What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မိုးတွင်းကာလမှာ မှိုနံ့ကင်းတဲ့အဝတ်အစားတွေဖြစ်ဖို့ ဘယ်လိုထိန်းသိမ်းကြမလဲ?

မိုးရာသီလည်း ရောက်တော့မယ်ဆိုတော့ မိုးတွင်းမှာ အဝတ်အစားတွေ မှိုနံ့စွဲတာဟာ စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုပါ။ လူကြားထဲ သွားတဲ့အခါမျိုး၊ အဲကွန်းခန်းထဲမှာ အလုပ်လုပ်တဲ့အခါမျိုးတွေမှာ ကိုယ့်အဝတ်အစားက မှိုနံ့ရနေတာဟာ တကယ်ကို ရှက်စရာကောင်းသလို အနားမှာရှိနေတဲ့လူတွေအတွက်လည်း အနှောင့်အယှက်ဖြစ်စေပါတယ်။ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပြီး အရေပြားရောဂါဖြစ်စေတဲ့အထိကို ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။

ဒါကြောင့် မိုးရာသီမှာ မိမိတို့အဝတ်အစားတွေ မှိုနံ့ကင်းပြီး မွှေးမွှေးလေးဖြစ်နေအောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ချက်ချင်းလျှော်ပါ။

မိုးရေထိထားတဲ့ အဝတ်အစားတွေကို ချက်ချင်းလျှော်ရပါတယ်။ မလျှော်ခင် (၁၅) မိနစ်ခန့် ဆပ်ပြာမှုန့်ဖြင့် စိမ်ပါ။ ပြီးရင်တော့ သေချာစွာ Brush နဲ့ တိုက်လျှော်ပါ။ မိုးရေထိထားတဲ့ အဝတ်အစားတွေကို ချက်ချင်းမလျှော်ဘဲ ထားလိုက်မယ်ဆိုရင် မှိုစွဲပြီး လျှော်တဲ့အခါမှာလည်း မှိုနံ့က တော်ရုံနဲ့ မပျောက်တော့ပါဘူး။

အမွှေးဆီသုံးပါ။

လျှော်ပြီးတဲ့အဝတ်အစားတွေကို အမွှေးဆီဖြင့် မိနစ်ပိုင်းလောက် စိမ်ထားပါ။ သာမန်အချိန်တွေမှာ အမွှေးဆီမသုံးတာက မသိသာပေမယ့် မိုးရာသီမှာ အမွှေးဆီသုံးပေးခြင်းက အဝတ်အစားတွေအတွက် မကောင်းတဲ့အနံ့အသက်တွေကို သက်သာစေနိုင်ပြီး မွှေးပျံ့ပျံ့လေး ဖြစ်နေစေမှာပါ။ အမွှေးဆီအနံ့ကို ရွေးချယ်တဲ့အခါမှာလည်း အနံ့ပြင်းပြင်းတွေမဟုတ်ဘဲ ပျော့ပျောင်းတဲ့ အနံ့သင်းသင်းလေးတွေ ဖြစ်ဖို့ အရေးကြီးပါတယ်။

နေရောင်ထဲထုတ်လှန်းပါ။

လျှော်ပြီးအဝတ်တွေကို လှမ်းတဲ့အခါမှာ နေပူပူမှာ အချိန်ပေးပြီး လှမ်းပါ။ မိုးရာသီဖြစ်တာကြောင့် နေပူတဲ့အချိန်ကို စောင့်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဒါမှမဟုတ် အခြောက်ခံစက်ကို အသုံးပြုနိုင်ပါတယ်။

အဝတ်တွေခြောက်မှ မီးပူတိုက်ပါ။

အဝတ်အစားတွေ ခြောက်သွေ့နေတဲ့အချိန်မှသာ မီးပူတိုက်တာက အကောင်းဆုံးပါ။ မခြောက်တခြောက်အဝတ်အစားတွေကို မီးပူတိုက်ပြီး ခြောက်စေတာက အနံ့အသက်မကောင်းသလို ရေရှည်အတွက်လည်း မှိုစွဲစေတာကြောင့် မလုပ်သင့်ပါဘူး။ နေပူပူမှာ ခြောက်သွေ့အောင် ဒါမှမဟုတ် အခြောက်ခံစက်ထဲမှာ ခြောက်သွေ့အောင်ထားပြီးမှသာ မီးပူတိုက်သင့်ပါတယ်။

ပရုတ်လုံးသုံးပါ။

မီးပူတိုက်ပြီး အဝတ်အစားတွေကို သိမ်းဆည်းတဲ့အခါမှာလည်း ကလေးအနှီးမှအပ ကျန်အဝတ်အစားများကို ပရုတ်လုံးထည့်ပြီး သိမ်းသင့်ပါတယ်။ မိုးတွင်းကာလမှာတော့ အဝတ်ဗီရိုထဲမှာ ပရုပ်လုံးမပြတ်တာ အကောင်းဆုံးပါ။ ဘာကြောင့်လဲဆိုရင် အဝတ်အစားဗီရိုထဲ ထည့်လို့ရတဲ့ အခြားအမွှေးခဲတွေထက် ပရုတ်လုံးက မှိုနံ့ကို ပိုမိုစုပ်ယူနိုင်တာကြောင့် ဖြစ်ပါတယ်။ ပရုတ်လုံးနံ့က မပြင်းတဲ့အတွက် သင့်ကို စိတ်အနှောင့်အယှက် မဖြစ်စေပါဘူး။ ဒါကြောင့် သင်ဟာ ပရုတ်လုံးနံ့မကြိုက်ဘူးဆိုရင်တောင် မိုးရာသီအချိန်လေးတော့ အဝတ်အစားတွေ မှိုနံ့ကင်းဖို့အတွက် ထည့်ထားပေးရန် အကြံပြုချင်ပါတယ်။
Source – iMyanmar House

Read 593 times
Rate this item
(0 votes)