What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မင်းအတွက် အကောင်းစား အ၀တ်အစား

မင်းအတွက် အကောင်းစား အ၀တ်အစားကို မင်းရွေးချယ်ချင်တယ်ဆိုရင် အရင်ဆုံး မေ့ထားလိုက်ရမှာက brand အမည်တွေ ဈေးနှုန်းတွေပဲ။

အဲဒါတွေက မင်း ၀ယ်ဝတ်မယ့် အ၀တ်အစားဟာ မင်းအတွက် အကောင်းစား ဖြစ်မဖြစ်ဆိုတာ ဘာတစ်ခွန်းမှ ပြောမပြကြဘူး။ ဖက်ရှင်ထည်တွေကို အမြန်အသွက် ထုတ်နေတဲ့ခေတ်မှာ fast fashion လို့ တောင် အမည်တွင်တဲ့ ဖက်ရှင်တိုက်မျိုးတွေက တစ်ပတ်မှာ စတိုင်လ်အသစ် အနည်းဆုံး နှစ်ကြိမ် ထုတ်ပြီး အွန်လိုင်းမှာ တင်ရောင်းနေကြတယ်။ အဲဒီ အွန်လိုင်းမှာ လေ့လာကြည့်ပြီးရင် လက်လီရောင်းတဲ့ဆိုင်မှာ သွားဝယ်မှ အခုပြောပြမယ့် ရွေးချယ်နည်းကို လက်တွေ့ သုံးစွဲလို့ရလိမ့်မယ်။

အ၀တ်အစားရဲ့ အထည်သား အထူအပါးကို စစ်ဆေးပါ။ အထည်သားတွေက ပါးပါးလေးတွေ ရှိတယ်။ တချို့စတိုင်လ်တွေအတွက် သင့်တော်တယ်။ ဒါပေမဲ့ ကြိမ်ဖန်များများ ၀တ်ဖြစ်မယ်၊ လအတန်ကြာ ၀တ်မယ်ဆိုရင်တော့ ပါးတာကို မရွေးသင့်ဘူး။ နည်းနည်းထူတာကို ရွေးချယ်ပါ။ တီရှပ်၊ ဘလောက်စ်၊ ဂျင်း စတာတွေဟာ အမြဲလိုလို ၀တ်ဖြစ်နေမှာဆိုတော့ နည်းနည်းတော့ ထူဖို့ လိုပါတယ်။
capsule wardrobe ကျင့်သုံးတဲ့သူဆိုရင်လည်း နည်းနည်းထူတဲ့အထည်သားကို ရွေးမှ ကြာကြာခံမယ့်အ၀တ်အစားမျိုးကို ရရှိမှာ ဖြစ်ပါတယ်။

အထည်သား အထူအပါးကိစ္စပြီးရင် အရသာ ဘယ်လို ရှိသလဲ။ အရေပြားကို ထိတွေ့တာ ဘယ်လိုနေသလဲ စမ်းကြည့်ပါ။ အစမ်းဝတ်ကြည့်လို့ရရင် ၀တ်ကြည့်ပါ။ အရေပြားနဲ့ များများ ထိတွေ့အောင် ၀တ်ကြည့်ရမှာ ဖြစ်ပါတယ်။ ၀တ်ထားတဲ့ အ၀တ်အစားအပေါ်မှာ ထပ်ဝတ်ပြီး တော်မတော် ၀တ်ကြည့်တာမျိုးကို မဆိုလိုပါဘူး။
ကြမ်းလား၊ ချောမွေ့လား၊ စိတ်အိုက်လား။ ပြီးတော့ တွန့်ကြေလွယ်သလား။ အထည်သားက လေးရင် အသားထူတဲ့သဘော၊ ရက်ထားတာ မကြဲတဲ့သဘော ဖြစ်ပါတယ်။ ရက်ထားတာ မကြဲလေ ကောင်းလေ ဖြစ်ပါတယ်။ ရက်ထားတာ မကြဲရင် ကြာကြာပိုခံပါတယ်။ ရက်ထားတာကြဲရင် အပေါက်အပြဲဖြစ်လွယ်တယ်။
ချုပ်ရိုးတင်ထားတဲ့ အစွန်းသားတွေဟာ အ၀တ်အစားရဲ့ ပုံသဏ္ဌာန် ပြေးထားတဲ့လိုင်းအတိုင်း ဖြစ်နေရမယ်။ တွန့်လိမ်ထားတဲ့နေရာမျိုးတွေ မရှိရဘူး။ ရှိနေရင် ၀တ်ဆင်ထားတဲ့အခါ အဲဒီနားတစ်ဝိုက်မှာ တစ်မျိုးတစ်မည် ခံစားနေရမယ်။

အထည်သားက ပြောင်မဟုတ်ဘဲ အဆင်အကွက်တွေ အပွင့်အပြောက်တွေ ပါရင် နှစ်စ ဆက်တဲ့နေရာမှာ ဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်း ဆက်ထားတာ နေရာကျရဲ့လား စစ်ဆေးပါ။ ဥပမာ မျဉ်းကြောင်းပါရင် နှစ်ခြမ်းစပ်တဲ့နေရာမှာ မျဉ်းတစ်ကြောင်းတည်းအဖြစ် တည့်နေရမယ်။ ပန်းပွင့်ဆိုရင်လည်း တစ်ခြမ်းမှာ ပါတဲ့အပိုင်းက ကြီးနေပြီး ကျန်တဲ့တခြမ်းမှာ အစွန်နားလောက် သေးနေရင် ပန်းပွင့်ပုံက ဟိုဘက်ဒီဘက် မဆက်မိတော့ဘဲ အလွဲကြီး လွဲနေတာမျိုး မပါတာကို ရွေးရမှာ ဖြစ်တယ်။ အဲဒီလို နှစ်ပိုင်းစပ်တဲ့နေရာတွေမှာ မကိုက်ညီတာ ပါနေရင် မင်းအတွက် အကောင်းစား အ၀တ်အစားလို့ ဆိုနိုင်တော့မှာ မဟုတ်ဘူး။

