What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဝက်ခြံမှာ အစပြုခဲ့တဲ့ တိုင်ဝမ်နံပါတ်(၁) စနီးကားရှူးဖိနပ်ချုပ်လုပ်ငန်းကြီး ဟွာလီ

တိုင်ဝမ်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် ကျန်းကွန်ယွမ်က ကမ္ဘာ့ထိပ်တန်း စနီးကာရှူးဖိနပ် အမှတ်တံဆိပ်တွေ ဖြစ်တဲ့ Nike ၊ Converse နဲ့ Vans တို့ကို ချုပ်လုပ်ပေးနေတဲ့ ဟွာလီကို ထူထောင်ခဲ့တဲ့ လုပ်ငန်းရှင်တစ်ဦး ဖြစ်ပါတယ်။


ဟွာလီကို တိုင်ဝမ်မှာ စတင်ထူထောင်တော့ ဝက်ခြံတစ်ခုမျာ စတင်လုပ်ကိုင်ခဲ့တယ်။ ယခုအခါ ကျန်းကွန်ယွမ်က အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံအထက်မှာ ချမ်းသာတဲ့သူ ဖြစ်နေပါပြီ။ အိုင်ဖုန်းတွေ တပ်ဆင်ထုတ်လုပ်ပေးလို့ လူသိများတဲ့ Foxconn သူဌေး Terry Gou ထက် ပိုချမ်းသာတဲ့သူ အဖြစ်သို့ ရောက်ရှိနေပါတယ်။
ဟွာလီက နာမည်ကြီး အမှတ်တံဆိပ်တွေအတွက် စနီးကာရှူးဖိနပ်တွေ နှစ်စဉ် အရံ သန်း ၁၈၀ ကျော် ချုပ်လုပ်ပေးလျက် ရှိပါတယ်။
အားကစား ရှူးဖိနပ်ချုပ်ပေးတဲ့ လုပ်ငန်းကို ကျန်းကွန်ယွမ် စတင်တော့ ဝက်ခြံတစ်ခုကို ဖိနပ်ချုပ် စက်ရုံတစ်ခုအဖြစ် ပြောင်းလဲ သုံးစွဲခဲ့ပါတယ်။

စနီးကာရှူးဖိနပ်ချုပ် လုပ်ငန်းကို သူစတင်ခဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က ဖြစ်ပြီး သူက ပုံမှန်စက်ရုံတစ်ခု ထူထောင်ဖို့ အရင်းအနှီး မတတ်နိုင်တာကြောင့် တိုင်ဝမ် အနောက်ပိုင်းမှာ တည်ရှိတဲ့ စပါးစိုက်တဲ့ လယ်ကွင်းတွေ နဘေးမှာ တည်ရှိတဲ့ ဝက်ခြံတစ်ခုကို ဖိနပ်ချုပ်အလုပ်ရုံတစ်ခု အဖြစ် ပြောင်းလဲ သုံးစွဲခဲ့တယ်။
ယနေ့မှာ Huali Industrial Group က တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃ ဘီလျံအထက်မှာ ရောက်ရှိနေပါတယ်လို့ Bloomberg Billionaires Index မှာ ဖော်ပြထားပါတယ်။
ဟွာလီရဲ့ ရှယ်ယာတွေကို လူထုထံ တရုတ်နိုင်ငံ ရှန်ကျန်းမြို့ရှိ စတော့အိပ်ချိန်းမှာ စာရင်းဝင် လုပ်ငန်းအဖြစ် ရပ်တည်ကာ ၂၀၂၁ ဧပြီလမှာ ရောင်းချခဲ့တယ်။ လပိုင်းအတွင်းမှာ ရှယ်ယာတွေ ဈေးတက်ကုန်တာ ၁၆၂ % ဈေးတက်သွားပါတယ်။ ကုမ္ပဏီရှယ်ယာ ၈၇%ကို ကျန်းကွန်ယွမ် မိသားစုက ပိုင်ဆိုင်ထားတာကြောင့် ကျန်းကွန်ယွမ်ရဲ့ ချမ်းသာမှုပမာဏလည်း မြင့်တက်သွားပါတယ်။ အခုဆိုရင် သူက Foxconn Technology သူဌေး Terry Gou ထက် ပိုချမ်းသာသွားပါတယ်။
“ကျွန်တော်က ကျေးလက်ဒေသမှ ကျေးရွာတစ်ခုမှာ မွေးဖွားကြီးပြင်းခဲ့ပါတယ်။ ကျွန်တော်က ကုမ္ပဏီငယ် တစ်ခုကို စီမံနေတာပဲ ရှိပါတယ်” လို့ ကျန်းက ပြောတယ်။ သူ့ကို ချန်စန်းယွမ်ဆိုတဲ့ အမည်နဲ့လည်း သိကြတယ်။
“ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ ကျွန်တော့လုံ့လ အကုန်လုံးကို ရှူးထဲမှာ ထည့်ထားတယ်” လို့ ကျန်းက ပြောတယ်။

