What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်ကျကျ မတ်စ် ချုပ်ပြီး ဝတ်ကြစို့

 

မတ်စ် နှာစည်းသည် နေ့စဉ်သုံးပစ္စည်း အဖြစ်သို့ ရောက်ရှိနေပြီး တစ်ခါသုံး ပစ္စည်းလည်း ဖြစ်နေသဖြင့်

ဈေးကောင်းနေသည်။ ပစ္စည်း ပြတ်တောက် လိုသလောက် မရသည်များလည်း ရှိနေသည်။ ပိုဆိုးသည့်အချက်မှာ အရည်အသွေး မပြည့်မီသော မတ်စ်များ ဈေးကွက်ထဲ စီးဝင်နေခြင်း ဖြစ်သည်။ သုံးလွှာ ရှိရမည့်အစား နှစ်လွှာသာ ရှိသည်။ အသားက ပါးသည် ချည်ကြဲသည်။

ထိုထိုသော အကြောင်းများကြောင့် ယခုအခါ မတ်စ်ကို မိမိဘာသာ ချုပ်လုပ်ပြီး ဝတ်ဆင်နိုင်ပုံကို New York Times အပါအဝင် မီဒီယာများတွင် အကြံပြုတင်ပြလာကြသည်ကို တွေ့ရသည်။

နှိုင်းယှဉ်ကြည့်မည်ဆိုပါက ရောင်းတန်းဝင်မတ်စ်များကို ချုပ်လုပ်ကြရာ၌ လိုက်နာအပ်သော ကျန်းမာရေးဆိုင်ရာ အချက်များကို လျစ်လျူပြုပြီး ထုတ်လုပ်သော လုပ်ငန်းငယ်များ ရှိနေပြီး ထိုသို့ ထုတ်လုပ်နေကြပုံကို ဖေ့စ်ဘုတ်အပါအဝင် ဆိုရှယ်မီဒီယာများတွင် ဓာတ်ပုံ၊ ဗီဒီယိုတို့နှင့်တကွ တင်ပြအသိပေးကြသည်ကို တွေ့ရသည်။ မတ်စ်သည် တစ်ခါသုံးအဖြစ် ထုတ်လုပ်ထားသဖြင့် စိတ်မသန့်သော် လည်း ရေလျှော်၍ မရ။ အထုပ်ဖောက်ပြီး မျက်နှာပေါ် တင်ကာ ဝတ်ဆင်ကြရသည်။ အင်္ကျီအသစ်တစ်ထည် ဝယ်ယူပြီးပါက တစ်ရေလျှော် နေပူလှန်း အခြောက်ခံ၊ မီးပူတိုက်ပြီးမှ ဝတ်ဆင်သင့်ကြောင့် အကြံပြုကြသည်မှာ ကုန်ထုတ်လုပ်သည့် လုပ်ငန်းစဉ်တွင် အနည်းနှင့်အများ မသိုးမသန့်ဖြစ်စရာများ ကြုံထားနိုင်သောကြောင့် ဖြစ်သည်။

အကယ်၍ မတ်စ်ကို မိမိဘာသာ စိတ်တိုင်းကျ ချုပ်လုပ်မည်ဆိုပါက ရေလျှော်ခြင်း နေပူလှန်းခြင်း၊ မီးပူတိုက်ခြင်းတို့ ပြုနိုင်သည်။ ရေနွေးဖြင့် ပြုတ်လိုပါကလည်း ပြုတ်နိုင်မည် ဖြစ်သည်။

ယခုအခါ အထည်ချုပ်လုပ်ငန်းငယ်များသည် ကိုဗစ်ဂယက်ကြောင့် ချုပ်ထည် မရ ဖြစ်နေကြစဉ် မတ်စ်ကို ချုပ်လုပ်ပြီး ထုတ်လုပ်ရောင်းချ မည်ဆိုပါက ချုပ်သလောက် ရောင်းရဖို့ ရှိနေသည်။ သေသေသပ်သပ် အရည်အသွေး မီမီဖြင့် ချုပ်လုပ် ထုပ်ပိုးပြီး ရောင်းချလျှင် တစ်ခါသုံး မတ်စ်ထက်ပင် ဈေးပို ရနိုင်သည်။

