What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်တိုက် Shein ရဲ့ မဟာအောင်မြင်မှု

Shein ကို တရုတ်ပြည်တွင်းမှာ လူသိနည်းတယ်။ Shein က ပြည်ပဈေးကွက်တွေကိုသာ အဓိကထားပြီး တင်ပို့တယ်။

၂၀၀၈ ခုနှစ်မှာ တရုတ်နိုင်ငံ နန်ဂျင်းမြို့မှာ စတင်ထူထောင်ခဲ့စဉ်ကတည်းက ပင်လယ်ရပ်ခြား ဈေးကွက်တွေကိုပဲ အာရုံစိုက်ခဲ့ပါတယ်။ ပြည်ပဈေးကွက်တွေမှာ မြေပြင်အခြေစိုက် ဆိုင်ကြီးဆိုင်ငယ် ဖွင့်လှစ်ခြင်း မပြုဘဲ အွန်လိုင်းမှာပဲ ဆိုင်ဖွင့်ပြီး ရောင်းချခဲ့ပါတယ်။
ပြီးခဲ့တဲ့မှာ ဝင်ငွေ နှစ်ဆကျော် တိုးပြီး ကန်ဒေါ်လာ ၁၀ ဘီလျံ ပမာဏသို့ ရောက်ရှိခဲ့ပါတယ်။ ယခုနှစ်ဝက်မှာတော့ ကန်ဒေါ်လာ ၂ ဘီလျံကျော် ရရှိခဲ့ပြီး ဖြစ်ပါတယ်။
Shein ရဲ့ အောင်မြင်မှု အဓိက အကျဆုံးကတော့ အမြန်နှုန်း ဖြစ်ပါတယ်။ ဖက်ရှင်ထည်တစ်စုံစာကို ဒီဇိုင်း စထုတ်တာကနေ အမြောက်အမြား ထုတ်လုပ်တဲ့အထိ ကြာချိန်ကို ၅ ရက်မှာ ၇ ရက်အတွင်း အပြီးအစီး ထုတ်လုပ်နိုင်အောင် ကုမ္ပဏီမှာ စီမံထားပါတယ်။ နှိုင်းယှည်ကြည့်မယ်ဆိုရင် အမြန်ဖက်ရှင်လောကမှာ ကြီးစိုးနေတဲ့ စပိန်မှ Zara က ၂ ပတ် ၃ ပတ် အချိန်ယူပါတယ်။

