အ၀တ်အစားနှင့် ဖိနပ်ချုပ် လုပ်ငန်းကဏ္ဍသည် ကမ္ဘောဒီးယား စီးပွားရေးတွင် အချက်အချာအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ ပြည်ပတင်ပို့မှု၏ ၇၀ ရာခိုင်နှုန်းကျော်ကို ဝေစု ရယူထားသည်။
အခိုင်အမာ လုပ်ကိုင်နေသော်လည်း ပြည်တွင်းပြည်ပမှ စိန်ခေါ်မှုများနှင့် ဖိအားများ ပိုတိုးလာနေသည့်အောက်တွင် လုပ်ကိုင်နေရသည်။ လစာမြင့်မားလာခြင်း၊ ကုန်ထုတ်စွမ်အား ရေချိန်နိမ့်ခြင်း၊ အပြိုင်အဆိုင်ပြုသည့် အထည်ချုပ်နိုင်ငံများ ဒေသတွင်း၌ ပိုအားကောင်းလာခြင်း စသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။
ကမ္ဘောဒီယား အထည်ချုပ်လုပ်ငန်းရှင်များ အသင်း Garment Manufacturers Association of Cambodia (GMAC) မှ အလုပ်အမှုဆောင် ကော်မတီဝင် ဂျွန်ချာကို ခမာတိုင်းမ် မီဒီယာမှ တွေ့ဆုံပြီး ကမ္ဘောဒီးယား အထည်ချုပ်ကဏ္ဍ၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို မေးမြန်းခဲ့သည်။
● ကမ္ဘောဒီးယား အထည်ချုပ်လုပ်ငန်းကဏ္ဍကို ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ ဗီယနမ်တို့မှ အတည်ချုပ်လုပ်ငန်းကဏ္ဍ အသီးသီးနဲ့ ဘယ်လို နှိုင်းယှဉ်သလဲ။ ဘယ်နှခုက အကြီးမားဆုံး ပြိုင်ဘက်လို့ ယူဆပါသလဲ။
နိုင်ငံတိုင်းမှာ ကိုယ်ပိုင် တန်ဖိုးထားလို့ရတဲ့ အဆိုပြုချက်တွေ အစုံအတွဲ အသီးသီးကို ကမ်းလှမ်းစရာ ရှိနေတယ်။ ကမ္ဘောဒီးယားမှာလည်း ရင်းနှီးမြှုပ်နှံသူတွေ နှစ်သက်တဲ့ အားသာချက်တွေ၊ အခွင့်အလမ်းတွေ လုပ်ငန်း လည်ပတ်လုပ်ကိုင်မှုနဲ့ ငွေရေးကြေးတို့အရ ကိုယ်ပိုင် အစုံအတွဲ ရှိနေတယ်။ အဲဒီအချက်တွေက ရင်းနှီးမြှုပ်နှံဖို့ အလားအလာ ရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ပေးနိုင်ဖို့ ကျွန်တော်တို့အသင်းက အစိုးရနဲ့အတူ လုပ်ကိုင်ဆောင်ရွက်ဖို့ကို မျှော်လင့်ထားပါတယ်။
● တစ်ကမ္ဘာလုံးအနေဖြင့် ကြည့်ရင် အထည်ချုပ်နဲ့ ဖိနပ်ချုပ် လုပ်ငန်းကဏ္ဍရဲ့ စွမ်းဆောင်ရည်ကို အရည်အသွေး ဘယ်လို သတ်မှတ်ပါသလဲ။
၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တို့မှာ ချုပ်ထည်တွေနဲ့ ဖိနပ်တွေ တစ်ကမ္ဘာလုံး တင်ပို့တာမှာ ထိပ်တန်း ၁၀ နိုင်ငံဟာ ဆက်လက်တည်ငြိမ်နေဆဲ ဖြစ်ပါတယ်။ ဖြည်းဖြည်းချင်း နှစ်စဉ်တိုးလာနေတာ ၄ ကနေ ၅ ရာခိုင်နှုန်း ရှိပါတယ်။ ဆန်းသစ်တီထွင်ထားတဲ ဒီဇိုင်း ရေစီးကြောင်းက တွန်းတင်ပေးနေတာ ဖြစ်ပါတယ်။ ပြီးတော့ အာရှနဲ့ ပစိတ်ဖိတ် ဒေသကြီးတွေမှာ စားသုံးသူတွေ ငွေသုံးစွဲမှု တက်လာတာကလည်း အကြောင်းတစ်ခု ဖြစ်ပါတယ်။
● ကမ္ဘောဒီးယား အထည်ချုပ်လုပ်ငန်းက ဘယ်လိုလဲ။ စွမ်းဆော်ရည် ဘယ်လို ရှိသလဲ။ ၂၀၁၈ ခုနှစ်ကို ဘယ်လိုမြင်သလဲ။
ခြုံငုံကြည့်ရင် ကမ္ဘောဒီးယားမှ တင်ပို့တာ နည်းနည်း ပိုများခဲ့ပါတယ်။ ခရီးဆောင်ပစ္စည်းတွေနဲ့ ဖိနပ်တွေမှာ အများဆုံးပဲ။ အဲဒီအတိုင်း ဆက်သွားပါလိမ့်မယ်။
ဘုရင့်နိုင်ငံ ကမ္ဘောဒီးယားမှာ အထည်ချုပ်စက်ရုံ အငယ်စားတွေ ၂၀၁၆ ခုနှစ်ကစလို့ ပိတ်ကြရတယ်။ အဲဒီအချိန်မှာပဲ တစ်ဖက်မှာတော့ အထည်ချုပ်စက်ရုံအသစ်တွေ ပေါ်ပေါက်နေတယ်။ ဘုရင့်နိုင်ငံအတွင်း ရှိနေတဲ့ အထည်ချုပ်စက်ရုံတွေမှာ အကြီးမားဆုံးစက်ရုံအချို့မှာ ကုန်ထုတ်လုပ်နိုင်စွမ်း တိုးတာကို တွေ့ရတယ်။ အထူးသဖြင့် ခုနကပြောတဲ့ ခရီးဆောင်ပစ္စည်းတွေနဲ့ ဖိနပ်တွေမှာ အသိသာဆုံးပဲ။ အဲဒီ အပိုင်းအကန့်နှစ်မျိုးမှာ ကြီးထွားမှု ဆက်လက်ဖြစ်ပေါ်နေဦးမယ်။
● လတ်တလောနှစ်တွေမှာ အဓိကကျတဲ့ စိန်ခေါ်မှုတွေက ဘာလဲ။ အဲဒီ စိန်ခေါ်မှုတွေဟာ လာမယ့်နှစ်တွေမှာ ပြောင်းသွားမယ်လို့ ခင်ဗျား မျှော်လင့်ပါသလား။
အမြဲမပြတ် ပြောင်းလဲနေတဲ့ကမ္ဘာမှာ စီးပွားရေးတွေကလည်း တိုးတက်ဖြစ်ပေါ်နေတာ အမြဲတမ်းပဲ။ ကမ္ဘောဒီးယားမှာတော့ ဆန္ဒပြတာတွေမှာ တရားမ၀င်တဲ့ ဆန္ဒပြတာတွေ၊ အလုပ်သမားသမဂ္ဂတွေရဲ့ သွေးထိုးတာတွေကြောင့် လှိုင်းလေထန်တဲ့ နှစ်တွေ ကုန်လွန်သွားပါပြီ။ အဲဒီလို ဖြစ်ရတာ ဘာကြောင့်လဲ။ အလုပ်သမား လှုပ်ရှားမှုတွေက ၀ါရင့်လာပြီး ရင့်ကျက်သွားတာက တစ်ကြောင်း ဖြစ်ပါတယ်။ ပြီးတော့ အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမား သုံးပွင့်ဆိုင်ပြီး အငြင်းပွားတာတွေကို ဖြေရှင်းကြတဲ့ လုပ်ထုံးလုပ်နည်းယန္တရားလည်း ရှိနေပါပြီ။