မတ်စ်ချုပ်ရန် သုံးစွဲသည့် ပိတ်စကိုလည်း အရောင်အသွေး ရွေးချယ်ပြီး ဖက်ရှင်ကျကျ ချုပ်လုပ်၍ ရသည်။ 

တစ်ခါသုံး မဟုတ်သဖြင့်ရေလျှော် နေလှန်း မီးပူတိုက်ပြီး နောက်တစ်ကြိမ်မက ပြန်လည် ဝတ်ဆင်၍ ရသည်။

ယခုသုံးစွဲနေသော ဆာဂျီမတ်စ်များသည် အရည်အသွေး စံချိန်မှီသည် ဆိုလျှင်တေင် ကိုဗစ်ကို အပြည့်အ၀ မကာကွယ်ပေးနိုင်ကြောင်း အတိအလင်း သတိပေးထားပြီးပြီဖြစ်သည်။ လူနာပါးစပ်နှင့် နှာခေါင်းတို့မှ အရည်စက်များ တခြားသူထံ လက်လွှတ်စပယ် မကူးစက်ဖို့ အကာအကွယ် သဘော ဝတ်ဆင်စေခြင်းဖြစ်ကြောင်းလည်း အများအသိဖြစ်သည်။ သို့ဖြစ်ရာ ကိုယ်တိုင်ချုပ် မတ်စ်က ပိုးကို အပြည့်အ၀ မကာကွယ်နိုင်သဖြင့် မဝတ်ဆင်သင့်ဟု ဆိုခြင်းသည် သုံးလွှာ ဆာဂျစ်ကယ်မတ်စ်များသည်လည်း ပိုးကို အပြည့်အ၀ မကာကွယ်နိုင်ခြင်းနှင့် အတူတူပင်ဖြစ်နေပေရာ သုံးလွှာ ဆာဂျစ်ကယ်မတ်စများကိုလည်း မဝတ်ဆင်သင့်ဟု ဆိုရပေမည်။

နောက်ထပ် ကောင်းချက်တစ်ခုမှာ ဆာဂျစ်ကယ်မတ်စ်များ ဝတ်ဆင်ထားကြသည်ကို မြင်ရသည့်မအခါ စိတ်ကို အနည်းနှင့်အများ ကြောက်ရွံ့ချောက်ချားစေသည်။ အကယ်၍ ဖက်ရှင်ကျကျ ချုပ်ထားသော မတ်စ်ကို ဝတ်ဆင်သည်ဆိုပါက မတ်စ်ဝတ်ချင်စိတ် မရှိသူတောင် လိုက်ဝတ်ချင်စိတ် ပေါက်သွားမည် ဖြစ်သည်။ 

 

မတ်စ်ကို ကိုယ်တိုင်ချုပ်ဖို့ ခက်ခဲသလား။

 

နယူးယောက်တိုင်းမ်တွင် မတ်စ်ကို အလွယ်ကူဆုံးနှင့် စနစ်တကျအဖြစ်ဆုံး ချုပ်လုပ်နည်းကို ဖော်ပြပေးထားသည်ကို တင်ပြလိုသည်။ 

 

 

လိုအပ်သည့် ကိရိယာများမှာ

အပ်နှင့် အပ်ခြည် (အပ်ချုပ်စက် ရှိပါက အပ်ချုပ်စက်ဖြင့် ချုပ်နိုင်ပါသည်)

ကတ်ကြေး

ပင်အပ်များ၊ ညှပ်များ (ပိတ်စကို နေရာတကျ ရှိနေဖို့ ထိန်းပေးရန်အတွက် ဖြစ်သည်)

