What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒါတွေ ရအောင်လုပ်ဖို့ လိုမယ် (၁) (ဖက်ရှင်ဒီဇိုင်နာ ရေရှည်ရှင်သန်ရေး လမ်းပြ)

ဖက်ရှင်ဒီဇိုင်နာတစ်ဦးရဲ့ ခရီးရှည်အစမှာ သူတစ်ပါးဆီမှာ လုပ်ကိုင်ရလေ့ရှိပါတယ်။ အဲဒီအခါမှာ ဘယ်လို အကျိုးကျေးဇူးတွေကို ဆွတ်ခူးရမလဲ။

ဗဟုသုတအသိပညာ
===========
ဖက်ရှင်ဒီဇိုင်း နမူနာထုတ်တာ၊ ပက်တန်လုပ်တာတွေ ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ပြီး ကျွမ်းကျင်မှုတွေနဲ့ အတွေ့အကြုံတွေ၊ အထာတွေကို ရယူဖို့ အရေးပါတဲ့အချိန်ကာလ ဖြစ်ပါတယ်။ ဘာကိုပဲဖြစ်ဖြစ် အခွင့်သာတိုင်း လုပ်ကြည့်ပါ။ လုပ်ကိုင်ပါ။ လိုအပ်တဲ့ အထည်၊ ပစ္စည်းပစ္စယ ၀ယ်ယူတာကအစ ပါဝင်လုပ်ကိုင်ပါ။ သူ ဘာလို့ အောင်မြင်နေရတာလဲဆိုတာ လေ့လာဆန်းစစ်ပါ။ သူ့ကွယ်ရာမှာ လူတွေက ချီးမွမ်းရင် ဘာတွေကို ထောက်ပြပြီး ချီးကျူးကြသလဲ။ ဝေဖန်ရင်လည်း ဘယ်အချက်တွေကို ပြောဆိုကြသလဲ။ ဖက်ရှင်ပြပွဲတွေအပြင် အထည်ချုပ်လုပ်ငန်းကဏ္ဍအတွက် ပြသတဲ့ ပြပွဲတွေကိုလည်း သွားရောက်ကြည့်ရှုပါ။ လေ့လာပါ။ ဖက်ရှင်ထည် လာရောက်အပ်နှံသူတွေနဲ့ အပြောအဆို အပြုအမူတွေကိုလည်း အနီးကပ်လေ့လာပါ။
နည်းနာနိဿယတွေကို လေ့လာပါ။
ကောင်းတာတွေချည်း မလေ့လာပါနဲ့။ ဆိုးဝါးတဲ့ အတွေ့အကြုံတွေကိုလည်း ရင်ဆိုင်ပါ။ အဲဒီအတွေ့အကြုံတွေက ကြီးမားတဲ့ပညာခန်း ပါဝင်နေတယ်။ ခင်ဗျား ဘာတွေကိုတော့ မလုပ်ရဘူးလဲဆိုတာကို ပြသပေးတယ်။

