What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်လောကမှာ သရဖူဆောင်းထားတဲ့ Rihanna

စဲလီတွေက ထောက်ခံကြော်ငြာပေးတာ၊ အမည်ခံပေးဖို့ သဘောတူညီချက်တွေ လက်မှတ်ထိုးတာ စတာတွေနဲ့ ဖက်ရှင်လောကမှာ အရောင်းမြှင့်တင်ပေးကြတယ်။

ဖက်ရှင်လောကနဲ့ အလှကုန်ပစ္စည်းလောကမှာ Rihanna ကလည်း အလားတူ လုပ်ကိုင်တယ်။ တခြားစဲလီတွေထက် သာတာက Rihanna ရဲ့ fan တွေက သူပါဝင်ပေးတဲ့ ပစ္စည်းတွေကို တခြားစဲလီတွေရဲ့ fan တွေထက် အားပေးဝယ်ယူတာမှာ ၃ ဒဿမ ၇ ဆ ပိုတယ်လို့ ဈေးကွက်အတိုင်ပင်ခံလုပ်ငန်း NPD Group ရဲ့ သုတေသန အစီရင်ခံစာမှာ ဖော်ပြထားတယ်။

SHOE


Rihanna ရဲ့ brand ဖြစ်တဲ့ Fenty ကို Puma က ငှားရမ်းပြီး စနိကာ Fenty x Puma ထုတ်တယ်။ အဲဒါ ၂၀၁၅ ခုနှစ် စက်တင်ဘာလတုန်းက ဖြစ်ပြီး အရောင်းစဖွင့်ပြီး ၃၅ မိနစ်အတွင်းမှာ ပထမအသုတ် ထုတ်လုပ်ထားသမျှ စနိကာတွေ အကုန်လုံး ရောင်းပြီးသား ဖြစ်သွားတဲ့အထိ ၀ယ်ယူအားပေးကြတယ်။
အဆိုတော် Rihanna ကို Puma က ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ကတည်းက global ambassador အဖြစ် ခန့်အပ်ထားပြီး ယခုလို ထုတ်လုပ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ Rihanna ရဲ့ ကျေးဇူးကြောင့် အမျိုးသမီးစီး စနိကာတွေ ရောင်းအား ကောင်းသွားတယ်။ အခုဆိုရင် Puma ရဲ့ အရောင်းဝင်ငွေ သုံးပုံတစ်ပုံဟာ အဲဒီစနိကာတွေထံမှ ရရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလမှာ Techstyle Fashion Group က Rihanna နဲ့ ပူးပေါင်းပြီး အတွင်းခံ ဖက်ရှင် Savage x Fenty ကို ထုတ်လုပ်ရောင်းချခဲ့တယ်။ အွန်လိုင်းမှာ ၀ယ်ယူသူတွေ မိမိအလှည့်ကျဖို့ နာရီနဲ့ချီပြီး တန်းစီ စောင့်ခဲ့ကြရတဲ့အထိ စံချိန်တင်သွားတယ်။

 

ON LINE

Rihanna ရဲ့ အလှကုန် brand ဖြစ်တဲ့ Fenty Beauty ကို ပြီးခဲ့တဲ့နှစ် ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ စတင်ခဲ့တယ်။ ပထမလမှာ စံချိန်တင်တာ အရောင်းပမာဏ ကန်ဒေါ်လာ ၇၂ သန်း ရှိတယ်။
“Fenty ကို ၀ယ်နေကျ ဖောက်သည်တွေက တစ်နှစ်ကို ၄၈၃ ကန်ဒေါ်လာကို Fenty မှ ထုတ်တဲ့ မိတ်ကပ်အတွက် သုံးကြတယ်။ Kim Kardashian ရဲ့ ဖောက်သည်တွေက သူ့ရဲ့ အလှကုန်အတွက် တစ်နှစ်ကို ၃၁၇ ကန်ဒေါ်လာ သုံးစွဲတယ်။ Kylie Jenner ရဲ့ ဖောက်သည်တွေကတော့ ၁၉၈ ကန်ဒေါ်လာ သုံးစွဲတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားတယ်။

ဘာလို့ Rihanna က သာနေရတာလဲ။ တခြားစဲလီတွေထက် သူ့ရဲ့အမည် ပါဝင်ပတ်သက်တဲ့ ပစ္စည်းတွေကို လူတွေက ဘာလို့ ပိုဝယ်ယူကြတာလဲ။