အဲဒီ သုံးပွင့်ဆိုင်ယန္တရားကို အောင်မြင်အေင် လုပ်ကြရတာ အတော်ပင်ပန်းပါတယ်။ အလုပ်ရှင်တွေဘက်မှ GMAC ရပ်တည်တယ်။ အစိုးရဘက်မှ အလုပ်သမားဝန်ကြီးဌာန ရပ်တည်တယ်။ အလုပ်သမားတွေနဲ့အတူ သမဂ္ဂတွေ ရှိနေတယ်။ အဲဒီ သုံးဦးသုံးဖလှယ် အတူလုပ်ကိုင်ကြပြီး အခြေအနေကို တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ကြရတယ်။ ကျွန်တော်တို့ ကံကောင်းတာက နိုင်ငံတကာ အလုပ်သမားအဖွဲ့ International Labour Organization ILO ကလည်း ထောက်ကူပေးခဲ့တယ်။ ၀န်ကြီးချုပ် ဟွန်စံရဲ့ အားပေးကူညီတာကိုလည်း အားကိုးလို့ရတယ်။ သူက အလုပ်သမားတွေ သက်သာချောင်ချိရေး၊ လူမှုဖူလုံရေးတို့ကို တိုင်းပြည်အရေးတစ်ခုအဖြစ် အမြဲစောင့်ရှောက်တယ်။ စက်မှုကဏ္ဍသဟဇာတ ဖြစ်ဖို့ကို အမျိုးသားရေးအဖြစ် ဆောင်ရွက်တဲ့သူ ဖြစ်ပါတယ်။
● ကမ္ဘောဒီးယား အထည်ချုပ်ကဏ္ဍမှာ လုပ်ကိုင်နေကြသူတွေအနေဖြင့် ယှဉ်ပြိုင်နိုင်စွမ်း ဆက်ထိန်းထားဖို့ ဘယ်ဧရိယာတွေကို အခရာကျတဲ့ဧရိယာအဖြစ် စူးစိုက်ရမလဲ။
အလုပ်သမားတွေရဲ့ ကုန်ထုတ်စွမ်းအားက အခုထက် ပိုကောင်းဖို့လိုတယ်။ လစာတွေ တိုးနေတာကို မီအောင် လုပ်ဖို့ လိုတယ်။ အဲဒီဟာအတွက် ကျွန်တော်တို့က အလုပ်သမားတွေရဲ့ လုပ်ကိုင်နိုင်စွမ်း တိုးတက်အောင် လုပ်ပေးဖို့အတွက် ရင်းနှီးမြှုပ်နှံပေးဖို့ လိုတယ်။ စက်ရုံတွေကို အဆင့်မြင့်တန်းမှ စက်တွေ ပိုမိုသုံးစွဲကြဖို့ တိုက်တွန်းအားပေးကြရမယ်။ ဒါမှ စွမ်းအင်သုံးစွဲမှုကို ထိထိရောက်ရောက် ဖြစ်စေမယ်။ ပြီးတော့ ကုန်ထုတ်လုပ်မှုနဲ့ အရည်အသွေးတို့ကိုလည်း တိုးမြှင့်ပေးနိုင်စေမယ်။
အဲဒီစက်တွေက ကျွန်တော်တို့ကို လုပ်ထုံးလုပ်နည်းအဆင့်ဆင့်တွေ စံသတ်မှတ်ချက် တစ်ပြေးညီဖြစ်အောင် လုပ်ပေးနိုင်တယ်။ ပြီးတော့ လုပ်ငန်းစဉ်အဆင့်ဆင့်လည်း ပိုရိုးရှင်းသွားမယ်။ မလိုအပ်ဘဲ ရှုပ်ထွေးခက်ခဲပြီး လက်ဝင်တာတွေ ပျောက်သွားမယ်။ အခုဆိုရင် စမတ်ကျတဲ့စက်တွေ ဈေးကွက်ထဲမှာ brand အများအပြားဖြင့် ရှိနေပါပြီ။ အဲဒီစက်တွေ ၀ယ်ယူသုံးစွဲဖို့ ရင်းနှီးမြှုပ်နှံမှုပြုတာကို အစိုးရက မက်လုံးတွေ ပေးဖို့ စဉ်းစားဆုံးဖြတ်ပေးသင့်တယ်။ ကုန်ထုတ်လုပ်ငန်းစဉ်မှာ ကုန်ထုတ်လုပ်မှုမဟုတ်တဲ့အဆင့်တွေမှာ ကုန်ကျစရိတ်ထိရောက်မှု ပိုကောင်းသွားမယ်။သိုလှောင်ထောက်ပို့မှုအပိုင်း၊ အစိုးရယန္တရားအပိုင်းတွေမှာလည်း ယခုထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးစရာတွေ ရှိနေတယ်။
● အနည်းဆုံးလုပ်ခသတ်မှတ်ပြဋ္ဌာန်းချက်မှာ တိုးမြှင့်ပေးတာကို အထည်ချုပ်ကဏ္ဍအနေဖြင့် ဘယ်လိုခံစားမိပါသလဲ။
အ၀တ်အစားချုပ်တဲ့လုပ်ငန်းတွေ၊ ဖိနပ်ချုပ်တဲ့ လုပ်ငန်းတွေဟာ လုပ်သားခ သက်သာမှုအရ ယှဉ်ပြိုင်နိုင်စွမ်း ရှိတဲ့အပေါ် အကြီးအကျယ် အခြေပြုထားတယ်။ ဒါပေမဲ့ ၀ယ်ယူသူတွေ ရွေးချယ်ဆုံးဖြတ်တာမှာ ဒီအချက် တစ်ချက်တည်းကိုသာ အကြောင်းရင်းခံအဖြစ် စဉ်းစားဆုံးဖြတ်တာတော့ မဟုတ်ပါဘူး။ လုပ်သားခ သက်သာတာတစ်ခုတည်းကိုသာ ကြည့်မယ်ဆိုရင် သူတို့အားလုံး အုံနဲ့ကျင်းနဲ့ အာဖရိက ဆပ်ဘ် ဆာဟာရမှာ သူတို့ရဲ့ အထည်တွေကို အပ်နှံကြလိမ့်မယ်။ တန်ဖိုးရှိမှုပေးအပ်နိုင်ခြင်းဟာ အခရာကျပါတယ်။ ဒီတော့ ထိုက်တန်မှု ဘယ်လောက်မြင့်မားသလဲဆိုတာအရ စဉ်းစားဆုံးဖြတ်ကြတယ်။ ဒီတော့ အလုပ်သမားတွေရဲ့ စွမ်းရည်နဲ့ တတ်ကျွမ်းမှုတွေကို မြှင့်တင်ပေးရင်း လုပ်ခကို ဖြည်းဖြည်းချင်း ဆွဲတင်ပေးဖို့ အရေးကြီးတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။
● အစိုးရက အထည်ချုပ်ကဏ္ဍကနေ ဖယ်ခွာပြီး တိုင်းပြည်စီးပွားရေးမှာ တခြားလုပ်ငန်းတွေ အမျိုးမျိုးကို လုပ်ကိုင်ဖို့ ယခုအခါ စူးစိုက်နေတယ်။ အဲဒီအပေါ် ခင်ဗျား ဘယ်လိုရဲ့ ထင်မြင်ချက်က ဘယ်လိုလဲ။
အထည်ချုပ်နဲ့ ဖိနပ်ချုပ်အပိုင်းကဏ္ဍနှစ်ရပ်က ပြည်ပပို့ကုန်စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်း ရှိတယ်။ အလုပ်သမား ဦးရေ ခုနစ်သိန်းကျော်ကို အလုပ်ပေးထားတယ်။ ဒီတော့ တိုင်းပြည်အနေဖြင့် တခြားလုပ်ငန်းအမျိုးမျိုးကို ခွဲဖြာလုပ်ကိုင်ဖို့ လိုအပ်နေတာ ရှင်းပါတယ်။ ဒါပေမဲ့ အဲဒီအပိုင်းကဏ္ဍနှစ်ရပ်က လာမယ့်နှစ်တွေမှာ ဆက်လက်ကြီးထွားနေဦးမယ်။ ဒါပေမဲ့ ကြီးထွားနှုန်းကတော့ နှေးပါလိမ့်မယ်။