ဝင်ငွေ
=====
သူတစ်ပါးဆီမှာ လုပ်ကိုင်ရတဲ့အခါ တကယ်ကို ထဲထဲဝင်ဝင် လုပ်ရတယ်ဆိုရင် ထိုက်သင့်တဲ့ဝင်ငွေ ရဖို့ လိုတယ်။ မရရင် အဲဒီမှာ ဆက်မလုပ်သင့်ဘူး။
ဝင်ငွေရရှိတယ်ဆိုရင် ငွေလည်းရတဲ့အပြင် ပညာကိုလည်း ရအောင် ယူပါ။ ဒါပေမဲ့ ငွေကို ရှေ့တန်းမထင်ပါနဲ့။ လူတစ်ဦးရဲ့ ဂုဏ်သိက္ခာအတွက်သာ လုပ်ခလစာကို တောင်းဆိုရခြင်း ဖြစ်တယ်။ ဖက်ရှင်လုပ်ငန်းခွင်မှ အလုပ်တွေ ခိုင်းခံရတဲ့အခါ ပိုလုပ်ရလို့ ငွေပိုရမှ လုပ်မယ်ဆိုတာမျိုး အစွန်းမရောက်မိစေနဲ့။ အဲဒီလို ပညာရဖို့နဲ့ငွေရဖို့ တစ်ခုခုကို ရွေးရဖို့ ဖြစ်လာရင် ပညာ၊ အတွေ့အကြုံ၊ လုပ်ခွင့်ရခြင်း စတာတွေကို ရွေးချယ်ပါ။ ငွေကို အနစ်နာခံပါ။
လူသစ်တန်းမှာ ဖန်တီးတဲ့အခါ စိတ်ကူးစိတ်သန်းတွေနဲ့ တကယ့်လက်တွေ့ အပ်စပ်အောင် မချိန်ဆတတ်တာကြောင် မှားမိတာတွေ ရှိတတ်တယ်။ အဲဒီလို ဆိုးဝါးတဲ့ အတွေ့အကြုံတွေကနေ ပညာယူပါ။ အဲဒီအမှားတွေကို အလုပ်ရှင်က သည်းခံပေးထားတယ်ဆိုတဲ့ ကျေးဇူးကိုလည်း သတိရပါ။

အဆက်အသွယ်
========
သူတစ်ပါးဆီမှာ လုပ်ကိုင်နေတာဖြစ်ပေမဲ့ အဲဒီလို လုပ်ကိုင်ခွင့် တစ်နေရာ ရထားတာကြောင့် ခင်ဗျားက ဖက်ရှင်လောကထဲကို ခြေချထားသူ ဖြစ်ခွင့် ရထားတယ်။ ဒီတော့ ဖက်ရှင်လောကကို လေ့လာပါ။ သတင်းပလင်းတွေ နားစွင့်ပါ။ နားထောင်ပါ။ ဒါပေမဲ့ နှုတ်မှ ဖွင့်ဟပြီး မသုံးသပ်ပြပါနဲ့။ မဝေဖန်ပါနဲ့။ ခွေးလှေးခုန်လို့ ဖုန်မထ မာန်ချပြီး နေပါ။ အဲဒီလို ဝေဖန်ပြောဆိုတာတွေဟာ လူမှုရေးကိစ္စတွေကအစ ကိုယ့်ကို လူမုန်းခံရတတ်တယ်။ ဒီလောကထဲ လူချစ်လူခင်များအောင် နေပါ။ နောင်တစ်ချိန် ကိုယ်ခြေထောက်ပေါ် ရပ်တဲ့အခါ အဲဒီအသိ အဆက်အသွယ်တွေဟာ အလွန်အသုံးကျတယ်ဆိုတာ သိလာမယ်။ အဲဒီအသိုင်းအ၀ိုင်းကြားမှာ ဘယ်သူဘာဝါရဲ့ တပည့်လက်ထွက်ဆိုတာကလည်း နာမည်တစ်လုံးရဖို့ အသုံးတည့်ပါတယ်။ ပြီးတော့ တစ်ခါတလေ လက်ငင်းမချေဘဲ ပစ္စည်းပစ္စယ ယူသုံးဖို့ ဖြစ်လာတဲ့အခါ အကြွေးနဲ့ ယူထားလို့ ရတာမျိုးအထိ အခွင့်သာစေပါတယ်။ ခင်ဗျား လာမယ်ဆို တံခါးဖွင့်ပေးထားကြလိမ့်မယ်။

အောက်ပါပုံကို တို့ထိပြီး သွားရောက်ဖတ်ရှုနိုင်ပါကြောင်း

ဖက်ရှင်ဒီဇိုင်နာ ရေရှည်ရှင်သန်ရေး လမ်းပြ = ဒါတွေ ရအောင်လုပ်ဖို့ လိုမယ် (၂)

fg

Read 3383 times
Rate this item
(0 votes)