၀၀ ဆွဲယူနိုင်ခဲ့ပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုအတွက် အခြားစက်မှုဇုန်တွေနဲ့မတူဘဲ မူဘောင်ကွာခြားတာကလည်း အားသာချက်တစ်ခုလို့ ဆိုရပါမယ်။ ဂျပန်မြန်မာ ပူးပေါင်းဆောင်ရွက်မှု ဖြစ်တာမို့ ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းအများစုဟာ ဂျပန် လုပ်ငန်းများ ဖြစ်တာ တွေ့ရပါတယ်။
ရန်ကုန်မြို့အခြေစို့ တက္ကဆီဝန်ဆောင်မှုလုပ်ငန်း Oway မှာ ဂျပန်မှ Daiwa Securities Group က ကန်ဒေါ်လာ ၅ သန်း ရင်းနှီးမြှုပ်နှံမှု ပြုခဲ့ပါတယ်။ တက္ကဆီတွေကို ငှားသူနဲ့ မောင်းသူအကြား ချိတ်ဆက်ပေးတဲ့ဝန်ဆောင်မှုကု Grab က လွှမ်းမိုးကြီးစိုးထားချိန်မှာ ယခုလို ပြိုင်ဘက်တစ်ခု ရှိနေတာဟာ ခရီးသည်တွေနဲ့ တက္ကဆီဆွဲသူတွေအဖို့ ရွေးစရာ နောက်တစ်ခု ရှိနေစေတာ အမှန်ပါပဲ။
ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်နေတဲ့ ဂျပန်ကုမ္ပဏီ စုစုပေါင်း ၃၆၉ ခု ရှိပြီလို့ သိရပါတယ်။
ဂျပန်လုပ်ငန်းများ မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်ကြတာဟာ ဂျပန်အစိုးရရဲ့ “Free and Open Indo-Pacific Strategy” နဲ့ ချိတ်ဆက်နေပါတယ်။ အဲဒီမဟာဗျုဟာက တည်တည်ငြိမ်ငြိမ် ကြီးထွားခြင်းမျိုးကို အာရှနဲ့ အာဖရိကတို့မှာ ဖြစ်ထွန်းစေဖို့ ဖြစ်ပါတယ်။ နောက်တစ်ချက်က တရုတ်နိုင်ငံတစ်ခုတည်းက ရင်းနှီးမြှုပ်နှံမှုတွေ၊ ချေးငွေတွေဖြင့် နေရာအပြည့်ယူထားတာကို ဘောင်ခတ်ဖို့လည်း ရည်ရွယ်ချက် ရှိလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတဲ့ ထားဝယ် အထူးစီးပွားရေးဇုန်ကိုလည်း ဂျပန်အစိုးရက မြန်မာနှင့် ထိုင်းတို့နဲ့အတူ ပြန်လည်လုပ်ကိုင်သွားဖို့ ရှိပါတယ်။
တရုတ်နိုင်ငံကတော့ ကွန်မင်းနဲ့ ကျောက်ဖြူကို ရေနံပိုက်လိုင်းသွယ်တန်းသုံးစွဲနေပြီ ကျောက်ဖြူဆိပ်ကမ်း ဖွံ့ဖြိုးရေးကို အားသွန်ခွန်စိုက် လုပ်ကိုင်လျက် ရှိပါတယ်။


ဘီယာကဏ္ဍ
*********
ဘီယာကဏ္ဍထဲကို စင်ကာပူ အခြေစိုက်လုပ်ငန်းစုဖြစ်တဲ့ Fraser and Neave’s (F&N) က မြန်မာဘီယာဈေးကွက်ထဲကို ပြန်လာမယ်။ F&N က ပြီးခဲ့တဲ့ သုံးနှစ်တုန်းက မြန်မာပြည်ရဲ့ အကြီးဆုံး အရက်ချက်လုပ်ငန်းဖြစ်တဲ့ Myanmar Brewery မှာ ထည့်ဝင်ထားတဲ့ ၎င်းရဲ့ အစုရှယ်ယာ ၅၅ ရာခိုင်နှုန်းကို ဂျပန်မှ Kirin Holdings ကို ကန်ဒေါ်လာ သန်း ၅၆၀ နဲ့ ရောင်းချပြီး ထွက်ခွာခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ မှတ်ပုံတင်ခဲ့တဲ့ Emerald Brewery Myanmar Ltd. မှာ သံလွင်ဧရာမှ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ကျန်တဲ့ ၄၁ ရာခိုင်နှုန်းကို F&N က ပိုင်ဆိုင်ပါတယ်။ သံလွင်ဧရာရဲ့ မိခင်လုပ်ငန်းက ရွှေသံလွင် ဖြစ်ပါတယ်။ F&N အနေဖြင့် ဘီယာထုတ်လုပ်ဖြန့်ဖြူးဖို့ ခွင့်ပြုချက်ကို မြန်မာရင်နှီးမြှုပ်နှံမှု ကော်မရှင်ထံမှ ပြီးခဲ့တဲ့ မတ်လကုန်က ရရှိခဲ့ပါတယ်။

ခြုံငုံကြည့်မယ်ဆိုရင် ကုန်ထုတ်လုပ်မှုကဏ္ဍကို ပြည်ပမှ ငွေများ စီးဝင်တာ ကောင်းတဲ့လက္ခဏာ ဖြစ်ပါတယ်။ စီးပွားရေး ကြီးထွားမြင့်မားဖို့ ကုန်ထုတ်လုပ်မှုကဏ္ဍမှ အဓိကအားဖြင့် တွန်းပို့ပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

DJS

 

ကိုးကား Nikkei, Fibre2Fashion

Read 1039 times
Rate this item
(1 Vote)