What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖိလစ်ပိုင်အထည်ချုပ်ကဏ္ဍ ပြန်လည်လန်းဆန်းရန် အစိုးရကူဖို့လို

ဖိလစ်ပိုင် အထည်ချုပ်လုပ်ငန်းကဏ္ဍသည် တိုင်းပြည်၏ ပို့ကုန်လုပ်ငန်းကဏ္ဍတွင် ဒေါ်လာနှင့် အလုပ်အကိုင်များ ဖန်တီးပေးရာ၌ ဦးဆောင်သည့်နေရာသို့ ပြန်လည်ရောက်ရှိဖို့ ဆိုသည်မှာ အစိုးရထံမှ ထောက်ပံ့ကူညီမှုရရန် လိုအပ်နေသည်။

အထူးသဖြင့် အလုပ်သမားကုန်ကျစရိတ်နှင့် လျှပ်စစ်ဓာတ်အားခ ကုန်ကျစရိတ်အတွက် ထောက်ကူဖို့ လိုအပ်နေသည်ဟု Foreign Buyers Association of the Philippines (FOBAP)၏ ဥက္ကဋ္ဌ ရောဘတ် ရောင်းက သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားလိုက်သည်။
ဖိလစ်ပိုင်သည် တစ်ချိန်တုန်းက အနောက်နိုင်ငံများတွင် အ၀တ်အစား တင်သွင်းခြင်းကို နိုင်ငံတစ်ခုချင်းအရ ခွဲတမ်းသတ်မှတ်သည့်စနစ်ကို ကျင့်သုံးခဲ့စဉ်က အထည်ချုပ်လုပ်ငန်းကဏ္ဍသည် ရွှေထီးဆောင်းနိုင်ခဲ့ပြီး ခွဲတမ်းစနစ် ရုပ်သိမ်းပြီးသည့်နောက်တွင် ယှဉ်ပြိုင်နိုင်စွမ်း မရှိသဖြင့် ကျဆုံးသွားခဲ့ရသည်။
ရောင်း၏ ပြောကြားချက်အရ FOBAP သည် အစိုးရထံသို့ စာတမ်းတစ်စောင် တင်ပြထားပြီးပြီ ဖြစ်သည်။ အထည်ချုပ်လုပ်ငန်းရှင်များကို အထူးစီးပွားရေးဇုန် ထူထောင်ပြီး နေရာချထားပေးပြီး တရုတ်နိုင်ငံနည်းတူ အလုပ်သမားများ နေထိုင်စရာ၊ စားစရာတို့ကို အဆင်အတန်းရှိရှိ စီစဉ်ပေးထားရမည်။ဇုန်အတွင်း အလုပ်သမားများအတွက် အဆင့်အတန်းရှိရှိ သာသာအဆင်ပြေမှုများနှင့် နေထိုင်ရန် ရိပ်သာဆောင်များ ထားရှိပေးထားရမည် ဖြစ်သည်ဟု အဆိုပါ အကြံပြုချက်စာတမ်းတွင် ဖော်ပြပေးထားသည်။
စာတမ်းတွင် ဆက်လက်၍ အကြံပြုထားသည်မှာ free trade zone များလည်း ထားရှိပေးထားရမည်။ အဆိုပါ အထည်ချုပ်ဇုန်များအတွက် လျှပ်စစ်ဓာတ်အားခကို လျှော့ပေါ့သတ်မှတ်ပေးရမည်။
အချို့ အထည်ချုပ်လုပ်ငန်းရှင်များသည် တည်ရှိပြီးဖြစ်သည့် စီးပွားရေးဇုန်များတွင် နေရာယူပြီး လုပ်ကိုင်လျက် ရှိကြသော်လည်း အထက်ပါ သက်သာခွင့်များ ရရှိကြခြင်း မရှိချေ။ အခွန်လွတ်ငြိမ်းခွင့် နှစ်ကာလအပိုင်းအခြား မရှိခြင်း၊ အကောက်ခွန် လုပ်ထုံးလုပ်နည်းများ လွယ်ကူလျင်မြန်မှု မရှိခြင်း၊ ၀င်ငွေခွန်ကောက်ခံနေခြင်းတို့သည် အထည်ချုပ်လုပ်ငန်းရှင်များအတွက် ယှဉ်ပြိုင်နိုင်စွမ်း ကျဆုံးနေစေသည်ဟု ရောင်းက ထောက်ပြသည်။
သို့ဖြစ်ရာ အစိုးရမှ သက်ညှာမှုများဖြင့် ထောက်ကူပေးမှသာ အထည်ချုပ်လုပ်ငန်းရှင်များသည် အခြားနိုင်ငံများမှ အထည်ချုပ်လုပ်ငန်းများကို ယှဉ်ပြိုင်နိုင်စွမ်း တက်လာမည်ဖြစ်သည်ဟု ရောင်းက ရှင်းပြသည်။
