What's new

×

Warning

JUser: :_load: Unable to load user with ID: 845


B4B Insights Forum မှ အကြံပြုချက်များအား နိုင်ငံတော်အစိုးရထံ ၁၀ ရက်အတွင်း တင်ပြမည်

၂၆ မေ ၂၀၁၈ မှာ စတင်ကျင်းပတဲ့ B4B Insights Forum မှာ ကဏ္ဍအလိုက် စီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်းတွေ့ဆုံကြပြီး၊ နှေးကွေးနေတဲ့ မြန်မာ့စီးပွာရေး ဖွံ့ဖြိုးတိုးတက်မှုကို မြင့်တက်စေမယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။

နှစ်ရက်ကြာ ကျင်းပမယ့် B4B Insights Forum မှာ မတူညီသော စီးပွားရေးကဏ္ဍ (၈) ခုမှ Speaker များ စုစုပေါင်း (၄၃) ယောက် ဟာ လက်ရှိ မြန်မာ့ စီးပွားရေးအခြေအနေ နဲ့ အခက်အခဲများ၊ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ အကြံပြုချက်များ၊ နောင် (၃) လ တွင် မိမိ ကဏ္ဍ အခြေအနေ မှန်းဆချက်များ စတာတွေကို ဆွေးနွေးကြမှာဖြစ်ပြီး၊

ဖိုရမ်ရဲ့ အကြံပြုချက်များကို အချိန် (၁၀) ရက်အတွင်း စနစ်တကျ ပြုစုပြီး ပြည်ထောင်စု အစိုးရအဖွဲ့၊ ဝန်ကြီးဌာနများ၊ လွှတ်တော်များ နဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရများထံသို့ အစီရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။

ဖိုရမ်နဲ့ ပတ်သက်ပြီး ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက “ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေ ပိုမိုတိုးတက်အောင်မြင်ဖို့ လုပ်ငန်းရှင်များတွေ့ကြုံနေရတဲ့ အခက်အခဲ၊ အဟန့်အတား၊ စိန်ခေါ်မှုတွေကို ပေါင်းစပ်ညှိနှိုင်းပြီးအဖြေရှာဖို့ဖြစ်ပါတယ်။ ဒီဆွေးနွေးမှုတွေဟာ ကွင်းဆင်းစစ်တမ်းတွေ ကောက်ယူရရှိထားတဲ့ အချက်အလက်ပေါ်တွေအပ်ါမူတည်တာကြောင့် အခြေခံကျတဲ့ ဆွေးနွေးမှုပါ” လို့ ပြောပါတယ်။

အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝေဖြိုးက “Business for Business Insights Forum ဟာ စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း ကိုယ့်စီးပွားရေးကဏ္ဍတိုးတက်အောင် ကူညီပံ့ပိုးတဲ့ စိတ်ဓာတ်နဲ့ လုပ်တဲ့ ဖိုရမ်တစ်ခုပါ” လို့ မှတ်ချက်ပေးပါတယ်။

ဖိုရမ်ရဲ့ အစီရင်ခံစာကို အများပြည်သူသို့ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးသွားမှာလည်း ဖြစ်ပါတယ်။

B4B Insights Forum ရဲ့ ပထမနေ့ အစီအစဉ်မှာ ကဏ္ဍအလိုက် Panel Discussion များ မစတင်မီ၊ Panel moderator များလည်းဖြစ်ကြတဲ့ ကဏ္ဍအလိုက် ဦးဆောင် လုပ်ကိုင်နေကြတဲ့ ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများရဲ့ လက်ရှိအခြေကို အကျဉ်းချုံး မိတ်ဆက်ပြောကြားခဲ့ပါတယ်။

ကဏ္ဍ စုစုပေါင်း (၉) ရပ်အတွက် မိတ်ဆက်ပြောကြားချက်များကို ကောက်နုတ်ဖော်ပြလိုက်ရပါတယ်။
ဘဏ်လုပ်ငန်း နှင့် ဘဏ္ဍာရေးကဏ္ဍ
********************

တင်ပြသူ - ဦးမြင့်ဇော် (MD – AYA Bank)

● ဘဏ်များထုတ်ချေးချင်ကြသည်မှာ ပုံမှန်ပြန်ဆပ်နိုင်သည့် Quality Loan များဖြစ်ပါကြောင်း၊

● မိမိနိုင်ငံအတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် အတိုးနှုန်းရရှိအောင် လုပ်ဆောင်သင့်ပါကြောင်း

● Credit Bureau ဖော်ဆောင်ပြီးပါက ငွေချေးသူ၏ သတင်းအချက်အလက်မျှဝေခြင်းများ ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း

