What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သက်လုံကောင်းဖို့ လိုမယ် (ဖက်ရှင်ဒီဇိုင်နာ ရေရှည်ရှင်သန်ရေး လမ်းပြ)

ဖက်ရှင်ဒီဇိုင်နာ ခရီးအစမှာ ကြုံရတတ်တာတွေမှာ ကိုယ်ပိုင်လုပ်ငန်းလုပ်မယ် စိတ်ကူးရင်

တောင့်ခံထားဖို့ ငွေကြေးအလုံအလောက် ရှိနေဖို့ လိုတယ်။ အဲဒါမှ ကြိုးစားရုန်းကန်ရတဲ နေ့ရက်တွေကို ဖြတ်သန်းဖို့ အဆင်ပြေမယ်။ တစ်နည်းပြောရရင် ငွေရေးကြေးရေး သက်လုံကောင်းဖို့ လိုမယ်။
ဝင်ငွေရမယ့် အခြားအလုပ်ကို လုပ်ရင်း ဖက်ရှင်ဒီဇိုင်နာအလုပ်ကို တွဲလုပ်သင့်တယ်လို့ အကြံပေးလိုပါတယ်။
လုပ်ရင်းကိုင်ရင် အဆင်ပြေလာလို့ လုပ်ငန်းတစ်ခုကို ထူထောင်လုပ်ကိုင်တဲ့အခါ ကုန်ကျစရိတ်ကို မှန်းထားတာရဲ့ ၁၀ ဆ အထိ ကုန်နိုင်တယ်လို့ ယူဆရမယ်။ အဲဒါမှ နှစ်အတန်ကြာ ဆက်လက်တည်တံ့ပြီး ရပ်တည်နိုင်မယ်။
ဖက်ရှင်ဒီဇိုင်းနာ ဘ၀အစမှာ တစ်ပတ် ၇ ရက်၊ တစ်နေ့ ၁၂ နာရီနဲ့အထက် လုပ်ကိုင်ရတဲ့ကာလတွေ ရှိကောင်းရှိမယ်။ အဲဒီလိုလုပ်ကိုင်တာဟာ ဘ၀စတိုင် lifestyle ဖြစ်နေလိမ့်မယ်။ စားလည်း ဒီစိတ် သွားလည်း ဒီစိတ် ဒီဇိုင်းကို စဉ်းစားနေတဲ့ ရက်တွေ ရှိမယ်။ ဒီတော့ ဒီဇိုင်းနာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာတို့မှာ သက်လုံကောင်းဖို့ လိုတယ်။

ဒီဇိုင်းနာတစ်ဦးအဖို့ အလုပ်တွေ ဖြစ်လာတဲ့အခါ တစ်နေ့တာ အလုပ်ချိန်မှာ ဒီဇိုင်းကိစ္စကို ၅ ကနေ ၁၀% အထိပဲ အချိန်ရမယ်လို့ မှတ်ယူပါ။ ကိုယ့်ဘာသာကိုယ် အစစအရာရာ လုပ်ကိုင်ရတာမို့ ဗာရီယကိစ္စတွေ အကုန်လုံး ကိုယ်ပဲ လုပ်ရမှာ။ ဖက်ရှင်လာအပ်တဲ့သူနဲ့ စကားစမြည်ပြောဆိုရတဲ့အချိန်တွေ၊ အကြွေးတောင်းရတာမျိုးတွေ၊ ဆိုင်မှာ သွင်းရင်လည်း ဆိုင်ကို ပစ္စည်းပို့ရတာ၊ ဆိုင်မှာ ကြွေးကျန်တောင်းရတာ အဲဒါတွေနဲ့တင် လုံးချည်ချာလည်လိုက်ရင်း အချိန်တွေ ကုန်တယ်။ 

ကိုယ်ပဲ အလုပ်ရှင် ကိုယ်ပဲ အလုပ်သမား ဖြစ်တာမို့ ကိုယ့်ဘာသာကိုယ် စည်းကမ်းထားဖို့ လိုတယ်။ အချိန်ဇယား ထားဖို့ လိုတယ်။ ပြီးတော့ အရေးအကြီးဆုံးက ချိန်းထားတဲ့ရက်မှာ အပ်ထည်ကို လာရွေးရင် ပေးနိုင်ရမယ်။
အ၀တ်အစား ချုပ်တဲ့အခါ ကြုံရနေကျဖြစ်တဲ့ဒုက္ခက ရက်ချိန်း မမှန်တာပဲ။ စင်္ကြာတံဆိပ် မဖြစ်စေနဲ့။ နေ့စဉ် ဒီနေ့ ဘာတွေ ပြီးစီးမှ ဖြစ်မယ်ဆိုပြီး သတ်သတ်မှတ်မှတ် လုပ်ကိုင်ရမယ်။


