What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရှေးဟောင်းနှောင်းဖြစ် - သတို့သမီးဝတ်စုံ

မင်္ဂလာဆောင် ၀တ်စုံကို ဒီနေ့ ငှားဝတ်ပြီး မနက်ဖြန် ပြန်အပ်လိုက်ပါ။

15 March 1957 က သတင်းဆောင်းပါးတစ်ပုဒ် ဖတ်ဖြစ်တာကို တင်ပြထားပါတယ်။
မိန်းကလေးတွေက မင်္ဂလာဝတ်စုံကို ငှားသုံးတာအတွက် အခုအခါမှာ မလုပ်ကောင်းတဲ့ ရှက်စရာလို့ မထင်ကြတော့ပါဘူး။

သတို့သမီးက သူ့ရဲ့ မင်္ဂလာဆောင် ၀တ်စုံအဆောင်အယောင်နဲ့ အဆင်တန်ဆာတွေကို ငှားရမ်းဝတ်ဆင်ပြီး နောက်တစ်နေ့မှာ ပြန်အပ်လိုက်တာကို လျော်ကန်သင့်မြတ်တယ်လို့ လက်ခံထားကြတာ ကြာပါပြီ။

ဒုတိယကမ္ဘာစစ်ကြီးအပြီး လန်ဒန်မြို့မှ အခမ်းအနားဝတ်စုံလုပ်ငန်းက ကြေညာတယ်။ သူတို့ဟာ သတို့သမီးဝတ်စုံ အထူးကျွမ်းကျင်သူတွေပါတဲ့။ သူတို့က မိခင်နေရာမှာ နေပြီး သတို့သမီးဝတ်စုံကို ရွေးချယ်စီစဉ်ပေးဖို့ စိတ်ကူး ဖြစ်ပါတယ်။ သတို့သမီး ၀တ်ဆင်မယ့် ၀တ်စုံတွေကို ငှားရမ်းတဲ့ ၀န်ဆောင်မှုလည်း ပေါ်ပေါက်ခဲ့တယ်။ စစ်ကြီးအပြီးမှာ ချွေတာကြရတယ်။ အ၀တ်အစားတွေ ၀ယ်ချင်သလောက် ၀ယ်ခွင့် မရှိဘူး။ ခွဲတမ်းသတ်မှတ်ထားသလောက်ပဲ ၀ယ်လို့ရတယ်။ အ၀တ်အစားဝယ်ခွင့် ကူပွန်တွေ ပေးထားသလောက်ပဲ ၀ယ်ခွင့် ရနိုင်မယ်။ ဒီတော့ ၀တ်စုံကို လိုက်ငှားရတယ်။ ငှားလို့ ရလာတာကို ဆင်မြန်းကြရတယ်။

မင်္ဂလာဆောင်ကြတဲ့ ရာသီမျိုးမှာ တစ်ပတ်အတွင်း လက်ထပ်မင်္ဂလာပွဲ ကျင်းပကြတာ ရာချီတယ်။ ဒီတော့ အကြံတူရန်သူ ဖြစ်ကုန်တယ်။ ၀တ်စုံ ငှားလို့ရဖို့ အခက်အခဲ ရှိနေတာကို သတို့သမီးဝတ်စုံ ငှားရမ်းရေးလုပ်ငန်း လုပ်ကိုင်ပြီး စီးပွားရှာကြတယ်။ နှစ်ဦးနှစ်ဖက် အကျိုးရှိတယ်။ သတို့သမီးအနေဖြင့် မင်္ဂလာဆောင်ဝတ်စုံ ငှားစရာ မရှိဖြစ်နေမှာ မပူရတော့ဘူး။ ၀တ်စုံငှားတဲ့ လုပ်ငန်းကလည်း ၀င်ငွေရတယ်။
သတို့သမီး၊ သတို့သား၊ ပြီးတော့ သတို့သမီးအရံတွေ၊ သတို့သားအရံတွေအတွက်ပါ ၀တ်စုံတွေ ငှားပေးတာ ရှူးဖိနပ်ကအစ ငှားတယ်။ ခေါင်းမှာ ဆင်မြန်းမယ့် အဆင်တန်ဆာ၊ လက်အိတ်၊ သတို့သမီး မျက်နှာလွှားဇာ၊ ပန်းစည်း စတာတွေ အကုန်လုံး အစုံအလင် ငှားပေးတယ်။
သတို့သမီးဝတ်စုံက တစ်ခါငှားပြီးရင် တစ်ခါလျှော်တယ်။ ငါးကြိမ်ငှားပြီးရင် စွန့်ပစ်တယ်။
လန်ဒန်ကို မလာနိုင်တဲ့ တခြားအရပ်က ငှားချင်ရင် စာတိုက်မှတစ်ဆင့် ပေးပို့ပြီး ငှားပေးတယ်။ ကက်တလောက်ထဲကြည့်ပြီး ဘယ်လိုဝတ်စုံမျိုး ငှားချင်သလဲ ရွေးလို့ရတယ်။ ကတ်တလောက်မရှိရင် ပုံကြမ်းဆွဲပြပြီး ပေးပို့ကာ ငှားရမ်းလို့ရတယ်။