“အထည်ချုပ် ပြန်ပွင့်လန်းလာရင် အလုပ်အကိုင်တွေ ပေးနိုင်လာမယ်။ အထည်ချုပ်လုပ်ငန်းမှာ ၀င်လုပ်မယ့် အလုပ်သမားတွေက တခြားလုပ်ငန်းတွေလို အင်္ဂလိပ်စာ ကောင်းဖို့ မလိုဘူး။ ချုပ်တတ်အောင် အခြေခံလောက် သင်ပြီးရင် အထည်ချုပ်စက်ရုံမှာ ၀င်လုပ်လို့ရပြီ”
ဟု ရောင်းက ပြောကြားသည်။
ခွဲတမ်းစနစ် ရုပ်သိမ်းပြီးသည့်နောက်တွင် ဖိလစ်ပိုင် အထည်ချုပ်ကဏ္ဍ၏ ၇၀ ရာခိုင်နှုန်းသည် အလုပ်ရပ်လိုက်ကြရသည်။ အလုပ်အကိုင် ငါးသန်း ဆုံးရှုံးသွားခဲ့သည်။
“ ကျွန်တော်တို့ သုတေသနတစ်ခု လုပ်ထားတာမှာ ဘာကို သိခဲ့ရသလဲဆိုတော့ စက်ချုပ်သမတစ်ဦးရဲ့ ၀င်ငွေက ပါးစပ်ပေါက် ဆယ်ပေါက်ကို ကျွေးမွေးနိုင်တယ်”
ယခုအခါ ဆက်လက်လုပ်ကိုင်နေသည့် အထည်ချုပ်လုပ်ငန်းများသည် ကမ္ဘာ့အမှတ်တံဆိပ် အကြီးစားများ ဖြစ်ကြသည့် Ralph Laurent ၊ Lacoste ၊ Liz Claiborne အစရှိသည်တို့ကို အ၀တ်အစား ချုပ်လုပ်ပေးလျက် ရှိသည်။
ခွဲတမ်းစနစ် ရှိသည့်ခေတ်က ဖိလစ်ပိုင်မှ တင်ပို့သည့် ချုပ်ထည်များတွင် ၆၀ ရာခိုင်နှုန်းသည် အမေရိကသို့ တင်ပို့ခြင်းဖြစ်ပြီး တန်ဖိုးပမာဏမှာ ကန်ဒေါ်လာ ၁ ဘီလျံ ၀န်းကျင်ရှိသည်။ ယခုအခါ အမေရိကသို့ တင်ပို့သည့် တန်ဖိုးပမာဏမှာ ကန်ဒေါ်လာ သန်း ၃၀၀ သာ ရှိတော့သည်ဟု ရောင်းက ပြောပြသည်။ ထိုခွဲတမ်းခေတ်ကတည်းက ဖိလစ်ပိုင်၏ လုပ်သားခနှင့် လျှပ်စစ်ဓာတ်အားခသည် မြင့်မားနေပြီးသား ဖြစ်သော်လည်း ခွဲတမ်းစနစ်ကြောင့် ခံသာနေခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ၁၅ နှစ်က အမေရိကန်အစိုးရက ခွဲတမ်းစနစ် ရုပ်သိမ်းလိုက်ပြီးချိန်တွင် ၎င်း၏ အလွန်သေချာသည့် ဈေးကွက်ကို ဆုံးရှုံးသွားခဲ့သည်။
တိုက်ဆိုင်သည်မှာ ထိုကာလတွင် တရုတ်ပြည် နိုးထခဲ့သည်။ စီးပွားရေးကို အဓိကထား လုပ်ကိုင်ရန် တံခါးဖွင့်လိုက်သည်။ အ၀တ်အစားလုပ်ငန်းများ အများအပြားတို့သည် တရုတ်နိုင်ငံကို ကုန်ထုတ်လုပ်ရန် ဗဟိုချက်အဖြစ် နေရာယူလိုက်ကြသည်။ ထိုစဉ်က တရုတ်နိုင်ငံတွင် Levi’s ဂျင်းဘောင်းဘီ တစ်ထည်ကို ကန်ဒေါ်လာ သုံးဒေါ်လာခွဲဖြင့် ချုပ်ပေးသည်။ ဖိလစ်ပိုင်တွင် တစ်ထည်လျှင် ၇ ကန်ဒေါ်လာ ဖြစ်နေသည်။
ယခုအခါ ခြုံငုံကြည့်ပါ ဖိလစ်ပိုင်သည် ပြိုင်ဘက်နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့ထက် ချုပ်ခသည် ၂၀ မှ ၂၅ ရာခိုင်နှုန်းအထိ ဈေးပိုများနေသည်။
ကမ္ဘာပေါ်တွင် ချုပ်ထည်တင်ပို့မှုတွင် နံပါတ်၁ နေရာ၌ ရှိခဲ့သော ဖိလစ်ပိုင်သည် အာဆီယံဒေသတွင်းတွင် နံပါတ် ၅ နံပါတ် ၆ သို့ လျှောဆင်းသွားခဲ့သည်။ ကမ္ဘာ့အဆင့်တွင် များစွာနိမ့်ကျနေသည်။

Read 975 times
Rate this item
(0 votes)