အဝတ်အစားနဲ့ ပတ်သက်ရင် ဘယ်လောက်ပဲ လွတ်လွတ်လပ်လပ် ပွပွရရဝတ်ရတာမျိုး ကြိုက်ပါစေ။ တစ်ခါတစ်လေကျတော့လည်း သွယ်သွယ်လျလျ ခန္ဓာကိုယ်အချိုးအစား၊ အထူးသဖြင့် ခါးနေရာကသိမ်ပြီး တင်နေရာက ကြည့်ကောင်းနေတဲ့ အနေအထားမျိုးလေး ဝတ်ချင်ကြတာပါပဲ။
အရင်ကဆို ဒါကို သဲနာရီ လို့တောင် တင်စားကြတာမလား။ ဒီလို အခြေအနေရောက်ဖို့ တစ်ချို့ကျတော့လည်း GYM ဆော့တာမျိုး၊ လေ့ကျင့်ခန်းလုပ်တာမျိုးလေးတွေ ရှိကြပါတယ်။
အဲ့ဒီလို လေ့ကျင့်ခန်းမလုပ်ပဲ အဝတ်အစားကို သေချာရွေးချယ်ဝတ်ဆင်နိုင်မယ်ဆိုရင်လည်း အထာကျတဲ့ သင့်ရဲ့ခန္ဓာကိုယ်အနေအထားလေး ပေါ်ထွက်လာမှာပါ။ အဲ့လိုပြောလို့ ကျွန်မက သူများတွေထက် ပြည့်တယ်၊ ဝတယ်ဆိုပြီး စိတ်မပျက်သွားပါနဲ့။ ပြောပြသွားမယ့် အချက်အားလုံးဟာ ပိန်တဲ့သူ၊ ဝတဲ့သူအားလုံး သူ့အလှနဲ့သူ ပေါ်လွင်အောင် ပြောပြပေးသွားမှာမို့ပါ။ ကဲ ဘယ်လိုအဝတ်အစားတွေက သင့်ခန္ဓာကိုယ်အလှကို လှစ်ဟပြနိုင်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။
ခါးမြင့် (High-Waist) ဘောင်းဘီ၊ စကတ်မျိုးမဆို ရွေးချယ်ဝတ်ဆင်ပါ။
ခါးနေရာကသိမ်ပြီး ကြည့်ကောင်းနေစေတတ်တဲ့ ခါးမြင့်ဘောင်းဘီတွေ၊ စကတ်တွေ အများကြီးရှိပါတယ်။ ခါးနေရာကခါး၊ တင်နေရာကတင် နေရာသေချာ ကျစေတဲ့ အရာမျိုးတွေကို အဆင်ပြေပြီး လိုက်ဖက်မယ့် အကျီအဝတ်အစား fitting လေးနဲ့တွဲဝတ်လိုက်ပါ။ ကြည့်ကောင်းနေစေမှာ သေချာပါတယ်။
ဒေါင်လိုက်အစင်းတွေကလည်း သင့်ကို ပိုသွယ်လျကြည့်ကောင်းစေပါတယ်။
အလျားလိုက်အစင်းတွေက သင့်ခန္ဓာကိုယ်ပိုကြီးသလို ဖြစ်စေတဲ့အချိန်၊ သင့်အနေနဲ့ရွေးချယ်ရမှာ က ဒေါင်လိုက်အစင်းတွေ ပဲပေါ့။ ဒီတော့ အစင်းမှာမှ ဒေါင်လိုက် ချည်သား tee လေးတွေ ဘလောက်စ်လေးတွေ ရွေးချယ်မယ်ဆိုရင် သင့်ကို ခါးနေရာ သွယ်လျသွားသလို ဖြစ်စေပါလိမ့်မယ်။
ဘောင်းဘီအပွအကားတွေကလည်း ထင်တာထက် သင့်ခန္ဓာကိုယ်အတွက် သင့်တော်စေတဲ့အရာတွေပါ။
အောက်ဘက်အနားဘက်က အပွအကားဘောင်းဘီတွေရဲ့ စတိုင်လ်ကိုက ခါးနေရာကို သိမ်ထားပြီးသားပါ။ တစ်ခါတစ်လေ ကြိုးလေးတွေတောင် စည်းထားတတ်ကြသေးတယ်နော်။ ဒါကဘာကို ကွဲပြားသွားစေသလဲဆိုတော့ သင့်ရဲ့ခါးနေရာနဲ့ ခြေထောက်ပိုင်းကို သိသိသာသာ ကွဲပြားသွားစေတာပေါ့။ ဒီတော့ အဲ့ဒီလို ဘောင်းဘီအောက်ပွ အကားကိုမှ high waist လေးရနိုင်ရင်တော့ ပိုတောင်အိုခေပါသေးတယ်။