လက်လီလုပ်ငန်းကဏ္ဍ
********************
တင်ပြသူ - ဒေါ်ဝင်းဝင်းတင့် (ဥက္ကဋ္ဌ - မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း)

● အခွန်အကောက်ကဏ္ဍ အခက်အခဲ ( ပင်ရင်းမှ ကြိုတင်နှုတ်ယူခွန် ) ၊ ငွေအကြွေရှားပါးမှုကြောင့် ကုန်ဈေးနှုန်းကြီးမြင့်နေခြင်း၊ လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်ကြီးမြင့်နေခြင်း တို့မှာ အဓိက စိန်ခေါ်ချက်များ ဖြစ်နေပါကြောင်း

● ငွေကြေးလဲလှယ်နှုန်း နှင့် ကုန်ဈေးနှုန်း တည်ငြိမ်ခြင်း၊ ပင်ရင်းမှ ကြိုတင်နှုတ်ယူခွန်အား ပယ်ဖျက်ခြင်း၊ အစိုးရဌာနများ ပြုပြင်ပြောင်းလဲမှုကို ဆက်လက်၍ စနစ်တကျ ပေါင်းစပ်ဆောင်ရွက် ဖော်ဆောင်ခြင်း စသည်တို့ကို ရေတိုကာလအတွင်း အစိုးရက ဖော်ဆောင်ပေးရန် မျှော်လင့်ပါကြောင်း

ဆောက်လုပ်ရေးကဏ္ဍ
********************
တင်ပြသူ - ဦးရှိန်ဝင်း (ဒုတိယဥက္ကဋ္ဌ - ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်)

● မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးကဏ္ဍဟာ ၂၀၁၅ ခုနှစ်မှာ စတင်ကျဆင်းလာကာ ၂၀၁၆ ခုနှစ် နှေးကွေးလာပြီး၊ ၂၀၁၇ အေးစက်လာကာ ၂၀၁၈ ခုနှစ်တွင် လုံးဝရပ်တံ့သွားနိုင်သည့် အခြေအနေမျိုးရှိနေကြောင်း

● ဝင်ငွေခွန် စုစုပေါင်း ၃၇% ပေးဆောင်ရသည်ကြောင့် မြေဝယ်ယူမှု၊ အခန်းဝယ်ယူမှု ကျဆင်းလာကြောင်း ထို့အတွက်ကြောင့် နိုင်ငံတော် အစိုးရအနေဖြင့် ဝင်ငွေခွန်ဖြေလျှော့မှု ၃% - ၅% တင်ပြထားခြင်းကို စဉ်းစားပေးရန်၊ ဘဏ်တိုးနှုန်းလျှော့ချရန်၊ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေ ၂၀၁၆ (Condominium Law) ၏ နည်းဥပဒေများ အမြန်ဆုံး ပြဌာန်းနိုင်အောင် ဆောင်ရွက်ရန် ဆောင်ရွက်သင့်ပါကြောင်း

ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ
********************

တင်ပြသူ - ဦးမိုးကျော် (Chairman - MMRD Co., Ltd)

● ဝန်ဆောင်မှုကဏ္ဍအောင်မြင်ဖို့ အစိုးရအပေါ်အများကြီးမူတည်ပါကြောင်း

●အခွန်ကောက်ခံနှုန်းထား လျှော့ချသင့်ပါကြောင်း

စက်မှုကဏ္ဍ
************
တင်ပြသူ - ဒေါက်တာအောင်သိန်း (ဥက္ကဋ္ဌ - မြန်မာနိုင်ငံ စက်မှုကုန်ုထုတ်လုပ်သူများအသင်း)

● မြန်မာ့စက်မှုကဏ္ဍသည် ၂၀၁၀ ခုနှစ်တွင် နိုင်ငံ့ GDP တွင် စက်မှုကဏ္ဍပါဝင်မှုအချိုး ၂၆% ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ၃၃% အထိ တိုးတက်လာပါကြောင်း

● စက်ရုံအရေအတွက်၊ စက်မှုဝန်ကြီးဌာနမှာ မှတ်ပုံတင်တဲ့ လုပ်ငန်းအရေအတွက်လည်း တိုးတက်လာသဖြင့် မက်ခရိုစီးပွားရေးအမြင်တွင် စက်မှုကဏ္ဍတိုးတက်လာသည်ဟု ဆိုနိုင်ပါကြောင်း

