What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပရွက်ပျံ အထည်ဟောင်းလုပ်ငန်း

တရုတ်နှစ်သစ်ကူး မတိုင်ခင် ၁ လအလိုဝန်းကျင်သည် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှ ပရွက်ပျံ (Flying Ant) အမည်ရှိ အထည်ဟောင်းလုပ်ငန်း၏ တစ်နှစ်တာကာလတွင် အထည်ဟောင်းများ အများဆုံး စုပုံကျသည့်အချိန်ကာလ ဖြစ်သည်။

ကုမ္ပဏီဝန်ထမ်းတို့ နေ့ည နှစ်ဆိုင်းခွဲပြီး လုပ်ကြရသည့်အပြင် စနေ တနင်္ဂနွေတို့တွင် နားရက်မယူနိုင်ကြချေ။ တစ်အိမ်တက်ဆင်း အ၀တ်အဟောင်းများ လိုက်လံရယူကြရသည်။ တရုတ်အိမ်ထောင်စုတို့သည် နှစ်သစ်မကူးခင်မှာ အ၀တ်ဟောင်းများကို အိမ်မှ ရှင်းထုတ်ပစ်သည့် ဓလေ့ရှိသည်။

china fast fashion 1


ပျမ်းမျှအားဖြင့် ပရွက်ပျံသည် တရုတ်နိုင်ငံရှိ မြို့ကြီး ၅၀ မှ မလိုချင်တော့သဖြင့် စွန့်လွှတ်သည့် အ၀တ်အစားများ တစ်လလျှင် တန်ချိန် ၅၀၀ ၀န်းကျင်ကို လိုက်လံရယူကြရသည်။
တရုတ်နှစ်သစ်ကူးခါနီးတွင် တစ်နေ့တည်းမှာပင် အ၀တ်ဟောင်း တန်ချိန် ၁၀၀ အထိ လက်ခံရရှိလေ့ ရှိသည်။
အ၀တ်ဟောင်း စွန့်လွှတ်ခြင်းဓလေ့သည် တစ်နှစ်ထက်တစ်နှစ် ပမာဏ ပိုများလာသည်။ Fast fashion အသွက်ဖက်ရှင် brand များက အ၀တ်အစားများကို ဈေး ပိုသက်သာစွာဖြင့် ရောင်းချပေးလာကြသဖြင့် လူအများတို့ အ၀တ်အသစ်များ ပိုဝယ်ဖြစ်သည်။ အသစ်ဝယ်ယူသည့် တစ်ကြိမ်နှင့် တစ်ကြိမ်ကြားကာလ ပိုတိုတောင်းလာနေသည်။ သို့ဖြစ်ရာ ယခင်အ၀တ်ဟောင်းများကို အ၀တ်ဘီဒိုထဲမှ ဖယ်ရှားပြီး စွန့်လွှတ်သည့် ပမာဏ ပိုများလာနေသည်။ ပိုဝယ်ဝတ်ဖြစ်လေ ပိုစွန့်လွှတ်ဖြစ်လေ ဖြစ်သည်။

ပရွက်ပျံ အ၀တ်ဟောင်းလုပ်ငန်းကို ထူထောင်ခဲ့သူမှာ အသက် ၂၈ နှစ်ရှိသူ ‘မာ’ ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ထူထောင်ခဲ့ခြင်း ဖြစ်ပေရာ ယခုအခါ သက်တမ်း ၃ နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။ မာက ရှန်ဟိုင်းတွင် တည်ရှိသော တက္ကသိုလ်တစ်ခုတွင် နောက်ဆုံးနှစ်ကို တက်ရောက်နေစဉ် သူ့သူငယ်ချင်းများ အဆောင်မှ အပြီးအပိုင် ထွက်ခွာသောအခါ အ၀တ်ဟောင်းများ အပုံလိုက် ထားပစ်ခဲ့ကြသည်ကို သူတွေ့နေကျ ဖြစ်သည်။
ထိုအ၀တ်အစားများသည် အကောင်းအတိုင်း ရှိနေသေးသည်။ သို့ဖြစ်ရာ မရှိဆင်းရဲသားများထံ အရောက်ပို့ပေးလိုစိတ် ပေါ်ပေါက်သဖြင့် အ၀တ်ဟောင်းမှား အလှူခံသည့်အလုပ်ကို စတင်လုပ်ကိုင်ခဲ့သည်။ ပရဟိတ် လူမှုရေးလုပ်ငန်းအဖြစ် စတင်ခဲ့သည်။ သို့သော် မာ ထင်ထားသလောက် မလွယ်ကူသည်ကို နဖူးတွေ့ ဒူးတွေ့ ကြုံရသည်။