ခါးနေရာသက်သက်ကို သိမ်ထားတဲ့ ဘယ်လိုအကျီမျိုးမဆို သင့်ခန္ဓာကိုယ်အလှကို ပေါ်လွင်စေပါတယ်။
ဟိုးအရင် ၁၉၄၀ခုနှစ်ကတည်းက ခေတ်စားခဲ့ပြီးသား ဂန္တဝင်ဆန်ဆန်ဖက်ရှင်မျိုးတွေက ခုဆို တစ်ဖန်ပြန်ခေတ်စားလာခဲ့ပါပြီ။ သူတို့ကို ပွဲတက်၊ အခမ်းအနားတွေမှာသာ ဝတ်တတ်ကြပေမယ့် ခုနောက်ပိုင်းကျတော့ ရုံးတက်၊ ကုမ္မဏီသွားတဲ့အချိန်တွေမှာပါ ရွေးချယ်ဝတ်ဆင်လာတာ သတိထားမိပါတယ်။ သူ့ကို Silhouette လို့ ခေါ်ပြီးခါးနေရာက သိမ်ထားပြီးသား ဖြစ်သလို အပေါ်၊ အောက်ဝမ်းဆက် ဒီဇိုင်းတွေနဲ့ ကျော်ကြားခဲ့တာပါ။
ခန္ဓာကိုယ်အလှကို ပေါ်လွင်အောင် သေချာဒီဇိုင်းလုပ်ချုပ်ထားတဲ့ sheath dress တွေကလည်း ပွဲတက်အတွက် သင့်တော်ပါတယ်။
သင့်ခါးလိုင်းကိုလည်း ပေါ်လွင်ချင်တယ်။ သွားရမယ့်နေရာကလည်း လူအများနဲ့ ပြောဆိုဆက်ဆံရမယ့်၊ သူစိမ်းတွေနဲ့ စတွေ့ရမယ့်နေရာမို့ သူတို့ရဲ့ အာရုံစိုက်မှု၊ impression ကိုလည်း လိုချင်တယ်ဆိုရင်တော့ dress တွေမှာမှ သင့်ခန္ဓာကိုယ်အလှကို ပေါ်လွင်အောင်ချုပ်လုပ်ထားတတ်တဲ့ sheath dress တွေကို ရွေးချယ်လိုက်ပါ။
ခါးကို ပြန်ပတ်၊ ဒါမှမဟုတ် ပြန်ချည်ထားတဲ့ dress မျိုးတွေကလည်း ရွေးချယ်စရာတွေထဲကတစ်ခုပါ။
အရင်က နိုင်ငံတကာရုပ်ရှင်ကားတွေထဲမှာ Long Coat အရှည်တွေဝတ်ပြီး ခါးနေရာက ကြိုးချည်ပြန်ပတ်ထားတာမျိုး မြင်ဖူးပါလိမ့်မယ်။ အဲ့တုန်းကလည်း ဒီမှာ ဒီလို ကုတ်မျိုးတွေ သိပ်ခေတ်မစားသေးပါဘူး။ အဲ့ဒီလို ခါးနေရာပြန်ပတ်ထားတဲ့ ကုတ်အကျီမျိုးတွေကလည်း ခါးနေရာ အလှပေါ်လွင်စေတဲ့အရာတွေပါ။ ဒါတင်မကသေးပါဘူး။ ညဝတ်အကျီဒီဇိုင်း ပိုးသား၊ ဖဲသားကိုမှ ခါးနေရာက ပြန်ချည်၊ ပြတ်ပတ်ထားတဲ့ဒီဇိုင်းတွေဟာ ခုနောက်ပိုင်းမှာတော့ ညဝတ်အကျီနေရာကနေ ထသွားထလာ၊ ပွဲတက်အထိတောင် ဖြစ်လာပါတယ်။ အဲ့ဒီလို ဒီဇိုင်းတွေကလည်း ခါးနေရာကို ပိုသိသာထင်ရှားပြီး လှသွားစေတဲ့ အဝတ်အစားမျိုးတွေ ဖြစ်ပါတယ်။
ခါးပတ်လေးတစ်ခုကလည်း သင့်ကို ထင်ထားတာထက် ပိုအကျိုးပြုပါတယ်။
နောက်ဆုံး ဘာမှစဉ်းစားမရရင်တော့ သဲနာရီလို ခါးအလှနဲ့တင်အလှပေါ်လွင်အောင် တစ်ခုတည်းသောအရာဖြစ်တဲ့ ခါးပတ်က ကူညီပေးနိုင်ပါတယ်။ ဘလောက်စ်နဲ့ ဂျင်း တွဲဝတ်ပြီးတော့တောင် ခါးပတ်ကို သေချာပတ်ပြီး အားလုံးရဲ့ အကြည့်ကို သိမ်းကြုံးယူနိုင်ပါသေးတယ်။
By Myanmar Textile & Garment Guide