၁၉၄၈ ခုနှစ်မှာ တိုင်ဝမ်ရှိ လယ်သမားမိသားစုမှာ ကျန်းကို မွေးဖွားခဲ့တယ်။ စိုက်ပျိုးရေးကောလိပ်မှ ဘွဲ့ရပြီးတဲ့အခါ သူက အမျိုးသမီးစီး ရှူးဖိနပ်တွေ ချုပ်လုပ်တဲ့ စက်ရုံတစ်ခုမှာ အလုပ်ဝင်လုပ်တယ်။ သူရတဲ့ ပိုက်ဆံကို ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်ဖို့ စုဆောင်းတယ်။ ရှူးဖိနပ်ချုပ်လုပ်ငန်း ထူထောင်လုပ်ကိုင်ပြီး အရှိန်ရလာတဲ့အခါ သူက ဖိနပ်ချုပ်စက်ရုံတွေကို တိုင်ဝမ်နဲ့ တရုတ်ပြည်တောင်ပိုင်း ကွမ်ဒေါင်တို့မှာ ထူထောင်ခဲ့တာ ၁၉၈၀ ပြည့်လွန်နှစ်များမှာ ဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်မှာ ကျန်းက ဟောင်ကောင်မှ စီးပွားဖက်များနဲ့အတူ Liangxing Industrial ကို ထူထောင်တယ်။ ၁၉၉၅ ခုနှစ်မှာ Liangxing Industrial ရဲ့ ရှယ်ယာတွေကို လူထုထံ စတင်ရောင်းချခဲ့တယ်။ နောက်တော့ လုပ်ငန်းအမည်ကို Symphony Holdings လို့ ပြောင်းလဲခေါ်ဝေါ်တယ်။ ကျန်းက ဟောင်ကောင်နဲ့ မလှမ်းမကမ်းမှာ တည်ရှိတဲ့ တရုတ်ပြည်မရဲ့မြို့ကြီး တစ်မြို့ဖြစ်တဲ့ ကျောင်ရှန်းမှာ Huali ကို ၂၀၀၄ ခုနှစ်မှာ ထူထောင်တယ်။
Symphony ရဲ့ ပိုင်ဆိုင်မှုတွေကို သူနဲ့ သူ့မိသားစုက ၂၀၁၄ ခုနှစ်မှာ ဝယ်ယူလိုက်ပြီး အဲဒီနှစ်မှာပဲ သူက Symphony မှာ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ်မှ အနားယူလိုက်တယ်။ Symphony ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ဟွာလီ ကြီးထွားတိုးတက်အောင် လုပ်ဆောင်ခဲ့တယ်။

ဟွာလီက ဗီယက်နမ်၊ မြန်မာနဲ့ ကာရေးဘီယံပင်လယ်မှာ တည်ရှိတဲ့ ဒိုမေနီကန်တို့မှာ လုပ်ငန်းတွေ လုပ်ကိုင်လျက် ရှိပါတယ်။

“၂၀၂၀ မှာ ကိုဗစ်ကပ်ဘေးကြောင့် ကမ္ဘာ့စားသုံးသူပတ်ဝန်းကျင် ထိခိုက်ခဲ့ပေမဲ့ ဟွာလီက ထုတ်လုပ်နိုင်စွမ်းကို တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့လို့ အမှာစာတွေကို တင်ပို့ပေးနိုင်ခဲ့တယ်။ ကမ္ယာမှာ ဖြန့်ချပြီး စက်ရုံတွေ နေရာချပေးထားတာ အထောက်အကူ ဖြစ်တယ်။ ပြိုင်ဘက်တွေထက် အမြတ်ကြီးထွားနှုန်း ပိုမြင့်မားစေတယ်” လို့ ကျန်းက သုံးသပ်ပါတယ်။

ဟွာလီက ပြီးခဲ့တဲ့နှစ်မှာ ဝင်ငွေ ယွမ် ၁၃.၉ ဘီလီယံ( ကန်ဒေါ်လာ ၂.၁ ဘီလီယံ) ရရှိခဲ့တယ်။ ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကမ္ဘာတစ်လွှား စက်ရုံပေါင်း ၂၁ ရုံ ထားရှိပြီး လုပ်ကိုင်တယ်။ အသားတင်ဝင်ငွေ ယွမ် ၁.၉ ဘီလီယံ ရရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာတယ်။ ကုမ္ပဏီက ဗိုင်းရပ်စ်ကြောင့် လုပ်ကိုင်ရတာ အကန့်အသတ်တွေ ရှိနေတယ်လို့ ကျန်းက ပြောပြတယ်။ နာမည်ကြီး ရှူးအမှတ်တံဆိပ်အချို့အပေါ် တည်မီနေရတာကြောင့်လည်း ကုမ္ပဏီ ကြီးထွားမှုကို အကန့်အသတ် ရှိနေစေတယ်လို့ သူက သုံးသပ်တယ်။
အခုလို ချမ်းသားတဲ့သူ ဖြစ်လာတာကြောင့် သူ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“ကျွန်တော်က ပျင်းခြောက်ခြောက်နိုင်တဲ့သူပါ။ ကျွန်တော် တော်တဲ့တတ်တဲ့ဟာတွေကို ကျွန်တော် လုပ်ကိုင်နေတာကို ဆက်လုပ်နေတာပါပဲ” လို့ သူက မှတ်ချက်ပြုပါတယ်။

scmp.com

Read 1088 times
Rate this item
(0 votes)