များပြားလှတဲ့ အချက်အလက်များဖြင့် ဆန်းစစ်

Shein က အွန်လိုင်းမှာပဲ လုပ်ကိုင်တာဖြစ်လို့ အင်တာနက်အပိုင်းကို အထူးဂရုပြုပါတယ်။ ဂူးဂဲမှာ ဘယ်ဖက်ရှင်မျိုးတွေကို လူတွေ အများဆုံး ရှာဖွေကြည့်ရှုနေကြသလဲ။ ခေတ်စားနေသလဲဆိုတာ မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာတယ်။ ဈေးကွက် တစ်ခုချင်းအလိုက် ရေပန်းစားတဲ့ ဖက်ရှင်ဒီဇိုင်းတွေကို ခန့်မှန်းတယ်။ ဆုံးဖြတ်ချက်တွေ ချတယ်။ ကုမ္ပဏီရဲ့ ဖက်ရှင်ဒီဇိုင်းသမားတွေက ရှေ့ပြေးနမူနာကို အမြန်ဆုံး ဒီဇိုင်းထုတ်ပြီး ချုပ်လုပ်တယ်။ ထုတ်လုပ်ဖို့ ဆုံးဖြတ်ချက်ကို ချမှတ်ပြီး လိုအပ်မယ့်ပစ္စည်းတွေအတွက် အမှာစာ တင်ပြီး ချုပ်လုပ်မှု စတင်ကာ ထုတ်လုပ်တယ်။
ဖက်ရှင်အထည်အသစ်တစ်ခုကို ပလက်ဖောင်းပေါ်မှာ live လွှင့်တင်ပေးတယ်။
သုံးစွဲသူတွေရဲ့ အပြုအမူတွေကိုလည်း Shein က မှတ်တမ်းတင်ပြီး လေ့လာဆန်းစစ်တယ်။ ကလစ်လုပ်တာတွေ၊ ရှာဖွေတာတွေ၊ ဈေးဝယ်ခြင်းထဲ ထည့်တာတွေကို မှတ်တမ်းတင်ထားပြီး ဆန်းစစ်တယ်။ ရောင်းအားအခြေအနေတွေအရ ထပ်ထုတ်ဖို့ လိုအပ်ရင် ပစ္စည်းပေးသွင်းတဲ့သူတွေဆီ အမှာစာ ချက်ချင်းတင်ပြီး ထပ်မံချုပ်လုပ်ကာ ဈေးကွက်သို့ အလျင်မီ တင်ပို့ပေးတယ်။ အချို့အဆင့်တွေကို အလိုအလျောက် လုပ်ကိုင်နိုင်အောင် စီစဉ်ထားတယ်။
မှတ်သားစုဆောင်းထားတဲ့ နောက်ဆုံးရ အချက်အလက်တွေဖြင့် ဖြစ်နိုင်ခြေတွေကို ဆော့ဖ်ဝဲတွေက ကောက်ချက်ချပေးတယ်။ လူမပါဘဲ အလိုအလျောက် လုပ်ဆောင်သွားတာ ဖြစ်ပါတယ်။
ဖက်ရှင်ထည်ဒီဇိုင်း အမျိုးမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်တယ်။ တစ်ရက်ကို ဖက်ရှင်အသစ် အမျိုးပေါင်း ၁,၀၀၀ ကျော် ထုတ်လုပ်တယ်။ တချို့ရက်တွေမှာ ၆,၀၀၀ နီးပါးအထိ ထုတ်လုပ်တယ်။ Shein မှာ ထုတ်လုပ်တဲ့ ဖက်ရှင်ဒီဇိုင်း အရေအတွက် တစ်ပတ်စာက Zara တစ်နှစ်ပတ်လုံး ထုတ်လုပ်တဲ့ အရေအတွက် ပမာဏနဲ့ ညီမျှတယ်။
ဈေးနှုန်းကျတော့လည်း ဈေးချိုပါတယ်ဆိုတဲ့ Zara ထက် Shein က ဈေးပိုချိုတယ်။ အရည်အသွေး အတူတူ ဖြစ်ပြီး ဒီဇိုင်းကလည်း ခပ်ဆင်ဆင်ဖြစ်တဲ့ ဂျင်းဘောင်းဘီတစ်ထည်ကို Zara က ကန်ဒေါ်လာ ၅၀ ဝန်းကျင်ဖြင့် ရောင်းချပြီး Shein က ၁၇ ကန်ဒေါ်လာဖြင့် ရောင်းချတာမို့ ခေါက်ချိုးမက သက်သာနေတယ်။

သွင်းအားစု စီမံထားပုံ
Shein အတွက် လိုအ်ပတဲ့ ပစ္စည်းပေး’သွင်းသူတွေကို ရက်ပေါင်း ၃၀ မှ ၄၅ ရက်အတွင်း ငွေချေပေးတယ်။ ဖက်ရှင်လုပ်ငန်းမှာ ပုံမှန်အားဖြင့် ရက်ပေါင်း ၉၀ အကြွေးထားကြတာကို Shein က ရက်တိုတိုဖြင့် ပေးချေတာ ဖြစ်ပါတယ်။ အဲဒီအတွက် သွင်းဈေးမှာ ပိုသက်သာတဲ့ဈေးနှုန်းများဖြင့် ရရှိတယ်။ Shein မှာ ပုံမှန်အားဖြင့် ပစ္စည်းပေးသွင်းနေသူတွေမှာ လုပ်ငန်းတိုးချဲ့ချင်တယ်ဆိုရင် Shein က စိစစ်ပေးပြီး ဆီလျော်တယ်ဆိုပါက ချေးငွေ ထုတ်ချေးပေးတယ်။ Shein ကို ပစ္စည်းပေးသွင်းကြသူတွေဟာ Shein မှ ချမှတ်ပေးထားတဲ့ ဆော့ဖ်တဲလ်တွေနဲ့ Shein အတွက် လိုအပ်မယ့် အချက်အလက်တွေ ထည့်သွင်းပေးကြရတယ်။ Shein မှာ လက်ကျန်နည်းနေလို့ ထပ်မှာယူရင် ဆော့ဖ်ဝဲတွေက အလိုအလျောက် လုပ်ကိုင်ပေးသွားတယ်။ ပေးသွင်းတဲ့သူနဲ့ Shein တို့အကြား အချိတ်အဆက် မိနေစေတယ်။ အခုလို စီမံပေးထားတာတွေကြောင့် ပစ္စည်းပေးသွင်းသူတွေဟာ ပိုသက်သာတဲ့ဈေးနှုန်းတွေနဲ့ Shein ထံ ပေးသွင်းနေသော်လည်း အကျိုးအမြတ် ထိုက်သင့်သလောက် ဆက်လက်ရရှိနေစေတယ်။ Shein အနေဖြင့် သွင်းအားစု ကုန်ကျစရိတ် သက်သာတဲ့အတွက် ထုတ်ကုန် ဖက်ရှင်ထည်တွေရဲ့ ရောင်းဈေးတွေကို သက်သက်သာသာဖြင့် ရောင်းချနေပေမဲ့လည်း Shein အတွက် အမြတ်ကျန်ဆဲ ဖြစ်ပါတယ်။
အခုဆိုရင် Shein ကို ပုံမှန်ပစ္စည်းပေးသွင်းသူ ၃၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီတွေဟာ Shein ရဲ့ ကျေးဇူးနဲ့ မကင်းရာ မကင်းကြောင်းတွေ ဖြစ်ကြတာမို့ အတည် ၃၀ စာအတွက်သာ ပစ္စည်းမှာတယ်ဆိုရင်လည်း မဆိုင်းမတွ ပေးသွင်းဖို့ အသင့် ရှိကြတယ်။ ပုံမှန်အားဖြင့် ပစ္စည်းပေးသွင်းသူတွေက အမှာစာ ရရှိချိန်မှ စလို့ ၁၅ ရက်မှ ၂၀ ရက်အထိ ကြာတတ်တယ်။ Shein မှတော့ ၇ ရက် ၈ ရက်သာ ကြာလေ့ရှိပြီး တစ်ခါတစ်ရံမှာ ၃ ရက်ပဲကြာတယ်။

