ပိတ်စတစ်စကို အ၀တ်အစားချုပ်ဖို့ အပိုင်းတွေ ဖြတ်တောက်တဲ့အခါ ပက်တန်ကို သုံးစွဲကြတယ်။
ပက်တန်ချပြီး အရာပေးတယ်။ အရာတွေအတိုင်း ဖြတ်တောက်တယ်။ ရလာတဲ့အပိုင်းတွေကို စနစ်တကျ တွဲပြီး ချုပ်တယ်။ ချုပ်ပြီးသွားတဲ့အခါ ရလာတဲ့ အ၀တ်အစားက ၀တ်ဆင်မယ့်သူနဲ့ အံကိုက် ဖြစ်ဖို့ လိုတယ်။ အဲဒီအတွက် စလုံးရေစ လုပ်ကိုင်ရတာကတော့ ၀တ်ဆင်မဲ့သူရဲ့ ကိုယ်ခန္ဓာကို တိုင်းတာရတာပဲ ဖြစ်ပါတယ်။
အ၀တ်အစားကို ၀တ်ဆင်ထားတဲ့အခါ အလော်တော် ဖြစ်နေရမယ်။ ကိုယ်လက်လှုပ်ရှားမှုတွေ ပြေလည်ရမယ်။ ကိုယ်နေဟန်ထား အမျိုးမျိုးမှ ဖုံးကာပေးထားတာ ဖြစ်နေရမယ်။ လှစ်ဟပြသလို မဖြစ်စေရဘူး။ သက်သောင့်သက်သာ ရှိနေရမယ် စတဲ့ ဂုဏ်သတ္တိတွေ ရှိနေရတယ်။
Three-dimensional Scanner
အဲဒီအတွက် ၀တ်ဆင်မယ့်သူရဲ့ ကိုယ်ခန္ဓာကို တိုင်းတာကြတဲ့ နည်းလမ်း ၂ မျိုး ရှိတယ်။ တစ်မျိုးက ခေတ်မီကိရိယာကို သုံးပြီး တစ်ကိုယ်လုံးကို SCAN ဖတ်တာ ဖြစ်ပါတယ်။ Three-dimensional Scanner ဖြင့် တစ်ကိုယ်လုံးကို ပုံဖတ်ပြီး တစ်ကိုယ်လုံးပုံကို ပုံပြန်ဖော်ပေးတယ်။
တကယ်လို့ အ၀တ်အစား ၀တ်ပြီး အတိုင်းခံမယ်ဆိုရင်တော့ ကိုယ်ကျပ်အ၀တ်အစား ၀တ်ရမှာ ဖြစ်ပါတယ်။ လေဆာရောင်ခြည်တစ်မျိုးဖြင့် ကိုယ်ခန္ဓာကို ဖတ်ရှုပြီး အချက်အလက်တွေကို ကွန်ပျူတာရဲ့ ဆော့ဖ်ဝဲလ်ဆီကို ပေးပို့ သိမ်းဆည်းတယ်။ ရထားတဲ့ အချက်အလက်တွေနဲ့ ဆော့ဖ်ဝဲလ်က ဆန်းစစ်ပြီး သုံးဖက်မြင်ရုပ်လုံးကြွ ပုံကို ပုံထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီရုပ်လုံးကြွပုံမှာ လိုအပ်သလို အတိုင်းအတာတွေကို တိုင်းတာခိုင်းပြီး အတိုင်းအတာတွေကို သိရှိနိုင်ပါတယ်။
ပေကြိုး
နောက်တစ်မျိုးကတော့ ပေကြိုးနဲ့ လိုက်တိုင်းတာ ဖြစ်ပါတယ်။
တိုင်းတာကြတာမှာ ကလေး အမျိုးသမီး အမျိုးသားဆိုပြီး ယေဘုယျအားဖြင့် သုံးမျိုး ရှိပါတယ်။ အင်တာနက်မှာ ပုံရှာပြီး ဖော်ပြပေးလိုက်ပါတယ်။
ကျွမ်းကျင်ပြီး အတွေ့အကြုံရှိတဲ့ ဓာတ်ပုံဆရာတစ်ယောက်က ဓာတ်ပုံအရိုက်ခံမယ့်သူရဲ့ ကိုယ်နေဟန်ထား မှန်မမှန်ဆိုတာအလိုလို စစ်ဆေးပြီးသား ဖြစ်နေတယ်။ မမှန်တာတွေရင် ပြင်ခိုင်းတယ်။
