What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ချုပ်ထည်အော်ဒါများ အိန္ဒိယနှင့် မြန်မာတို့ထံမှ ဘင်္ဂလားဒေ့ရှ်သို့ ရွှေ့ပြောင်း

မြန်မာနိုင်ငံတွင် နိုင်ငံရေးအခြေအနေနှင့် ကိုဗစ်အခြေအနေတို့ကြောင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံတွင် ကိုဗစ်အခြေအနေကြောင့်လည်းကောင်း အဝတ်အစား ချုပ်ထည် အော်ဒါများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အဝတ်အစား အထည်ချုပ်လုပ်ငန်းကဏ္ဍသို့ ပြောင်းရွှေ့ မှာကြားကြသည်။

အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံစလုံးတွင် ထောက်ပို့ဆိုင်ရာ ပြဿနာများ လတ်တလော လပိုင်းတွင် ဖြစ်ပေါ်လျက် ရှိသည့်အတွက် အထည်ချုပ်ကဏ္ဍသည် ထုတ်လုပ်တင်ပို့နိုင်စွမ်း ကျဆင်းလျက် ရှိသည်။ သို့ဖြစ်ရာ အော်ဒါများ ရုပ်သိမ်းပြီး ဘင်္ဂလားဒေ့ရှ်သို့ မှာကြားကြသည်။

အထူးသဖြင့် ဥရောပနှင့် အမေရိကန် အခြေစိုက် အသင့်ချုပ်ပြီး အဝတ်အစား ready-made garment (RMG) လက်လီအရောင်းလုပ်ငန်းကြီးများသည် ဘင်္ဂလားဒေ့ရှ်သို့ အော်ဒါများ ပြောင်းရွှေ့လျက် ရှိသည်။

“အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးက ပြင်းထန်နေတယ်။ မြန်မာနိုင်ငံမှာက စစ်အုပ်ချုပ်ရေး အောက်ကို ရောက်နေတယ်။ ဒီတော့ အဝတ်အစားထုတ်ကုန် အမျိုးမျိုးရဲ့ ဝယ်လက်တွေက.အဲဒီနိုင်ငံတွေကို လက်ရှောင်ကြပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို လှည့်လာကြတယ်” ဟု ဘင်္ဂလားဒေ့ရှ် အဝတ်အစား ထုတ်လုပ်သူများနှင့် ပြည်ပတင်ပို့သူများ အသင်း Bangladesh Garment Manufacturers and Exporters Association (BGMEA) ဥက္ကဋ္ဌဖြစ်သူ ဖာရက် ဟပ်စင်က The Financial Express သို့ ဇူလိုင်လဆန်းပိုင်းက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်သည် ပြည်ပဝယ်လက်များ၏ ယုံကြည် စိတ်ချမှုကို ရယူထားနိုင်သည်။ လူ့ကျင့်ဝတ်နှင့် ကျန်းမာရေး ကျင့်ဝတ်တို့အတွက် ကျင့်စဉ်များကို ချုပ်ထည် ထုတ်လုပ်ရေးလုပ်ငန်းများတွင် ထိန်းသိမ်းထားနိုင်ခြင်းကြောင့်လည်း ဘင်္ဂလားဒေ့ရှ်ကို အော်ဒါအတွက် မျက်စိကျကြသည်ဟု ၎င်းက ပြောကြားခဲ့သည်။

မူဝါဒ သုတေသန အင်စတီကျု Policy Research Institute (PRI) မှ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ အာစံ အိပ်ချ် မန်ဆာက ပြောကြားသည်မှာ “ မြန်မာမှာ စက်ရုံတွေ အားလုံးနီးပါး အခု ပိတ်ထားကြတယ်။ လုပ်သားတွေနဲ့ လောဂျစ်စတစ် လုပ်ကိုင်ပေးသူတွေကလည်း သူတို့အလုပ်တွေကို တုံ့ဆိုင်းထားကြတယ်။ အခြားတစ်ဖက်မှာတော့ ကိုရိုနာဗိုင်းရပ်စ်‌ကြောင့် အဆက်ပြတ်တောက်တာတွေ နှစ်နိုင်ငံစလုံးမှာ ဖြစ်ပွားနေတယ်။ အိန္ဒိယမှာ လတ်တလောလပိုင်းအတွင်းမှာ လောဂျစ်စတစ်စနစ် ရပ်ဆိုင်းလုနီးပါး ဖြစ်နေပြီး လုပ်သားတွေလည်း လိုသလောက် မရနိုင်တာကို ရင်ဆိုင်နေရတယ်”