shein_2.jpg

 

ဝတ်ဆင်သူများက မြင်သိစေ
Shein မှ ထုတ်လုပ်တဲ့ အဝတ်အစားတွေကို လူအများ စိတ်ဝင်စားမှု ရရှိအောင် အွန်လိုင်းမှာ ကြိုးပမ်း အားထုတ်တယ်။ အဲဒီအတွက် ဈေးကွက်မဟာဗျူဟာ ချမှတ်လုပ်ဆောင်တယ်.။ ဆိုရှယ်မီဒီယာ၊ သုံးစွဲသူများရဲ့ တင်ပြချက်များ၊ ရှာဖွေတိုင်း တွေ့ရှိစေရေး စတာတွေကို အစွမ်းကုန် လုပ်ကိုင်တယ်။ ဗီဒီယိုအတိုတွေလည်း ထုတ်လုပ်တင်ဆက်တယ်။ live တွေလည်း လွှင့်တယ်။
အဝတ်အစား ဝတ်ဆင်သူတွေထဲမှာ ဇီမျိုးဆက် Generation Z ကို အာရုံစိုက်တယ်။ လူငယ်တွေက ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ပြသလိုတယ်။ အများက မြင်တွေ့စေလိုတယ်။ အဲဒီအတွက် အဝတ်အစားတွေကိုသာမက သူတို့ကိုယ်တိုင် ပါဝင်လုပ်ကိုင်လို့ ရစေမယ့် အစီအစဉ်တွေပါ စီစဉ်ပေးတယ်။
Shein ရဲ့ ဖက်ရှင် အဝတ်အစားတွေနဲ့ ဓာတ်ပုံတွေ ဗီဒီယိုအတိုတွေ ရိုက်ပြီး တင်ပြနိုင်ဖို့ စီစဉ်ပေးထားတယ်။ TikTok, Facebook, Instagram, YouTube, Pinterest ပလက်ဖောင်တွေမှ တင်ပြနိုင်စေတယ်။ ထုတ်ကုန်တွေကို လူပိုမြင် လူပိုသိစေတယ်။
ဆိုရှယ်မီဒီယာ ဖက်ရှင်လောကမှာ ထင်ရှားပြီး ပရိသတ်ကို ဩဇာပေးနိုင်တဲ့သူတွေကိုလည်း Shein က မိတ်ဖက်ပြုထားတယ်။ Shein ရဲ့ ဖက်ရှင်ထည်တွေကို လစဉ်လတိုင်း အခမဲ့ ရရှိတယ်။ ရောင်းချပေးရင် ကော်မရှင် ၁၀% မှ ၂၀% အထိပေးတယ်။ သူတို့က Instagram, YouTube, TikTok တို့မှာ Shein ရဲ့ အဝတ်အစားတွေကို အမြဲမပြတ် တင်ပြပေးနေကြတယ်။