ပေကြိုးကိုင်ပြီး တိုင်းတာတဲ့သူကလည်း အတိုင်းခံတဲ့သူ ကိုယ်နေဟန်ထား မှန်ဖို့ စစ်ဆေးကြည့်ပြီးသား ဖြစ်နေရမယ်။
အတိုင်းခံတဲ့သူဟာ မတ်မတ် ရပ်နေရမယ်။ အသက်ကို ပုံမှန်ပဲ ရှူနေရမယ်။ ဗိုက်ကို ရှပ်ထားတာမျိုး လုပ်မထားရဘူး။
လက်ကို တိုင်းမယ်ဆိုရင် လက်ရဲ့ အနေအထားက နည်းနည်းလေး ကွေးခိုင်းထားပြီး တိုင်းရမယ်။ ဖြောင့်ဖြောင့်ကြီး တန်းလန်းချထားရင် လက်ကို နည်းနည်းကွေးပေးဖို့ ပြောပြီး အနေအထား ပြင်ခိုင်းရမှာ ဖြစ်ပါတယ်၊
လူသုံးများတဲ့ စည်းကမ်းကတော့ ရင် ခါး တင် လုံးပတ်တွေကို တိုင်းရင် အပေါ်ကနေ အရင်ဆုံးတိုင်းတယ်။ ပြီးရင် အောက်ဖက်မှာ တစ်ဆင့်ပြီး တစ်ဆင့်တိုင်းတယ်။ ဥပမာ တင်နဲ့ ခါးကို တိုင်းရမယ်ဆိုရင် ခါးကိုအရင်တိုင်းတယ်။ ပြီးမှ တင်ကို တိုင်းပါမယ်။
တိုင်းတဲ့အခါ အတိအကျ တိုင်းတယ်။ မတင်းလွန်း မလျော့လွန်း အလောတော်ဖြင့် တိုင်းတယ်။ ပတ်လည် လုံးပတ်ကို တိုင်းတဲ့အခါ ပေကြိုးဟာ ကြမ်းပြင် ရေပြင်ညီအတိုင်း မျဉ်းပြိုင်ပြုနေရမယ်။ တစ်ဖက် မြင့်ပြီး တစ်ဖက်မှာ နိမ့်နေတာမျိုး မဖြစ်ရဘူး။
ထောင်လိုက် တိုင်းရတာမျိုးတွေမှာလည်း တည့်တည့်ထောင်လိုက် ဖြစ်နေရမယ်။ စောင်းစောင်း ဖြစ်မနေအောင် ဂရုစိုက်ရမှာ ဖြစ်ပါတယ်။
တိုင်းတာတဲ့အခါ ကျွမ်းကျင်နိုင်နင်းမှု ရှိဖို့ လိုတယ်။ ဒါမှ အတိုင်းခံရတဲ့သူ ကသိကအောင့် မဖြစ်မှာ ဖြစ်ပါတယ်။ မှန်ကန်သင့်မြတ်တဲ့ အတိုင်းအတောတွေ ရရှိမှာ ဖြစ်ပါတယ်။ ဒီတော့ အတွေ့အကြုံတွေ များများယူထားသင့်တယ်လို့ အကြံပြုတိုက်တွန်းပါရစေ။
စက်နဲ့ တိုင်းတာနဲ့ လက်နဲ့တိုင်းတာ ၂ မျိုးရှိနေတာမှာ ကောင်းချက်ညံ့ချက် အသီးသီး ရှိပါတယ်။ လက်နဲ့တိုင်းတဲ့အတွက် စက်ဖိုး မကုန်ဘူး။ စက်ကို ထိန်းသိမ်းပြုပြင်ရတဲ့ကိစ္စတွေ ကုန်ကျစရိတ်တွေ မရှိဘူး။ နေရာမရွေး ကောက်တိုင်းလိုက်လို့ရတယ်။ အချိန်မရွေးတိုင်းလို့ရတယ်။
ညံ့ချက်တွေကတော့ စက်လို တစ်ကိုယ်လုံးအနှံ့ မတိုင်းပေးနိုင်ဘူး။ စက်လို့ အတိအကျ တိုင်းပေးဖို့ မဖြစ်နိုင်ဘူး။ စက်လောက် မမြန်ဆန်ဘူး။ ခုနက ပြောတဲ့ အတွေ့အကြုံနဲ့ တတ်ကျွမ်းမှုမျိုးတွေ စက်မှာ မလိုပေမဲ့ လက်နဲ့တိုင်းရင်တော့ လိုအပ်တယ်။
ကျန်းမာရွှင်လန်းကြပါစေ
ချက္က၀ါ