 

ကုန်ကြမ်းများ

အနည်းဆုံး လက်မ ၂၀ ရှိသော ရာနှုန်းပြည့် ဝါဂွမ်းတည် ပိတ်စ (၁၀၀% cotton fabric)

၁၈ လက်မ ရှည်ပြီး ဗြက် တစ်လက်မနီးပါးရှိသော အပိုင်းအစရှည် ၄ ခု သို့မဟုတ် ရှူးဖိနပ်ကြိုးပြား ၄ ခု သို့မဟုတ် အဝတ်အစားတွင် သုံးသည့် အီလတ်စတစ်ကြိုးပြား (မျှော့ကြိုး) ၇ လက် အရှည်

ပထမအဆင့်

အသုံးပြုမည့် ပိတ်စကို တစ်ရေလျှော်ပါ။ နေပူလှန်း အခြောက်ခံပါ။ ပြန့်အောင် မီးပူတိုက်ပါ။ ပိတ်စ အသစ်သည် ရေလျှော်သည့်အခါ ကျုံ့ ဝင်တတ်သဖြင့် ယခုလို လုပ်ခိုင်းခြင်း ဖြစ်သည်။ 

ပိတ်စကို ထက်ဝက်ခေါက်ပြီး နှစ်ထပ် ထပ်ပါ။ ၉ လက်မခွဲ × ၆ လက်မခွဲ အရွယ်အစား ဖြတ်ပါ။ ထိုအခါ အရွယ်ချွတ်စွပ်တူသည့် အစနှစ်ပိုင်း ရပြီ။ ဤအပိုင်းသည် မတ်စ်၏ အဓိက အပိုင်းဖြစ်သည်။ 

 

အပိုင်းအစရှည် ၄ ခုကို တစ်ခုချင်းစီ ချုပ်လုပ်ရမည် ဖြစ်ရာ၌ ပုံပါအတိုင်း အဆင်ဆင့်ခေါက်ပြီး ချုပ်ပါ။ အနားသတ်တို့ကို အထဲသို့ ခေါက်ထည့်ပြီး ချုပ်စေလိုသဖြင့် ယခုလို စနစ်ကျကျ ခေါက်ခိုင်းခြင်း ဖြစ်သည်။ ဤသည်တို့သည် အထိန်းကြိုးများ ဖြစ်သည်။ 

 

ဒုတိယအဆင့်

ထောင်မှန်စတုဂံပုံ ဖြတ်ထားသော ပိတ်စတွင် အပြင်ဘက်တွင် ထားမည့် အလှဘက်တွင် အထိန်းကြိုးများကို ပင်အပ်ဖြင့် တွဲပြီး နေရာချ ပေးပါ။ တစ်ထောင့်တွင် တစ်ခုစီ နေရာချရမည် ဖြစ်သည်။ အထိန်းကြိုးများ၏ လွတ်နေသောဘက်သည် ပုံမှာ ပြထားသည့်အတိုင်း ပိတ်စ၏ အလယ်ဗဟိုဘက်တွင် တညီတညာစီ ရှိနေတာ သေချာအောင် နေရာချပါ။ ပြီးမှ နောက်တစ်ဆင့်ကို ဆက်လက်လုပ်ကိုင်ပါ။

ဤသို့ ပိတ်စရှည်ကို ချုပ်ထားသည့် အထိန်းကြိုးအစား အဝတ်အစားချုပ်ရာတွင် သုံးကြသည့် အီလတ်စတစ် မျှော့ကြိုးကိုလည်း သုံးစွဲနိုင်ပါသည်။ သို့သော် မျှော့ကြိုး၏ အားနည်းချက်မှာ ရေလျှော်ပြီး သန့်စင်အောင် ပြုရာ၌ အခက်အခဲ ရှိသည်။ အရေပြားနှင့် ဓာတ်မတည့်သူဖြစ်ပါက အသုံးပြု၍ မရနိုင်ပါ။ 