‘‘အ၀တ်ဟောင်းတွေလို့ပဲ ကျနော်တို့ ထင်ခဲ့ကြတယ်။ ရေလျှော်မယ်။ အစွန်းချွတ်မယ်။ ပြီးရင် ထုပ်ပိုးမယ်။ တကယ်တမ်းကျတော့ အရင်းအနှီး အကြီးကြီး လိုအပ်တာ သိရတယ်။ ပြီးတော့ သယ်ပို့စရိတ်တွေကလည်း ထောင်းတယ်’’
ဟု မာက သူ့အတွေ့အကြုံကို ပြောပြသည်။
‘‘အခုအခါမှာ ပရဟိတ လုပ်ငန်းတွေက အဲဒီလို အရင်းအနှီးကြီးတာကို ရှောင်လွှဲဖို့အတွက် ငွေကိုပဲ အလှူခံလိုက်ကြတယ်။ ပြီးမှ အ၀တ်အစား အသစ်တွေကို ၀ယ်ပြီး မရှိဆင်းရဲသားတွေကို လှူတယ်’’

နောက်တစ်ချက်မှာ တရုတ်နိုင်ငံတွင် ဆင်းရဲသော ရွာများ အရေအတွက် လျော့ကျ လာနေသည်။ အ၀တ်အစား ၀ယ်ဖို့ မတတ်နိုင်အောင် ဆင်းရဲသော ရွာများ နည်းသထက် နည်းလာနေသည်။

ဆိုရှယ်မီဒီယာမှ တစ်ဆင့် အလှူခံလိုက်တိုင်း အ၀တ်ဟောင်း ပေးကမ်းသူများ တစ်ပုံတစ်ပင် ဆက်သွယ်ကြသည်။

‘‘တချို့ရွာတွေဆိုရင် လာလှူတာတွေက လိုတာထက် အများကြီး ပိုနေတယ်။ ဒီတော့ သူ့တို့ မကြိုက်တာတွေကို လွှင့်ပစ်လိုက်ကြတယ်။ ကြိုက်တာလေးတွေပဲ ရွေးယူပြီး ၀တ်ဆင်ကြတယ်’’
ဟု မာက ပြောပြသည်။

 

china fast fashion 2

အ၀တ်ဟောင်းများကို လျှော်ဖွတ်ခြင်း၊ အခြောက်လှန်းခြင်း၊ ရွေးချယ်ခြင်း။. ထုပ်ပိုးခြင်းများအတွက် ကုန်ကျစရိတ်များ ရှိနေသည့်အပြင် သယ်ပို့စရိတ်ကလည်း ထောင်းသည်။ သို့ဖြစ်ရာ စွန့်လွှတ်လိုက်သည့် အ၀တ်အစားများတွင် ၁၀ ရာခိုင်နှုန်းအောက်ကိုသာ တစ်ဖန်ပြန်လည် ၀တ်ဆင်ဖြစ်ကြသည်။

သို့ဖြစ်ရာ အဟောင်းထဲမှ အကောင်းများကို ပြည်ပပို့ကုန်အဖြစ် စီးပွားဖြစ် တင်ပို့သည်။ ဘရွန်ဒီ၊ ကင်ညာ၊ ရာဝမ်ဒါ၊ တန်ဇန်းနီးယား၊ ယူဂမ်ဒါ အစရှိသည့် အာဖရိကတိုက် အရှေ့ပိုင်းရှိ နိုင်ငံများသို့ အဓိကအားဖြင့် တင်ပို့လျက် ရှိသည်။ တရုတ်ပြည်တွင် အ၀တ်ဟောင်း လိုက်လံရယူပြီး ပြန်လည်ရောင်းချသည့်လုပ်ငန်းက၂သည် အမြတ်အစွန်း ကောင်းသည်။ အ၀တ်ဟောင်း တစ်တန်လျှင် အမြတ် ယွမ် ၈၀၀(ကန်ဒေါ်လာ ၁၂၈) မှ ယွမ် ၁၂၀၀ အထိ ရရှိကြသည်။
အ၀တ်ဟောင်းကို အွန်လိုင်းမှလည်း လက်ကား ရောင်းချကြသည်။ ဂျင်းထည်များ တစ်တန်လျှင် ယွမ် ၈၀၀ မှ ၄၀၀၀ အထိ အစားစား ရှိသည်။
အမျိုးသမီးများ အပေါ်ရုံအဖြစ် ၀တ်ဆင်သည့် အသားပါးပါးဖြင့် ချုပ်ထားသည့် အထည်များ ရောင်းကောင်းသည်။ အရည်အသွေးကောင်းလျှင် တစ်တန်လျှင် ယွမ် ၅၀၀၀ အထိ ရနိုင်သည်။ ဘရာအဟောင်းကိုသာ သီးသန့်လုပ်ကိုင်သော လုပ်ငန်းလည်း ရှိသည်။ တစ်ထည်ကို ၈၀ ဆင့်ဖြင့် ရောင်းချသည်။

