Myanmar Int'l Fashion Week အားသုံးရက်တိုင်ကျင်းပခဲ့ကာ ထိပ်တန်းဒီဇိုင်နာများ၏ ဝတ်စုံလက်ရာများအား ပါဝင်ပြသပေးခဲ့ကြောင်းသိရသည်။
မြန်မာဒီဇိုင်နာများသာမက ပြည်ပမှ ဒီဇိုင်နာများပါဝင်ပြသမည့် Myanmar International Fashion Week 2018 ကို ရန်ကုန်မြို့ HEXAGON COMPLEX(ရွှေထွဋ်တင်)တွင် ဒီဇင်ဘာ (၇,၈,၉) ရက်တွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖက်ရှင်ရှိုးတွင် ဒီဇိုင်နာမိုးကုတ်ပေါက်ပေါက်၊ဒီဇိုင်နာမေမြတ်ဝါဆို၊မြပွင့်ဖြူ၊လွင်မြတ်နိုး၊Phwe & Thet၊ ဟေမာန်ဦးတို့၏ ဖက်ရှင်ဒီဇိုင်းလက်ရာဖန်တီးမှုများ၊ပြည်ပမှ ထိပ်တန်းဖက်ရှင်အမှတ်တံဆိပ်များအား အနုပညာရှင်များက ဝတ်ဆင်ပြသခဲ့ခြင်းဖြစ်သည်။
"တစ်နှစ်ကို တစ်ကြိမ်ကျင်းပဖြစ်တဲ့ဒီဖက်ရှင်ရှိုးကို နိုင်ငံတကာအဆင့်မီ ဖက်ရှင်ရှိုးတစ်ခုဖြစ်အောင် အမြဲတမ်းကြိုးစားပါတယ်။နိုင်ငံတကာပွဲတွေ သွားကြည့်တယ်။ပြီးရင် ပြည်တွင်းမှာ ပြန်လည်ကျင်းပတဲ့အခါ ဘယ်လို inspiration ယူပြီး ခမ်းနားအောင်ကျင်းပမလဲဆိုတာအမြဲတမ်းပြင်ဆင်ပါတယ်။ဒီနှစ်မှာလည်း ဖက်ရှင်ရှိုးကိုအချိန်ယူဖန်တီးခဲ့ပါတယ်။ထိပ်တန်းဒီဇိုင်နာတွေရဲ့ လက်ရာတွေကိုပါဝင်ပြသနိုင်သလို ကိုယ်နဲ့အတူအနုပညာ လောကမှာ လက်တွဲနေတဲ့မင်းသမီးမော်ဒယ်တွေကလည်း ပါဝင်ပြသပေးကြတယ်။ခမ်းနားကြီးကျယ်တဲ့ပွဲတစ်ပွဲအဖြစ်တင်ဆက်နိုင်ခဲ့ပါတယ်။အဖက်ဖက်ကဝိုင်းဝန်းကူညီပေးကြသူတွေအားလုံးကို ကျေးဇူးတင်အများကြီးတင်သလို ဒီပွဲကိုလာရောက်အားပေးကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။နောက်ထပ်လည်း အခုလိုခမ်းနားတဲ့ဖက်ရှင်ရှိုးတွေကို ပိုမိုကောင်းမွန်တဲ့ စိတ်ကူးစိတ်သန်းတွေ ပြင်ဆင်မှုတွေနဲ့ တင်ဆက်နိုင်ဖို့ကြိုးစားပါဦးမယ်" ဟု အဆိုပါဖက်ရှင် ရှိုးအား ဦးဆောင်တင်ဆက်ခဲ့သည့် ကိုဂျွန်လွင်က ပြောကြားသည်။
Myanmar Int'l Fashion Week အား သုံးရက်တိုင်ကျင်းပခဲ့ရာတွင် မတူကွဲပြားသည့် ဒီဇိုင်နာများက ၂ဝ၁၈-၂ဝ၁၉ တွင် ခေတ်စားလာမည့် ဖက်ရှင်ဖန်တီးမှုများ၊အရောင်ရွေးချယ်မှုများ အား ပြသခဲ့ကာ ထိပ်တန်းသရုပ်ဆောင်မော်ဒယ်လ်များက ဝတ်ဆင်ပြသပေးခဲ့သည်။
ဖက်ရှင်ရှိုးကို နိုင်ငံတကာ ဖက်ရှင်ရှိုးများ ပုံစံအတိုင်းကျင်းပခဲ့ခြင်းဖြစ်ပြီး စိတ်ပါဝင်စားသူများအတွက် အခမဲ့ကြည့်ရှုနိုင်ရန်စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Source:Weekly Eleven