 

အဆင့် (၃)

 

ပိတ်စ နှစ်ခုကို ပုံပါအတိုင်း အညီထပ်ပါ။ အလှဘက်နှစ်ခု မျက်နှာချင်းဆိုင် ထပ်ပါ။ ထိုအခါ ထိန်းကြိုးများ အစနှစ်ခုကြား ညပ်နေမည် ဖြစ်သည်။ ပိတ်စနှစ်ခုကို ပင်အပ်များဖြင့်ပုံပါအတိုင်း တွဲပါ။

အဆင့်(၄)

ထောင့်မှန်စတုဂံ၏ အလျားပိုရှည်သည့် အနားနှစ်ခုတွင် အနားစွန်းမှ ၁/၄ လက်မ အတွင်းကျကျဖြင့် အဖြောင့် ချုပ်ပါ။ ပင်အပ်တွဲထားသော နေရာသို့ ရောက်သောအခါ ပင်အပ်ကို အသာအယာ ဖြုတ်ပြီး အဆုံးအထိ ဆက်ချုပ်ပါ။

 

 

အထိန်းကြိုးကို ထောင့်တွင် မြဲမြံအောင် ဖိချုပ်ပေးပါ။ 

 

အဆင့်(၅)

ပိတ်စနှစ်ထပ်ကို ပုံပါအတိုင်း ပတ်ပတ်လည် ဆက်တိုက်ချုပ်ပါ။ အလယ် တစ်နေရာမှ စတင်ပြီး ထိုနေရာနားသို့ အရောက် တစ်လက်မခွဲ အလိုတွင် ရပ်ထားပါ။ 

 

အဆင့်(၆)

 

တစ်လက်မခွဲ အပေါက်မှ အစကို ဆွဲထုတ်ယူပြီး ပြောင်းပြန်လှန်ပါ။ အထိန်းကြိုးများ အပြင်ဘက် ရောက်လာပြီး စားပွဲတစ်ခုမှ ခြေထောက် လေးချောင်းသဖွယ် နေရာယူထားကြသည်။ ပိတ်စ၏ အလှဘက်သည်လည်း အပြင်ဘက် ဖြစ်သွားပြီ ဖြစ်သည်။ 

 

 

အဆင့်(၇)

မတ်စ်သည် ရုပ်လုံးပေါ်နေပြီ။ သို့သော် ကြီးနေသည်။ တမင်သက်သက် ကြီးပေးထားခြင်းဖြစ်သည်။ ပိတ်သားနှစ်ထပ်ကို ပုံပါအတိုင်း ထပ်တွန့်များ ခေါက်ထပ်ပါ။ ပင်အပ်များ ဖြင့် ယာယီထိန်းပေးထားပါ။ ခေါက်ယပ်တောင်နှင့် ဆင်ဆင်တူနေမည်။ 

 

 

အဆင့် (၈)

 

ပုံပါအတိုင်း ပတ်ပတ်လည်ကို ချုပ်ရိုးနှစ်ကြောင်း ချုပ်ပါ။ အနားစွန်းမှ ¼ လက်မ အတွင်းကျကျဖြင့် သေသေသပ်သပ် ချုပ်ပါ။ ထပ်တွန့်နေရာများတွင် ပိတ်သား အထပ်ထပ် ဖြစ်နေသဖြင့် အပ်မကျိုးအောင် သတိထားပြီး ချုပ်ပါ။ 

 

ယခုအခါ သင့်လက်ထဲမှာ မတ်စ် အသစ်ကျပ်ချွတ်တစ်ခုကို ရပါပြီ။

 

ဆာဂျီကယ်မတ်စ် မှာ ဘာအတွက် သုံးလွှာ ထည့်ပေးထားတာလဲ

 

 

 

Read 2069 times
Rate this item
(0 votes)