What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဗီယက်နမ်မှာ နိုင်ငံတကာ အ၀တ်အစားဈေးကွက်ကြီးထွား

ထသွားထလာ ၀တ်စားဆင်ယင်တဲ့ အ၀တ်အစားတွေ ထုတ်လုပ်တဲ့ နိုင်ငံတကာ brand တွေ ဗီယက်နမ်မှာ ဆိုင်တွေ အလောတကြီး ဖွင့်နေကြတယ်။

ဗီယက်နမ်ဟာ အ၀တ်အစားလုပ်ငန်းကဏ္ဍ ပွင့်လန်းနေခဲ့ပြီး အ၀တ်အစား ထုတ်လုပ်မှုအတွက် အချက်အချာနေရာတစ်ခုအဖြစ် ရပ်တည်နေခဲ့တာ ကြာပါပြီ။ ယခုအခါမှာ ၀င်ငွေမြင့်မားလာတဲ့အပြင် တိုင်းပြည်စီးပွားရေး ကြီးထွားလာတာကြောင့် ဖက်ရှင်ဈေးကွက်လည်း ရေမြင့်လို့ ကြာတင့်ပြီး ကြီးထွားလာနေတာမို့ ယခုလို ဆိုင်တွေ ဖွင့်ကြတာ ဖြစ်ပါတယ်။


အမြန်ဖက်ရှင် မြင့်တက်
**************

Fast fashion လို့ ခေါ်ကြတဲ့ အမြန်ဖက်ရှင်လုပ်ငန်းတွေမှာ ဆွီဒင်နိုင်ငံမှ H&M (Hennes & Mauritz)က ဗီယက်နမ်မှာ အထည်တွေ ချုပ်နေခဲ့ပေမဲ့ လက်လီအရောင်းဆိုင် မရှိပါဘူး။ အခုမှ ပထမဆုံး လက်လီအရောင်းဆိုင်ကို ဟိုချီမင်းမြို့တော် မြို့လယ်ပိုင်းရှိ Vincom Center ဈေးဆိုင်တန်း အဆောက်အဦမှာ အထပ်နှစ်ထပ်မှာ နေရာယူပြီး ဖွင့်လှစ်လိုက်တယ်။ အမျိုးသားဝတ် အ၀တ်အစားမျိုးစုံ၊ အမျိုးသမီးဝတ် အ၀တ်အစားမျိုးစုံနဲ့ ကလေးဝတ် အ၀တ်အစားမျိုးစုံတို့ကို ခြေစီးတွေ၊ အိတ်တွေနဲ့အတူ ခင်းကျင်းရောင်းချပါတယ်။ မြို့သူမြို့သားတွေအနေဖြင့် ယခင်က ပြည်ပမှ တင်သွင်းတဲ့ အ၀တ်အစားအဖြစ် ၀ယ်ယူကြရာမှ ပြည်တွင်းထွက် အ၀တ်အစားအဖြစ် H&M အ၀တ်အစားတွေကို ၀ယ်ယူခွင့် ရရှိသွားကြတယ်။

စပိန်နိုင်ငံမှ Inditex လုပ်ငန်းစုကြီးရဲ့ ထီးရိပ်အောက်မှ Zara ကလည်း အဲဒီ ဈေးဆိုင်တန်း အဆောက်အဦမှာပဲ လက်လီအရောင်းဆိုင်ကို ဖွင့်လှစ်ထားပါတယ်။
Zara ရဲ့ လက်လီဆိုင်မှာ ဈေးကြီးတဲ့ အတန်းအစားတွေကိုလည်း ရောင်းချပါတယ်။ တချို့ အ၀တ်အစားတွေဟာ ဂျပန်နိုင်ငံမှာ Zara ရောင်းချနေတာထက် ဈေးပိုကြီးတယ်။ ဈေးနှစ်ဆ ပိုတင်ထားတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
Zara က ဟံနွိုင်မြို့တော်မှာ နောက်ထပ် လက်လီဆိုင်တစ်ဆိုင် ထပ်ဖွင့်ဖို့ စိုင်းပြင်းနေပါတယ်။

ဂျပန်မှ အမြန်ဖက်ရှင်လုပ်ငန်းတစ်ခု ဖြစ်တဲ့ Uniqlo က ဟံနွိုင်နဲ့ ဟိုချီမင်းစီးတီးတို့မှာ ၀န်ထမ်းတွေ ခေါ်ယူစုဆောင်းနေပါတယ်။ သူက ဘွဲ့ရဖို့ ကျောင်းတက်နေတဲ့ ကျောင်းသူကျောင်းသားတွေကို ဦးစားပေးတယ်။ ဟိုချီမင်းစီးတီးမှာ လက်လီအရောင်းဆိုင်ဖွင့်တဲ့အခါ ခန့်ထားနိုင်ဖို့ ယခုလို ကြိုတင်ပြီး စာရင်းရယူနေတာ ဖြစ်ပါတယ်။

အမေရိကန်မှ အ၀တ်အစားလုပ်ငန်း Gap က ဟိုချီမင်းစီးတီးမှာ လက်လီဆိုင် ဖွင့်ထားပြီးပါပြီ။ ဟံနွိုင်မှာလည်း ဖွင့်ထားပြီးပါပြီ။