လူတွေက အသုဘမှာသာ အယူသည်းကြတာ မဟုတ်ဘူး။ မင်္ဂလာဆောင်မှာလည်း အယူသည်းကြတယ်။ ပြီးတော့ ၀တ်စားဆင်ယင်တာမှာလည်း ဓလေ့ထုံးစံတွေ ရှိနေတယ်။ အစဉ်အလာဆိုတဲ့ ဖက်ရှင်ဒီဇိုင်းက သတို့သမီးကို လုံလုံခြုံခြုံ ဖြစ်နေစေမယ့် ဖက်ရှင်မျိုး ဖြစ်တယ်။ ခေါင်းကိုလည်း ခြုံထားရတယ်။ မျက်နှာကိုလည်း မျက်နှာလွှားဇာနဲ့ ကာရံထားတယ်။ အင်္ကျီက လက်ရှည်။ လည်ပင်းက မဟိုက်ရဘူး။ လက်ပြတ်အသာထား လက်တိုတောင် ၀တ်ခွင့် မရှိဘူး။ ပခုံးသားတွေနဲ့ ရင်သားအထက်ပိုင်း ပေါ်နေတဲ့ လည်ပင်းကျယ် လည်ဟိုက်မျိုးကို လက်သင့်မခံဘူး။
အစဉ်အလာက ခွင့်မပြုဘူး။ အဲဒီအစဉ်အလာက ဘယ်တုန်းက စခဲ့တာလဲ။

ဖြူဆွတ်နေတဲ့ သတို့သမီးဝတ်စုံကို ၁၉ ရာစုအစမှ တီထွင်ခဲ့တယ်။ အဖြူရောင်ဟာ အပျိုစင်ဖြစ်ခြင်းကို ရည်ညွှန်းတယ်လို့ ပြောဆိုကြတာ မမှန်ပါဘူး။ အဲဒီတုန်းက ပေါ်ပေါက်ခဲ့တဲ့ ဖက်ရှင်ရေစီးကြောင်းက ဇာထည်တွေ ထုတ်လုပ်နိုင်သွားတဲ့အပေါ် စီးမျောခဲ့တာ ဖြစ်ပါတယ်။ အဖြူရောင်ဇာထည်တွေ တစ်ခေတ်ထတော့ သတို့သမီးဝတ်စုံတွေလည်း ရေစီးကြောင်းထဲ မျောပါကြတယ်။

သတို့သမီးဝတ်စုံဖက်ရှင်ဆိုပြီး သီးခြား လိုင်းတစ်လိုင်း ထွက်ပေါ်ခဲ့တာ ၁၉၂၀ ခုနှစ်နောက်ပိုင်းမှာ ဖြစ်ပြီး တစ်မျိုးတမည် အဆန်းထွင်ပေးထားတဲ့ ဖက်ရှင်တွေ ရေပန်းစားတယ်။ စိတ်ကူးယဉ်ဆန်ဆန် ဆန်းပြားနေတဲ့ ၀တ်စုံတွေ ပေါ်ပေါက်လာတယ်။ မြင်လိုက်တာနဲ့ အဲဒါ သတို့သမီးဝတ်စုံဖြူဆိုပြီး သိသာနေစေတယ်။ အဲဒီ ဖက်ရှင်စတိုင်လ်ဟာ ယခုအထိ တည်တံ့နေဆဲဖြစ်ပါတယ်။

Read 1935 times
Rate this item
(0 votes)