The Fashion Switch: the new rules of the fashion business ကို ရေးသားခဲ့သူ Joanne Yulan Jong က သူရဲ့ ထင်မြင်ယူဆချက် အချို့ကို ပြောပြထားတာ ဗဟုသုတ တိုးတယ်။

RE

ပထမတစ်ချက်။ Rihanna က icon မဟုတ်ဘူး။

Rihanna ဟာ သာမန်မျှ အောင်မြင်နေတဲ့ အဆိုတော် စဲလီတစ်ဦး မဟုတ်ဘူး။ သူ့မှာ အလှတရား ရှိတယ်။ စီိးပွားရေးအရလည်း အောင်မြင်နေသူ ဖြစ်တယ်။ ပြီးတော့ သူက လူမည်းတစ်ဦး ဖြစ်ပေမဲ့ နေရာယူထားနိုင်တယ်။ Rihanna ရဲ့ တေးအဲလ်ဘမ်တွေ ရောင်းရတာ အရေအတွက် သန်းချီတယ်။ Instagram မှာ followers ၆၂သန်းခွဲ ရှိတယ်။ ပြီးခဲ့တဲ ၂၀၁၇ ခုနှစ်မှာ Forbes ရဲ့ ဂီတနယ်ပယ် ကြေးအများဆုံးရရှိသူစာရင်းမှာ Rihanna က နံပါတ် ၇ ချိတ်တယ်။

အဆိုတော် Beyoncé ကလည်း အောင်မြင်သူဖြစ်ပြီး Rihanna လိုပဲ လူဖြူမဟုတ်သူ ဖြစ်ပါတယ်။ သူ့ရဲ့ ဖက်ရှင်လိုင်း brand က Ivy Park ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ စတင်ခဲ့တယ်။ ဒါပေမဲ့ Fenty x Puma နဲ့ Savage x Fenty တို့လောက် လူပြောမများဘူး။

“Rihanna က သူ့ကိုယ်ကိုယ်သူ icon ဖြစ်အောင် မလုပ်ဘူး။ စဲလီတစ်ယောက်က အရမ်းအစွမ်းကြီမားပြီ အရမ်း အားကောင်းသွားရင် သူ့ကို လူတွေက icon တစ်ဦးအဖြစ် သတ်မှတ်လိုက်တယ်။ သူလိုငါလိုထဲမှ တစ်ယောက်ယောက်လို့ မမြင်တော့ဘူး။ Rihanna က ပရိသတ်နဲ့ အတူတူ ရှိနေတယ်” လို့ Jong က ပြောပြတယ်။ ဒီတော့ သူ့လို ငါလည်း အောင်မြင်နိုင်တယ်လို့ အားကျမိကြတယ်။ သူရောင်းပေးတာတွေကို ၀ယ်ယူအားပေးကြတယ်။

ဒုတိယအချက်။ Rihanna နဲ့တင် ပြီးသွားတာ မဟုတ်ဘူး

သူက အောင်မြင်ကျော်ကြားမှု အရှိန်ဖြသ့် ဖက်ရှင်နဲ့ အလှကုန်တွေကို ထောက်ခံကြော်ငြာပေးပြီး ရောင်းအားတက်စေခဲ့တာမှာ နာမည်ကြီးတာနဲ့ ပြီးမသွားဘူး။ သူထောက်ခံကြော်ငြာပေးရမယ့် ပစ္စည်းဟာ သူ့စတိုင်လ်ကို တုပပြီး ၀တ်စားဆင်ယင် သုံးစွဲဖို့သက်သက် မဖြစ်စေရဘူး။ သူက လူတိုင်းအတွက် သင့်တော်တဲ့ ပစ္စည်းမျိုးတွေကိုသာ ရွေးချယ်ပြီး သူ့နာမည်သုံးစွဲကာ ထောက်ခံကြော်ငြာ ပေးတာ ဖြစ်ပါတယ်။ ဒီတော့ Rihanna နဲ့တင် ပြီးသွားတာ မဟုတ်ဘူး။

