What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဘေဘီလေးတွေအတွက် အဝတ်အစားတွေထဲက သတိပြုစရာ ဓာတုပစ္စည်းများအကြောင်း

ကလေးငယ်လေးတွေရဲ့ အရေပြားက နုနယ်ပြီး ထိခိုက်လွယ်ကြပါတယ်။ မွေးကင်းစကလေးတွေကို အသားအရေအတွက် အသုံးပြုပေးတဲ့ ပစ္စည်းတွေကစလို့ အဝတ်အစားတွေအထိ သေချာရွေးချယ်ပေးဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင် ကလေးမှာ မလိုလားအပ်တဲ့ အရေပြားပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဖေဖေမေမေတို့ သတိထားလို့ရအောင် ကလေးအဝတ်အစားတွေမှာ ပါတတ်တဲ့ ဓာတုပစ္စည်းတွေအကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အဝတ်အထည်တွေမှာ ဓာတုပစ္စည်းတွေ ပါတတ်လား?

ပုံမှန်အတိုင်းဆိုရင် အဝတ်အထည်တွေမှာ ဓာတုပစ္စည်းတွေ ပါဝင်နေမယ်လို့ ထင်စရာမရှိပါဘူး။ ဒါပေမယ့် အဝတ်အထည်တစ်ခု ဖြစ်လာဖို့ ကုန်ကြမ်းတွေကစလို့ နောက်ဆုံး အချောထည်ထွက်လာတဲ့အထိ အဆင့်ဆင့်မှာ ဓာတုပစ္စည်းမျိုးစုံကို အသုံးပြုကြရပါတယ်။ ဒီလိုမျိုး ဓာတုပစ္စည်းတွေအမျိုးမျိုး အသုံးပြုထားရတဲ့ အထည်တွေက ကလေးငယ်လေးတွေရဲ့ အရေပြားနဲ့သင့်တော်နိုင်မှာ မဟုတ်ပါဘူး။

 

အဝတ်အထည်တွေမှာ ဘယ်လိုဓာတုပစ္စည်းတွေ ပါဝင်နေလဲ?

နေ့စဉ်ဝတ်ဆင်နေတဲ့ အဝတ်အစားတွေကို ချုပ်လုပ်ထားတဲ့ အထည်တွေမှာ ဓာတုပစ္စည်းတွေ အများအပြား ပါဝင်နေပါတယ်။ အဝတ်အထည်တွေကို ဆိုးထားတဲ့အရောင်၊ အဆင်ဖော်ထားတဲ့ ဆေးတွေ၊ အထည်ကို ပိုးကိုက်တာမျိုး မဖြစ်အောင်၊ တာရှည်ခံအောင် စသဖြင့် သုံးထားတဲ့ ဓာတုဆေးတွေ ပါဝင်နေပါတယ်။ အထည်တွေမှာ ပါဝင်နေတတ်တဲ့ ဓာတုပစ္စည်းတွေကတော့ –

• အမိုးနီးယား

• Caustic soda

• အစွန်းချွတ်ဆေး

• Formaldehyde

• Halogens

• ဓာတုဆိုးဆေးများ

•Sulfonamides

• Sulfuric acid

• Urea resins

• Volatile organic compounds (VOCs) တို့ဖြစ်ပါတယ်။

ဘာကြောင့် ဓာတုပစ္စည်းတွေကို အထည်ထုတ်လုပ်ရာမှာ အသုံးပြုကြတာလဲ?

