What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဂျပန်ဈေးကွက်တွင် ပခုက္ကူချည်ထည်များကို ကမ်းလှမ်းမှာယူ

ဇွန်လကုန်က ဂျပန်နိုင်ငံတွင် နှစ်ရက်တာကျင်းပခဲ့သော မြန်မာပွဲတော်၌ ပခုက္ကူချည်ထည်များအား ခင်းကျင်းပြသခဲ့ပြီး ဂျပန်ဝန်ကြီးချုပ်၏ ဇနီးနှင့် ပြပွဲလာသူများ၏ နှစ်ခြိုက်တန်ဖိုးထားမှုများ ရရှိခဲ့ကာ ဂျပန်ဈေးကွက်တွင် တစ်ဆင့်ပြန်လည်ရောင်းချလိုသူများက ကမ်းလှမ်းမှာယူမှုများ ရှိနေကြောင်း ပခုက္ကူ ဂဠုန်မင်းညီနောင် ချည်ထည်လုပ်ငန်းမှ သိရသည်။
" ပြခန်းကို စိတ်ဝင်တစား လာကြည့်ကြပါတယ်။ ချည်ထည်တွေလည်း ရောင်းခဲ့ရပါတယ်။ အော်ဒါတွေလည်း အများကြီးလက်ခံရခဲ့ပါတယ်။ ဂျပန်လုပ်ငန်းရှင်သုံးဦးက အမြဲတမ်းပို့ပေးဖို့ ကမ်းလှမ်းပါတယ်။ ဂျပန်ဝန်ကြီးချုပ်ကတော် မဒမ်အာခိအဲအာဘေး လာကြည့်တယ်။ အလွန်ကြိုက်တယ်လို့ လည်းပြောတယ်။ သူကိုယ်တိုင်လည်း ဝယ်သွားတယ်။ ပြန်ပြီးရောင်းချလိုသူတွေက မြန်မာပြည်မှ ပြန်တဲ့အခါမှာ လေဆိပ်ထိလိုက်ပြီး ကမ်းလှမ်းတာတွေ ရှိခဲ့ပါတယ် " ဟု ပခုက္ကူမြို့ ဂဠုန်မင်းညီနောင် ကုမ္ပဏီလီမိတက် ဒါရိုက်တာက ပြောသည်။
မြန်မာပြည်ဈေးကွက်နဲ့ ယှဉ်ကြည့်လျှင် နှစ်ဆခန့် ဈေးပိုရသည့် အခြေအနေရှိနေပြီး လုံခြည်ချုပ်ပြီး ပတ်ထမီများ၊ ကူရှင်ကာဗာအိတ် နှင့် စားပွဲခင်းအတွက် ချည်ထည်အလွတ်များကို ဂျပန်ဈေးကွက်က ဝယ်ယူကြကြောင်း ကုမ္ပဏီလီမိတက် ဒါရိုက်တာထံမှသိရသည်။
" SME ရှုထောင့်ကနေ ပြောမယ်ဆိုရင် SME လုပ်ငန်းသမားတွေ ဈေးကွက်ရပြီး ဖွံ့ဖြိုးတိုးတက်လာတဲ့အတွက် Supply Change ကြီးတစ်လျှောက် ဖွံ့ဖြိုးလာမှာပါ။ ဥပမာ-ချည်ထည်လုပ်ငန်းမှာ သူတို့ဒေသက ဝါစိုက်ပျိုးသူတွေ၊ ချည်မျှင်ထုတ်လုပ်တဲ့သူတွေ၊ အလုပ်သမားတွေ အားလုံးပေါ့ " ဟု မကွေးတိုင်းဒေသကြီး SME ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သိန်းက ချည်ထည်လုပ်ငန်း ဈေးကွက်ရလာမှုအပေါ် သုံးသပ်ပြောဆိုသည်။

 

Source:The Mirror

Read 1323 times
Rate this item
(0 votes)