ထိုအချက်များက ဘင်္ဂလားဒေ့ရှ်မှ အသင့်ချုပ်ပြီး အဝတ်အစား ထုတ်လုပ်ရေးကဏ္ဍကို အကျိုးဖြစ်ထွန်းစေသည်။ ပြည်ပပို့ကုန် ချုပ်ထည် အော်ဒါအသစ်များကို လက်ခံရရှိနေစေသည်။ ဘင်္ဂလားရှေ့ အဝတ်အစားပို့ကုန်ပမာဏကို ကြီးထွားစေလိမ့်မည်။

MB Knit Fashion Ltd ၏ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် Bangladesh Knitwear Manufacturers and Exporters Association (BKMEA) ၏ ဒုဥက္ကဋ္ဌ ဖြစ်သူ မိုဟာမက် ဟာတမ်က “ကျွန်တော့ ကုမ္ပဏီမှာ မြန်မာနဲ့ အိန္ဒိယတို့မှ ရွှေ့ပြောင်းလာတဲ့ အော်ဒါတချို့ လက်ခံရရှိခဲ့တယ်။ အဲဒီ ဝယ်လက်တွေက အရင်တုန်းက မြန်မာနဲ့ အိန္ဒိယတို့မှာ အော်ဒါချပေးပြီး ချုပ်ထည်တွေ ယူနေကျ ဖြစ်ပါတယ်။ တချို့အော်ဒါတွေကိုတော့ ကျွန်တော် ငြင်းပယ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ သူတို့ပေးတဲ့ဈေးက မတန်မရာ နည်းလွန်းနေတယ်” ဟု ပြောကြားခဲ့သည်။


ဖာရက် ဟပ်စင်က ပြောကြားသည်မှာ အမေရိကန်မှ လက်ကြီးသမား ဝယ်လက်ဖြစ်သော Walt Disney သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ချုပ်ထည်များ အော်ဒါပေးရန် အစီအစဉ် ရှိသည်။ ၂၁၀၃ ခုနှစ်တင် Tazreen Fashion မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း၊ အထာည်ချုပ်လုပ်ငန်းများ ရှိနေသည့် Rana Plaza အဆောက်အဦ ပြိုကျခြင်းတို့ကြောင့် Walt Disney သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လက်ရှောင်ထားခဲ့ရာမှ ရှစ်နှစ်ကြာပြီးချိန်၌ ယခုတစ်ဖန် အော်ဒါများ ချပေးရန် စီစဉ်လာခြင်း ဖြစ်သည်။ ယခင်က Walt Disney သည် အိန္ဒိယနှင့် မြန်မာတို့မှ အထည်ချုပ်ထုတ်ကုန်များ တင်သွင်းခဲ့သည်။

ဒေါက်တာ အာစံက တိုက်တွန်းသည်မှာ ယခုလို အော်ဒါများ ပြုံကျလာသည့် အချိန်အခါကောင်းတွင် အထည်ချုပ်ကဏ္ဍမှ လုပ်သားများ အကုန်လုံးကို ကိုဗစ်ကာကွယ်ရေး ထိုးနှံနိုင်ဖို့ စီစဉ်ပေးသင့်သည်။ ထိုသို့ ထိုးနှံထားပါက ဝယ်လက်များအနေဖြင့် ဘင်္ဂလားဒေ့ရှ်၏ အသင့်ချုပ်ပြီး အဝတ်အစား ထုတ်လုပ်ရေးကဏ္ဍအပေါ် စိတ်ချလက်ချဖြစ်ခြင်း ပိုတိုးစေမည် ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ၏ Better Work Bangladesh (BWB) အစီအစဉ်တွင် ပူးပေါင်းပါဝင် လုပ်ကိုင်လျက်ရှိသည့် အထည်ချုပ် စက်ရုံများသည် Walt Disney အော်ဒါများကို ရရှိကြမည် ဖြစ်သည်။ လောလောဆယ်တွင် BWB အစီအစဉ်တွင် အကျုံးဝင်သည့် အထည်ချုပ် စက်ရုံပေါင်း ၂၇၇ ခု ရှိသည်။

Source: The Financial Express

Read 744 times
Rate this item
(0 votes)