အထည်တွေမှာ ဓာတုပစ္စည်းတွေ အသုံးပြုရတယ်ဆိုတာကလည်း အချို့သောလိုအပ်ချက်တွေကြောင့် ဖြစ်ပါတယ်။ သဘာဝဆိုးဆေးတွေကို အသုံးပြုပြီး ထုတ်လို့ရပေမယ့် တာရှည်ခံနိုင်စွမ်းနည်းမှာကို စိုးတာကြောင့် ဓာတုပစ္စည်းတွေကို အသုံးပြုနေကြတာလည်း ဖြစ်ပါတယ်။ ဓာတုပစ္စည်းတွေ အသုံးပြုရတာက –

• ပိုးမွှားအန္တရာယ်ကနေ ကာကွယ်ဖို့

• ဘက်တီးရီးယားတွေကို ကာကွယ်ဖို့

• ရေစိုခံနိုင်ဖို့

• ပိုးကိုက်ခံရတဲ့ ဒဏ်ကနေ ကာကွယ်နိုင်ဖို့

• ချည်ရုန်းတာမျိုး မဖြစ်စေဖို့

• စွန်းထင်းမှု ကင်းစေဖို့

• တွန့်ကြေတာမျိုး မဖြစ်စေဖို့

• အနံ့အသက်ကင်းစေဖို့ အသုံးပြုကြတာ ဖြစ်ပါတယ်။

ပြည်ပကနေ တင်ပို့လိုက်တဲ့ အဝတ်အစားတွေမှာဆိုရင် သက်ဆိုင်ရာနိုင်ငံကို ရောက်ရှိတဲ့အခါ သစ်လွင်တောက်ပနေစေဖို့ အဝတ်အစားတွေကို formaldehyde ဖြန်းပေးလိုက်တတ်ကြပါတယ်။ ဒီလိုဓာတုပစ္စည်းတွေက လူကြီးအသားအရေအတွက် သိပ်ပြီး ပြသနာမရှိပေမယ့် ကလေးငယ်တွေရဲ့ အသားအရေကိုတော့ ထိခိုက်နိုင်ပါတယ်။

ကလေးငယ်တွေရဲ့ အဝတ်အထည်တွေမှာ အများဆုံးပါတတ်တဲ့ ဓာတုပစ္စည်းတွေက အလွယ်တကူ အရောင်ပြန့် စွန်းထင်းတာမျိုး မဖြစ်အောင် အသုံးပြုထားတဲ့ ဆေးတွေ၊ ရေစိုခံစေဖို့နဲ့ အလွယ်တကူ မီးမလောင်စေဖို့ အသုံးပြုထားတဲ့ ဓာတုဆေးတွေ ဖြစ်ပါတယ်။ ဘေဘီလေးတွေရဲ့ ခန္ဓာကိုယ်အရေပြားပေါ်က တစ်ရှူးတွေဟာ ဖွံ့ဖြိုးနေဆဲဖြစ်တာကြောင့် ဓာတုပစ္စည်းတွေနဲ့ ပတ်ဝန်းကျင်မှ ညစ်ညမ်းတဲ့အရာတွေက အလွယ်တကူ ထိခိုက်စေနိုင်ပါတယ်။ ဒီဓာတုဆေးတွေက ကလေးငယ်တွေရဲ့ နုနယ်တဲ့အရေပြားကို ယားယံတာနဲ့ မအီမသာဖြစ်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒီအဝတ်တွေမှာပါတဲ့ ဓာတုပစ္စည်းတွေကို ရှုရှိုက်မိမယ်ဆိုရင် ကလေးလေးတွေမှာ အသားအရေတင်မကဘဲ အခြားကျန်းမာရေး ထိခိုက်မှုတွေပါ ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးတွေအတွက် အဝတ်အစားဝယ်မယ်၊ အသုံးပြုရမယ့် ပိတ်စရွေးချယ်မယ်ဆိုရင် အထက်မှာဖော်ပြထားတဲ့ ဓာတုပစ္စည်းတွေမပါတာကို အတတ်နိုင်ဆုံးရွေးချယ်ဝယ်ယူတာက ဘေးအကင်းဆုံး ဖြစ်ပါလိမ့်မယ်။

Source – Helloဆရာဝန်

Read 484 times
Rate this item
(0 votes)