အ၀တ်အစားချုပ်ဖို့ pattern အပိုင်းတွေကို စကေးကိုက် ရေးဆွဲပြီး ပုံအသေး မျှဝေတယ်။ အဲဒီ ပုံစံငယ်ပေါ်မှာ အလျားနဲ့ အနံ အတိုင်းအတာတွေလည်း ဖော်ပြပေးထားတာအရ
ပုံစံကြီး ပြန်ထုတ်တယ်။ ၁ လက်မပတ်လည် ဂရစ်အကွက်တွေ ဆွဲထားတဲ့ စက္ကူပေါ်မှာ ပုံကို သေသေချာချာ ပြန်ရေးဆွဲတယ်။ အကွေးနေရာတွေကို လက်နဲ့ အလွတ်ဆွဲတာ ရှိသလို မျဉ်းကွေးဆွဲဖို့ ပေတံကို သုံးပြီး ဆွဲတာလည်း ရှိမယ်။ ဂရစ်ကွက် မပါဘဲ ဆွဲလည်း ရတယ်။ သန်ရာသန်ရာပေါ့။
အဲဒီလို စကေးကိုက်ပုံတူကို ပုံကြီးဆွဲလို့ရလာတဲ့ pattern ကို “စံနမူနာအရွယ်ပုံစံ” လို့ ခေါ်ကြတယ်။ အဲဒီဟာ အကြမ်းထည် pattern ဖြစ်ပါတယ်။ ချုပ်သားထည့်မတွက်ထားဘူး။ ၀တ်ဆင်မယ့်သူနဲ့ အဆင်ပြေပြီး အံကိုက်ဖြစ်စေအောင် ချောင်ချိမှု ease လည်း ထည့်မထားရသေးဘူး။ ဒီတော့ များသောအားဖြင့် သေးငယ်နေမှာ ဖြစ်ပါတယ်။
Pattern Grading
***********
တကယ် အသုံးပြုမယ့် အရွယ်ပြည့် pattern ဖြစ်လာဖို့ ပြန်ချိန်ညှိရတယ်။ တစ်နည်းပြောရရင် pattern grading လုပ်ကြတယ်။
အကျယ်ကို ချိန်ညှိတာနဲ့ ပတ်သက်လို့ Pattern Grading Guide မှာ ဖော်ပြပေးထားတာ ဖတ်ရှုနိုင်ပါတယ်။
ဘယ်လောက်ပြောင်းပေးရမှာလဲဆိုတာကို အရင် ဆုံးဖြတ်ပေးဖို့ လိုတယ်။ တကယ်လိုအပ်တဲ့ အတိုင်းအတာမှာ ၀တ်ဆင်မှုအတွက် ချောင်ချိမှု wearing ease နဲ့ ချုပ်သားတို့ကို ထည့်တွက်ထားပြီးသား ဖြစ်ရမယ်။ အဲဒီအတိုင်းအတာနဲ့ စံနမူနာ pattern ရဲ့ အတိုင်းအတာတို့ကို ခြားနားလိုက်ရင် ပြောင်းပေးရမယ့်ပမာဏကို ရမယ်။
ဥပမာ တကယ်လိုအပ်တဲ့ ခါး အတိုင်းအတာက ၂၅ လက်မခွဲ၊ pattern အတိုင်းအတာမှာက ၁၉ လက်မ ဖြစ်နေတယ်ဆိုရင် နောက်ထပ် ၆ လက်မခွဲ ထပ်ကြီးပေးရမှာ ဖြစ်ပါတယ်။ အဲဒီမှာ ပါဝင်နေတဲ့ pattern အပိုင်း အရေအတွက်အရ တစ်ပိုင်းစီ ဘယ်လောက်ထပ်ကြီးပေးရမလဲဆိုတာ တွက်ချက်တယ်။ ခါးနေရာမှာ ရှေ့ဖက်အတွက် တစ်ပိုင်း၊ ကျောဘက်အတွက် တစ်ပိုင်း အပိုင်း ၂ ပိုင်း ပါဝင်ပတ်သက်နေတယ်ဆိုရင် တစ်ပိုင်းမှာ ၃ ၁/၄ လက်မစီ ထပ်ကြီးပေးရမှာ ဖြစ်တယ်။ အဲဒီလို တစ်ပိုင်းစီမှာ ဘယ်လောက် တိုးပေးရမလဲ သိပြီးရင် နမူနာpattern ကို ထောင်လိုက်တွေ ဖြတ်တောက်ပြီး အပိုင်းတွေကြားမှာ ချဲပေးပြီး ပုံကြီးသွားအောင် လုပ်တယ်။ ပြီးရင် တိပ်နဲ့ နေရာမရွေ့အောင် ကပ်ပေးထားပြီး ပုံကြီးကို ဆွဲတယ်။
Pattern Grading Guide မှာ ဖော်ပြပေးထားတာ အသေးစိတ် ဖတ်ရှုနိုင်ပါတယ်။
အနံ(အကျယ်)ကို ချိန်ရသလို အလျားကို ချိန်ရတာမျိုးလည်း ရှိတယ်။ ရှည်လွန်းနေတယ်ဆိုရင် ခေါက်သားပေးပြီး တိုအောင် လုပ်တယ်။ တိုလွန်းနေတယ်ဆိုရင် အပိုင်းတွေ ဖြတ်ပြီး တစ်ပိုင်းနဲ့တစ်ပိုင်းအကြား ချဲပေးပြီး ရှည်သွားအောင် လုပ်တယ်။