Savage x Fenty ကို နမူနာအဖြစ်ကြည့်ရင် အသားအရောင် ခုနစ်မျိုးနဲ့ ထုတ်လုပ်တဲ့အပြင် အတွင်းခံနဲ့ အိပ်ရာဝင်အ၀တ်အစား အမျိုးအမည် အမျိုးပေါင်း ၉၀ ထုတ်လုပ်ထားတယ်။ ဒီတော့ ဘယ်လို အသားအရောင်ဖြစ်ဖြစ် မိမိနဲ့ အသားအရေနဲ့ အရောင်တူနေတဲ့ အတွင်းခံကို ၀ယ်လို့ရတဲ့အပြင် ရွေးချယ်စရာတွေ အများအပြား ရှိနေတယ်။ ဘရာ အရွယ်အစားက 32A ကနေ 44DD အထိ ရှိတယ်။ အတွင်းခံဘောင်းဘီတွေမှာလည်း အလွန်သေးတဲ့အရွယ် XS ကနေ အလွန်ကြီးတဲ့အရွယ် XXXL အထိ ရှိတယ်။ ၀က်ဘ်ဆိုက်မှာ အသားအရောင် မတူကြတဲ့ မော်ဒယ်တွေနဲ့ ကြော်ငြာထားတယ်။ ဒီတော့ ကိုယ့်ကိုယ်ပေါ်မှာ တင်လိုက်ရင် ဘယ်လိုနေမလဲဆိုတာ ပုံတွေထဲမှာ ရှာကြည့်လို့ရတယ်။ ပိန်တာ ၀တာအရလည်း ရှာကြည့်လို့ ရတယ်။ plus size ၀တ်ရသူတွေအတွက်ပါ ဖော်ပြပေးထားတယ်။ “သူက အကုန်လုံး ပါဝင်လို့ ရနေအောင် စီစဉ်ပေးထားတယ်” လို့ Jong က ရှင်းပြတယ်။

PLUS SIZE

တတိယအချက်။ လူအများ တကယ်ဝယ်နိုင်တဲ့ ဖက်ရှင်မျိုးကို Rihanna က ထောက်ခံကြော်ငြာပေးတယ်။

စဲလီတွေက ဈေးအကြီးဆုံးတွေ ထုတ်လုပ်တဲ့ ဖက်ရှင်တိုက်တွေနဲ့ အလုပ်လုပ်ကြတယ်။ ရောင်းချတဲ့ ဈေးတွေကလည်း မြောက်တယ်။ သူတို့ရဲ့ ပရိသတ်မှာ အများစုက သွားရေကျကြပေမဲ့ တကယ်တမ်းကျတော့ မ၀ယ်နိုင်ဘူး။
Rihanna က Dior နဲ့ Manolo Blahnik တို့လို့ နာမည်ကြီး ဈေးကြီး ဖက်ရှင်တိုက်တွေနဲ့ လုပ်ကိုင်ခဲ့ပေမဲ့ သူ့နာမည်သုံးတဲ့ ဖက်ရှင်တွေကို လူလတ်တန်းစား ၀ယ်နိုင်မယ့် ဈေးနှုန်းတွေနဲ့သာ ရောင်းချတယ်။ သူ့နာမည်သုံးတဲ့ အတွင်းခံ အ၀တ်အစားတွေဆိုရင် အမေရိကန်ဒေါ်လာ ၁၀၀ အောက်မှာပဲ ရှိတယ်။
ဒီတော့ သူကိုယ်တိုင်က လူအများထဲမှ တစ်ယောက်အဖြစ် နေရာယူထားတဲ့အပြင် သူ့နာမည်သုံးတဲ့ ဖက်ရှင်တွေကလည်း လူအများထဲမှ တစ်ယောက် ၀ယ်ယူဝတ်ဆင်နိုင်တာတွေ ဖြစ်နေစေတယ်။ သူ့နာမည်တပ်လိုက်လို့ ဈေးကြီးသွားတယ်လို့ စိတ်ထဲ မခံစားရဘူး။

“သူ့နည်းက အမြတ်ကို အများကြီးတင်မထားဘူး။ အရေအတွက် များများရောင်းပြီး အမြတ်များများ ရအောင် လုပ်ထားတယ်။ ပြီးတော့ အသက်အပိုင်းအခြား အမျိုးမျိုးက သုံးနိုင်အောင်လည်း အမျိုးမျိုး လုပ်ပေးထားတယ်”

 

ZMH

Read 906 times
Rate this item
(0 votes)