ချုပ်ရိုးချုပ်သားကိုလည်း စစ်ဆေးပေးရမယ်။ အ၀တ်အစား ကျွမ်းကျင်သူ ဒဲဘီရိုစ် ရေးထားတာကို ကိုးကားပြီး ပြောပြမယ်။ အ၀တ်အစား ချုပ်ထားတာ အရည်အသွေး ကောင်းရင် တစ်လက်မမှာ ချုပ်ချက်တွေ ပိုစိပ်တယ်။ ချုပ်ရိုးပိုခိုင်တယ်။ ချုပ်ရိုးပြုတ်ထွက်ဖို့ မလွယ်တော့ဘူး။ ချုပ်ရိုးကို ကြည့်လိုက်ရင် ဖြောင့်တန်းနေတယ်။ အသား တင်းတာလည်း တပြေးညီပဲ။ ချည်တင်းတာလည်း တပြေးညီပဲ။ လျော့တဲ့နေရာ တင်းတဲ့နေရာ ကွဲပြားနေတာ မရှိဘူး။ လက်ညှိုးနဲ့ လက်မကြား ညှပ်ပြီး အသာလေး ပွတ်ကြည့်လိုက်ရင် အရသာက တပြေးညီပဲ’’

ချုပ်သားနေရာမှာ အသားပို အတန်အသင့် ရှိရမယ်။ တကယ်လို့ ပြန်ပြင်ချုပ်ချင်ရင် အဲဒီလို အသားပို အလုံအလောက်ရှိမှ အဆင်ပြေတယ်။ ဒီတော့ အသားပို ပိုပါတာကို ရွေးသင့်တယ်။ အသင့်ချုပ်ပြီးသားအထည်တွေက လူတစ်ယောက်ချင်းအတွက် တိုင်းတာပြီး ချုပ်ထားတာမဟုတ်လို့ နည်းနည်းပါးပါး ပြန်ပြင်လိုက်ရင် အရမ်းကောင်းသွားတာမျိုးရှိတယ်။ အဲဒီအတွက် အသားပို ပါနေဖို့ လိုတယ်။

ကြယ်သီးတွေ ပါလား။ ပါရင် ကြယ်သီးပေါက်တွေ ချုပ်ထားပုံကို ကြည့်ရှုပါ။ ချည်သား တင်းရမယ်။ လျော့ရဲရဲ မဖြစ်ရဘူး။ အပ်ချည်မျှင် အစသတ်ထားတာ သေသပ်ရမယ်။ ပြီးတော့ ကြယ်သီးအပိုကို အ၀တ်အစား အတွင်းဘက် အောက်ပိုင်းနားမှာ မသိမသာဖြစ်အောင် တပ်ပေးထားတာ ပါလား။ အဲဒီလိုပါရင် မတော်တဆ ကြယ်သီးပြုတ်ပြီး ပျောက်ဆုံးရင် အစားထိုးစရာတစ်လုံး ရှိနေတော့ အဆင်ပြေမယ်။ နို့မို့ဆိုရင် အရောင်တူ အသွေးတူ အရွယ်တူ ကြယ်သီး ရှာမရရင် ရှိသမျှကြယ်သီးတွေ အကုန်လုံး အစုံလိုက် လဲနေရမယ်။

ဈေးကြီးတဲ့ အ၀တ်အစားဆိုရင် အ၀တ်အစားကို ဘယ်လို လျှောက်ရမယ်၊ မီးပူတိုက်ရမယ် စတဲ့အချက်တွေ ဖော်ပြထားတဲ့ လေဘယ်ကိုပါ ကြည့်ရှုရမယ်။ ရေရှည်လိုက်နာနိုင်မှာလားဆိုတာ စဉ်းစားရမယ်။ ကရိကထ မခံနိုင်ဘူးဆိုရင် မ၀ယ်တာက ပိုကောင်းလိမ့်မယ်။ မလိုက်နာနိုင်ရင် ဈေးကြီးပေးဝယ်ထားတဲ့ အ၀တ်အစား တာရှည်မခံရင် နှမြောစရာ ဖြစ်လိမ့်မယ်။

အားလုံးအဆင်ပြေပြီရင် စဉ်းစားစရာ တစ်ခု ရှိနေသေးတယ်။
‘‘ဒီဟာနဲ့ တွဲပြီး ၀တ်စရာ ငါ့မှာ ရှိလား’’
မင်းအတွက် အကောင်းစား အ၀တ်အစား ဖြစ်ဖို့အတွက် အမှတ်ပြည့်ရဖို့ ဒီအချက်က အရေးပါတယ်။ တွဲဝတ်ဖို့ လိုက်ဖက်တာ ၃မျိုး အနည်းဆုံး ရှိရမယ်။ ဥပမာအားဖြင့်
အပေါ်ပိုင်း အင်္ကျီလိုဟာမျိုးဆိုရင် တွဲဝတ်ဖို့ လိုက်ဖက်တဲ့ ထမိန်၊ စကပ်၊ ဘောင်းဘီ စသဖြင့် အနည်းဆုံး ၃ ခုတော့ ကိုယ့်မှာ ရှိပြီးသား ဖြစ်ရမယ်။

အဲဒီလို ရှိပါတယ်ဆိုရင် အဲဒီအ၀တ်အစားဟာ မင်းအတွက်တော့ အကောင်းစားပဲ။

Read 2988 times
Rate this item
(0 votes)