အထည်အလိပ်ကဏ္ဍ
*****************
တရုတ်နိုင်ငံမှာ လုပ်သားခ ထိုးတက်တော့ အထည်ချုပ်တွေ ဗီယက်နမ်အပါအ၀င် အာရှနိုင်ငံအချို့ဆီ ရွှေ့ပြောင်းကြတယ်။ ဗီယက်နမ်က ရေခံမြေခံ အားကောင်းတယ်။ ဗီယက်နမ်နိုင်ငံမှ Garment 10 က ဂျပန်မှ အထည်အလိပ်လုပ်ငန်းနဲ့ ပူးပေါင်းပြီး အထည်အလိပ်တွေ ထုတ်တယ်။ ဗီယက်နမ်မှာ အထည်အလိပ် ထုတ်လုပ်မှုက ဂျီဒီပီရဲ့ ၁၀ ရာခိုင်နှုန်း ရှိပြီး ဒုတိယအကြီးမားဆုံး လုပ်ငန်းကဏ္ဍ ဖြစ်ပါတယ်။


ချုပ်လုပ်သူမှ ၀ယ်ယူသူအဖြစ်သို့
***********************
အထည်အလိပ်နဲ့ အထည်ချုပ် ကဏ္ဍနှစ်ရပ် စည်ပင်ဖြစ်ထွန်းတာနဲ့အညီ လုပ်သားတွေရဲ့ လုပ်ခတွေလည်း မြင့်တက်သတ်မှတ်ပေးခဲ့တယ်။ အဲဒါကြောင့် ၀ယ်လိုအား တက်တဲ့အပြင် ၀ယ်ယူတဲ့အခါ ရွေးချယ်ပုံလည်း ပြောင်းသွားတယ်။
အရင်က ဈေးနှုန်းသက်သာဖို့ကို အဓိကအချက်အဖြစ် စဉ်းစားခဲ့ကြတယ်။ ဒီတော့ ဈေးပေါပြီး အရည်အသွေးနိမ့်တဲ့ ပစ္စည်းတွေ ရောင်းအားကောင်းတယ်။ အခုတော့ ဈေးနှုန်းထက် အရည်အသွေးကောင်းကောင်းကို ဦးစားပေးလာကြတယ်။ ပြီးတော့ ပတ်ဝန်းကျင် မညစ်ညမ်းရေးကိုလည်း သတိမူလာကြတယ်။ သံမဏိစက်ရုံမှ စွန့်ပစ်ရေကြောင့် ငါးတွေ အများအပြား သေကုန်ကြတာကြောင့် အခုလို အသိတရား ရှိတာ ပိုကျယ်ပြန့်သွားခဲ့တယ်။

ပျမ်းမျှ တစ်ဦးချင်း ဂျီဒီပီက ဒေါ်လာ ၂၃၀၀ ရှိနေတာကြောင့် ၀ယ်နိုင်စွမ်း မြင့်တက်တယ်။ လက်လီအရောင်းကဏ္ဍမှာ ၂၀၁၆ ခုနှစ်ကစလို့ ဂဏန်းနှစ်လုံး ရာခိုင်နှုန်းဖြင့် ကြီးထွားနေတယ်။ အ၀တ်အစားကဏ္ဍမှာ ဈေးပိုကြီးပေမဲ့ အရည်အသွေး မြင့်မားတဲ့ အ၀တ်အစားတွေ ၀ယ်ယူမှု ပိုများလာတယ်။ brand အ၀တ်အစားတွေလည်း ပိုဝယ်လာကြတယ်။ အဲဒီအလားအလာကောင်းကို ပြည်ပမှ အ၀တ်အစား လက်လီအရောင်းလုပ်ငန်းကြီးတွေက အရယူဖို့ ကြိုးစားလာကြတယ်။


ဘီ ဂရိတ် အ၀တ်အစား
**********
နေ့စဉ် ၀တ်ဆင်ဖို့ အ၀တ်အစားတွေရဲ့ ဈေးကွက်မှာ အထည်ချုပ်စက်ရုံတွေမှ အရည်အသွေး ချို့ယွင်းချက် ပါနေလို့ ဘီ ဂရိတ်လို့ သတ်မှတ်ပြီး ပယ်ထားတဲ့ အ၀တ်အစားတွေလည်း ရောင်းချနေတယ်။ brand အတူတူ ဖြစ်ပေမဲ့ ဘီဂရိတ် အ၀တ်အစားတွေက ဈေးခေါက်ချိုး သက်သာတယ်။ အရည်အသွေး ချို့ယွင်းချက် ပါပေမဲ့ မပြောပလောက်ဘူး။ Zara နဲ့ Gap တို့လို လက်လီအရောင်းလုပ်ငန်ကြီးတွေက အထည်တွေ ချုပ်ပေးဖို့ အော်ဒါမှာတဲ့အခါ သတ်မှတ်ထားတဲ့ အချက်တွေနဲ့အညီ မချုပ်ထားလို့သာ ပယ်ခံရတာ ဖြစ်ပါတယ်။
တစ်ခါတလေမှာ ရတဲ့ ချုပ်ခက နည်းနေရင် အခုလို အပယ်ထိတာတွေ ပြန်ရောင်းလို့ရတဲ့ ၀င်ငွေက ချုပ်ခထက်တောင် များနေတတ်တာမို့ တမင် အပယ်ခံပြီး ပြည်ပကို ပြန်မပို့တော့ဘဲ ပြည်တွင်းမှာပဲ ရောင်းချကြတာတွေ ရှိတယ်။

အဲဒီလို ဈေးကွက်အလားအလာ ကြီးမားနေတာမို့ နာမည်ကြီး brand တွေက ဗီယက်နမ်မှာ လက်လီအရောင်းဆိုင်တွေ ဖွင့်လာကြတာ ဖြစ်ပါတယ်။

Read 1091 times
Rate this item
(0 votes)