‘‘ဒီမှာ(တရုတ်ပြည်မှာ) တစ်ပတ်ရစ်အ၀တ်ဆိုရင် တခြားသူ ၀တ်ထားတာဆိုပြီး မ၀ယ်ကြဘူး။ ဒါပေမဲ့ အဲဒီအ၀တ်အစားကို ချုပ်ရိုးဖြေပြီး နောက်တစ်မျိုး ပြန်ချုပ်လိုက်ရင်တော့ အသစ်လို ဖြစ်သွားတယ်။ အဲဒါကိုတော့ ၀ယ်ဝတ်ကြတယ်’’
ဟု စွန့်ပစ်အ၀တ်အစားကို ဖျက်ချုပ်လုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောပြသည်။ သူ့လုပ်ငန်းအမည်ကို မဖော်ပြရန် မှာကြားသည်။

 

china fast fashion 3

ယခင်တုန်းက တရုတ်နိုင်ငံသည် အမှိုက်သရိုက်များကို ပြည်ပမှ တင်သွင်းသည်။ ကမ္ဘာ့အမှိုက်ရောင်းဝယ်ဖောက်ကားမှု၏ ထက်ဝက်နီးပါးကို တရုတ်ပြည်မှ တင်သွင်းသည်။ ထိုအမှိုက်များကို ကုန်ကြမ်းပြန်ထုတ်လုပ်ပြီး စက်မှုကုန်ကြမ်းအဖြစ် အသုံးပြုသည်။ ထိုသို့ တင်သွင်းသည့် အမှိုက်များထဲတွင် အထည်ဟောင်းများလည်း ပါသည်။ ယခုနှစ်တွင် စွန့်ပစ်သည့် ပလတ်စတစ်နှင့် အ၀တ်အထည် တင်သွင်းခြင်းကို ပိတ်ပင်ခဲ့သည်။
တရုတ်ပြည်သည် ၂၀၁၅ ခုနှစ်၌ အထည်ဟောင်းတင်ပို့မှုတွင် ပဉ္စမမြောက် အများဆုံး ဖြစ်ခဲ့သည်။ ကမ္ဘာ့တင်ပို့မှုစုစုပေါင်း၏ ၅.၆ % ရှိခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ၀.၁% သာရှိခဲ့ရာမှ ၅ ဆ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
၎င်း ၂၀၁၅ ခုနှစ်၌ ကမ္ဘာပေါ်တွင် အ၀တ်ဟောင်းများ ပြည်ပတင်ပို့မှု၏ ၃၆.၁% သည် အမေရိကန်၊ ယူကေနှင့် ဂျာမနီ သုံးနိုင်ငံတို့မှ တင်ပို့မှု ဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံတို့မှ တင်ပို့သော အ၀တ်ဟောင်းများကို ဖွံ့ဖြိုးဆဲနိုင်ငံများသို့ တင်ပို့ပြီး ရောင်းချကြသည်။

ပရွက်ပျံ အ၀တ်ဟောင်းလုပ်ငန်းသည် လစဉ် အ၀တ်အစားခုရေ ၁.၂ သန်းခန့်ကို လုပ်ကိုင်လျက်ရှိသည်။ ရောက်ရှိလာသည့် အ၀တ်အစားများကို အမျိုးအစားများနှင့် အတန်းအစားများ ခွဲသည်။ ရရှိသည့် အ၀တ်ဟောင်း အရေအတွက်က ပိုများလာနေသဖြင့် လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်ရန် စီစဉ်လျက် ရှိသည်။ မာက
‘‘အခု ကွန်ဗေယာ ၂ခုနဲ့ လုပ်နေတယ်။ နောက်ဆို ၁၀ ခုအထိ တိုးချဲ့ရလိမ့်မယ်’’
ဟု မှတ်ချက်ပြုသည်။

Source: CNA/nc

အောက်ပါလင့်မှာ 

စိတ်ကြိုက်ရွေး တန်တယ်ထင်မှ ၀ယ်

28829903 2057549997826062 394353685 n

Read 1119 times
Rate this item
(0 votes)