အလုပ်လုပ်နေတာ။ စီးပွားရှာနေတာ။ ဒီဇိုင်နာဟာ ဆိုင်မှာ အကြွေးတောင်းတာ၊ ဖက်ရှင်ချုပ်ပေးဖို့ လာအပ်တဲ့အခါ ထိုက်သင့်တဲ့ငွေကို တောင်းခံတာအတွက် မ၀ံမရဲ မဖြစ်ရဘူး။ မာရမယ်။ ဒီဇိုင်စဉ်းစားဖန်တီးတဲ့အချိန်မှာတော့ စိတ်က ပျော့ညွှတ်နေရမယ်။ တစ်ကိုယ်နှစ်စိတ် ဖြစ်ဖို့လိုတယ်။
ဖုတ်ပူမီးတိုက် ပွဲရက်နီးမှ အသည်းအသန် လာအပ်တာမျိုးမှာ သူလိုချင်တဲ့ရက် မရနိုင်ဘူးဆိုရင် မရနိုင်ကြောင်း ပြတ်ပြတ်သားသား ပြောရမယ်။ ရက်ချိန်းကို ကတိတည်တဲ့သူ ဖြစ်ဖို့က ပိုအရေးကြီးတယ်။

ဒီဇိုင်နာအလုပ်ဟာ ပုံမှန်ဝင်ငွေရတဲ့ လခစားလို မဟုတ်ဘူး။ ပုံပြီး ကျလာတဲ့ ရက်တွေ ရှိသလို လာအပ်မယ့်သူ မရှိတဲ့ ရက်တွေလည်း ရှိတယ်။ အဲဒီအတွက်လည်း ပြင်ဆင်ထားဖို့ လိုတယ်။

ပလိုင်းပေါက်နဲ့ဖားကောက်ရတဲ့ အဖြစ်တွေလည်း ရှိတယ်။ စတိုးဆိုင်မှာ တင်ထားတာ ရောင်းပြီးသွားပေမဲ့ ငွေမရှင်းပေးလို့ ကြွေးဆုံးတာမျိုး ရှိတတ်တယ်။ ကိုယ့်ဒီဇိုင်းကို တုပပြီး လုပ်စားသွားတာတွေလည်း ရှိတတ်တယ်။ ဒါတွေက တခြားနယ်ပယ်တွေမှာလည်း ရှိတတ်ပါတယ်။ ကြုံရနေကျ သဘာဝလို့ မှတ်ယူထားရမယ်။

အဲဒီဒဏ်တွေ ခံနိုင်ဖို့အတွက် သက်လုံကောင်းဖို့ လိုပါတယ်။

လုပ်မှားကိုင်မှားတွေလည်း ရှိစမြဲပါ။ အဲဒီအတွက်လည်း သက်လုံကောင်းဖို့ လိုတယ်။ နာမည်ကောင်းရအောင် တည်ဆောက်ပါ။ လူသိများလာချိန် ကိုယ့်မှာ လုံလောက်တဲ့ အတွေ့အကြုံတွေလည်း ရထားပြီးမှ တဖြည်းဖြည်းချင်း ကိုယ်ပိုင်လုပ်ငန်း ထူထောင်တဲ့အဖြစ်သို့ ကူးပြောင်းပါ။ လောမကြီးပါနဲ့။ စိတ်ရှည်ပါ။

ရထားတဲ့ အရည်အသွေးအသစ်တွေ၊ အတွေ့အကြုံတွေဟာ မိမိထံမှ ပြန်ပျောက်မသွားဘူး။ ဒီတော့ အတောင်အလက်စုံမှ စတင်ပျံသန်းလိုက်ပါ။

 အောက်ပါပုံကို တို့ထိပြီး သွားရောက်ဖတ်ရှုနိုင်ပါကြောင်း

ဖက်ရှင်ဒီဇိုင်နာ ရေရှည်ရှင်သန်ရေး လမ်းပြ = ဒါတွေ ရအောင်လုပ်ဖို့ လိုမယ် (၁)

fg

Read 1379 times
Rate this item
(0 votes)