● သို့သော် လုပ်ငန်းအများစုမှာ လုပ်အားအခြေခံလုပ်ငန်းများ၊ နည်းပညာမြင့် မဟုတ်ပဲ အခြေခံ စက်မှုနည်းပညာအသုံးပြုသည့် လုပ်ငန်းများသာဖြစ်သည့်အတွက် စက်မှုတော်လှန်ရေးအဆင့် ၂.၀ ၌သာ ရှိသေးကြောင်း

လယ်ယာစီးပွားရေးကဏ္ဍ
********************
တင်ပြသူ - ဦးရဲမင်းအောင် (ဒုတိယဥက္ကဋ္ဌ - ကုန်သည်စက်မှုအသင်းချုပ်)
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် အောက်ပါတို့ကို ဆောင်ရွက်ရန် လိုအပ်ပါကြောင်း

● မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို ကောင်းမွန်သော စီမံအုပ်ချုပ်မှုစနစ်များဖြင့် ဖွံ့ဖြိုးရေးဘဏ်တစ်ခုအဖြစ် အချိန်တိုအတွင်း ပီပီပြင်ပြင် ပြောင်းလဲနိုင်ရေး

● အကောက်ခွန်ကို ပြည်တွင်းစိုက်ပျိုးထုတ်လုပ်နေတဲ့ တောင်သူလယ်သမားများ အကျိုးရှိမည့် နှုန်းထားများဖြစ်အောင်၊ ပြည်ပမှ သွင်းကုန်တွေကို ယှဉ်ပြိုင်နိုင်တဲ့ နှုန်းထားများဖြစ်အောင် ပြန်လည်သုံးသပ်ပြင်ဆင်ရေး

● မြန်မာနိုင်ငံတွင် ပြည်ပသွင်းကုန်များ (ဥပမာ - စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ) အပေါ် ရောဂါကင်းစင်မှု (Sanitary & Phytosanitary) ဆိုင်ရာ ကန့်သတ် တားဆီးမှု မရှိတာကြောင့် လယ်ယာကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လျော့နည်းနေတဲ့အတွက် နိုင်ငံတော်အစိုးရက မူဝါဒ ချမှတ်၊ အချိန်အတိုင်းအတာ သတ်မှတ်ပြီး ဆောင်ရွက်ရေး

ကုန်သွယ်ရေးကဏ္ဍ
********************

တင်ပြသူ - ဦးမြင့်ဇော် (MD – Lim Family Co., Ltd)

● အရည်အသွေးမြင့်၊ တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများ မတင်ပို့နိုင်ပါက ပို့ကုန်ပမာဏ မတက်နိုင်ကြောင်း

● သယ်ယူပို့ဆောင်စရိတ်ကုန်ကျစရိတ်မြင့်တက်နေကြောင်း
နိုင်ငံတော်အနေဖြင့် တရားမဝင်ကုန်သွယ်မှုကို တရားဝင်ကုန်သွယ်မှုဖြစ်ဖို့ ဆောင်ရွက်ပေးဖို့ လိုအပ်နေကြောင်း

စွန့်ဦးတီထွင်လုပ်ငန်းများနှင့် SME ကဏ္ဍ
********************
တင်ပြသူ - ဦးထွန်းထွန်းနိုင် (Chairman, Blue Ocean Co., Ltd)

● အသေးစားနှင့် အလတ်စားစီးပွားရေးကဏ္ဍကျဆင်းနေပါကြောင်း
လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာ၊ နိုင်ငံတကာ ဈေးကွက်ဖန်တီးပေးမှု၊ အစိုးရ၏ ထောက်ပံ့ဖို့ လိုအပ်နေပါကြောင်း

အလုပ်ရှင် အလုပ်သမား ဆက်ဆံရေးကဏ္ဍ
********************

တင်ပြသူ - ဒေါ်ခိုင်ခိုင်နွယ် ( တွဲဖက်အထွေထွေအတွင်းရေးမှူး - ကုန်သည်စက်မှုအသင်းချုပ် )

● လုပ်ငန်းနယ်ပယ်အသီးသီးတွင် အလုပ်ရှင်၊ အလုပ်သမားအချင်းချင်း အပြန်အလှန်နားလည်မှု လိုအပ်နေပါကြောင်း

● အလုပ်သမားများ၏ ဘဝအာမခံချက်ရှိမှုကို ဖန်တီးပေးနိုင်ဖို့လိုအပ်ကြောင်း

● လုပ်ငန်းခွင် ပဋိပက္ခများ မဖြစ်အောင် ထိန်းချုပ်နိုင်ဖို့ လိုအပ်ကြောင်း

ကုန်သည်စက်မှုအသင်းချုပ်

Read 1017 times
Rate this item
(0 votes)