ဘယ်လမ်းကို ရွေးမလဲ
Shein ရဲ့ မူလအစက အမျိုးသမီး ဖက်ရှင်ထည်တွေ ဖြစ်ပါတယ်။ အခုအခါမှာတော့ အခြားဖက်ရှင်တိုက်များနည်းတူ ဖက်ရှင်ပစ္စည်းအမျိုးမျိုးကို Shein က ထုတ်လုပ်ရောင်းချလျက် ရှိပါတယ်။ ရှူးတွေ၊ အသုံးအဆောင်တွေ၊ အိတ်အလှတွေ၊ အလှကုန်တွေအပြင် အိမ်သုံး.ပရိဘောဂတွေကိုပါ Shein က ထုတ်လုပ်ဖြန့်ချိလျက် ရှိပါတယ်။ တစ်နည်းပြောရရင် e-commerce ကို နယ်ပယ်စုံ ဖြစ်ဖို့ ဦးတည်လုပ်ကိုင်နေတယ်။
e-commerce ပေတံနဲ့ တိုင်းတာကြည့်ရင် Shein မှာ လစဉ်ပုံမှန် သုံးစွဲသူ ၇ သန်းပဲ ရှိတာမို့ အသေးစားအဆင့်ပဲ ရှိပါသေးတယ်။ သန်းရာချီတဲ့ မဟာတွေရဲ့ အဆင့်ကို ရောက်ဖို့ အများကြီး လိုနေပါတယ်။ သုံးစွဲသူ များလေ ဒေတာအချက်အလက်တွေ ပိုရရှိလေ ဖြစ်ပြီး အတွင်းကျကျ ပိုမိုဆန်းစစ်နိုင်လေ ဖြစ်တဲ့အတွက် ငွေရဖို့ လမ်းပိုပွင့်လေ ဖြစ်ပါတယ်။
Shein ထုတ်လုပ်မှုအတွက် ကုန်ကြမ်းတွေ မှာယူခြင်း၊ ရောင်းချမှုအတွက် ကုန်ချောများ ပေးပို့ဖြန့်ချိခြင်းတို့ကို ကြိုတင်တွက်ဆပြီး ကြိုတင်ထုတ်လုပ်တဲ့ စနစ်ကို မသုံးစွဲဘဲ လက်ငင်းအခြေအနေအရ ကုန်ကြမ်းများ မှာယူခြင်း၊ ကုန်ချောထုတ်လုပ်ခြင်း၊ ကုန်ချောဖြန့်ဖြူးခြင်းပြုတဲ့ စနစ် တစ်နည်းပြောရရင် supply-chain "pull" model ကို ဆော့ဖ်ဝဲလ်များဖြင့် ထီတွင်ဆန်းသစ်ပြီး လုပ်ကိုင်လျက် ရှိပါတယ်။ ယခုထက် ပိုကြီးထွားလာမယ်ဆိုရင် ထောက်ပံ့ပို့ဆောင်ရေး logistics အပိုင်းကို ခိုင်မာကြီးထွားအောင် လုပ်ရပါလိမ့်မယ်။ e-commerce မဟာကြီးဖြစ်တဲ့ Alibaba မှာ Cainiao Smart Logistics Network ရှိတယ်။ JD.com ကန်ဒေါ်လာတွေ ဘီလျံချီ ရင်းနှီးမြှုပ်နှံပြီး JD Logistics လက်တံကို ထူထောင်ထားတယ်။
ဒီတော့ Shein အနေဖြင့် လက်ရှိအဆင့်မှာပဲ ကျေနပ်ပြီး မတိုးချဲ့ဘဲ ကျစ်ကျစ်လစ်လစ်ဖြင့် လုပ်ကိုင်မလား။ တိုးချဲ့မယ်ဆိုရင်လည်း ကိုယ်ထူကိုယ်ထ သီးခြားရပ်တည် လုပ်ကိုင်မလား။ တခြားရှိပြီးသား အွန်လိုင်းဝန်းကျင်ထဲမှာ ပူးပေါင်းပြီး လုပ်ကိုင်မလား၊ ဘယ်လမ်းကို ရွေးမလဲဆိုတဲ့ လမ်းဆုံနေရာတစ်ခုကို ရောက်ရှိနေပါတယ်။

 

Read 818 times
Rate this item
(1 Vote)