သတိရပါ
********
မမေ့ဖို့ လိုတာလေးတွေ ပြောပြဦးမယ်။
● pattern တွေမှာ နှစ်ခြမ်းစေ့တဲ့ နေရာတွေကို ထည့်သွင်းရေးဆွဲပေးလေ့ မရှိဘူး။ ကြယ်သီးတပ်မယ့်နေရာနဲ့ ကြယ်သီးပေါက်နေရာ၊ အသားနှစ်ထပ် ထပ်ချုပ်ပေးရမယ့်နေရာတွေအတွက် pattern မှာ မပါဘူး။ ဒီတော့ အ၀တ်စကို ဖြတ်ဖို့ ပုံချဆွဲရင် အဲဒီဟာတွေ ထပ်ထည့်ပေးဖို့ သတိရပါ။
● pattern တွေတိုင်းမှာ အမည် label တွေ သေသေချာချာ ဂရုတစိုက်ဖြင့် မှတ်သားပေးထားပါ။ pattern မှာ ဖော်ပြထားတဲ့ အမှတ်အရာတွေကို အရွယ်ပြည့် pattern ပြုလုပ်ရမှာ ကူးယူမှတ်သားပေးပါ။
● ကိုယ်ခန္ဓာကို တိုင်းတာတဲ့အခါ အောက်ခံအဖြစ် ၀တ်ထားမယ့်ဟာ ရှိနေရင် အပေါ်မှာ ထပ်ဝတ်မယ့် အ၀တ်အစားအတွက် အတိုင်းအတာမှာ အဲဒီအောက်ခံဝတ်ဆင်ထားတာအတွက်ပါ ထည့်တိုင်းပေးဖို့ သတိရပါ။
● အရွယ်ပြည့် pattern ကို စကေးချဲ့ယူတဲ့အခါ အချိုးအစား ဆတိုးယူရင် ၀တ်ဆင်မယ့်သူရဲ့ ကိုယ်ခန္ဓာ အတိုင်းအတာတွေကို ထည့်စဉ်းစားဖို့ သတိရပါ။ ဥပမာ စကပ်ကို အရွယ်ပြည့် pattern စကေးချဲ့ယူတယ်ဆိုရင် ၀တ်ဆင်မယ့်သူ ခြေထောက် အရှည်အတိုအရ ဆီလျော်မှု ရှိအောင် စကပ်အရှည်ကို ပြောင်းလဲသတ်မှတ်ပေးရတော့မှာ ဖြစ်ပါတယ်။
● အမြဲသတိရဖို့တစ်ချက်က ၀တ်ဆင်တဲ့အခါ ချောင်ချိမှု wearing ease ဖြစ်ပါတယ်။ pattern ပုံစံငယ်ကို ပုံစံကြီးအဖြစ် ပုံကြီးချဲ့ပြီးရင် ကိုယ်ခန္ဓာအတိုင်းအတာအရ အတိုင်းအတာတွေကို pattern မှာ သတ်မှတ်တဲ့အခါ အတိအကျ လုပ်ရင် ၀တ်ဆင်တဲ့အခါ ကျပ်နေလိမ့်မယ်။ သက်သောင့်သက်သာ ရှိမှာ မဟုတ်ဘူး။ ကိုယ်ခန္ဓာလှုပ်ရှားမှုတွေကို ကျပ်စည်းထားသလို ဖြစ်နေမယ်။ ဒီတော့ နည်းနည်းလေး ပိုကြီးပေးဖို့ လိုတယ်။
ဥပမာ ခါးနေရာမှာ ease ကို လက်မ၀က်ကနေ ၁ လက်မအထိ ပိုကြီးပေးထားမယ်။ ရင်သားနေရာမှာ ၂ လက်မခွဲလောက် ease အတွက် ပိုကြီးပေးမယ်။
တိုင်းတာတဲ့အခါ
*************
ရင်တိုင်းတာရင်
ရင်ရဲ့ အကြီးဆုံးနေရာကို ဖြတ်တိုင်းပါ။ တင်းတင်းကျပ်ကျပ် မဖြစ်စေနဲ့ အရမ်းလည်း ချောင်မနေစေနဲ့။
ခါးနေရာတိုင်းရင်
ခါးနေရာကို အကျပ်ဝတ်မယ်ဆိုရင် ခါးပတ်လည်ကို တိုင်းရင် အကျပ်တိုင်းပါ။
ထောင်လိုက်အလျားတိုင်းတဲ့အခါ လည်ပင်းအရင်းကနေ ခါးအထိ တိုင်းပါ။ ဂရုတစိုက်ဖြင့် တိုင်းပါ။
လက်ကိုတိုင်းရင်
ကျောအလယ်ကနေ လက်ကောက်ဝတ်အထိ တိုင်းပါ။ ပုံမှာ ပြထားတဲ့အတိုင်း လက်မြောက် တံတောင်ဆစ်ကွေးပြီး တိုင်းပါ။
အဲဒီအတိုင်းအတာတွေကို သက်ဆိုင်ရာ pattern အပိုင်းတွေမှာ ထည့်သွင်းချင့်ချိန်ပြီး တကယ်သုံးမယ့် အရွယ်ပြည့် pattern ကို ဖန်တီးရမှာ ဖြစ်ပါတယ်။