What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စိတ်ခံစားချက်တွေအပေါ် လွှမ်းမိုးနိုင်သော အရောင်များ

“When in doubt, wear Red” – ဒွိဟတွေနဲ့ ဝေခွဲမရဖြစ်နေတဲ့အခါ အနီရောင်ကို ဝတ်ပါ။

အဲဒီစကားကို ကြားဖူးကြမယ် ထင်ပါတယ်။ အနီရောင်ဟာ တက်ကြွခြင်း၊ လတ်ဆတ်နုပျိုခြင်း၊ ရဲရင့်ခြင်း စတာတွေရဲ့ ပြယုဂ်ပါ။ အနီရောင်လိုပဲ တခြားအရောင်တွေကလည်း စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေအပေါ် လွှမ်းမိုးမှုတွေ ရှိပါတယ်။ ဒါကို စိတ်ပညာအရ Color Psychology လို့ ရိုးရှင်းစွာ သုံးနှုန်းထားပါတယ်။

Warm colors

အနီ၊ လိမ္မော် နဲ့ အဝါ ဘက်သွားတဲ့ အရောင်တွေကို နွေးထွေးတဲ့ အရောင်တွေ တစ်နည်းအားဖြင့် Warm Colors တွေလို့ ခေါ်ပါတယ်။ ဒီအရောင်တွေက အကောင်းမြင်စိတ်၊ ပျော်ရွှင်မှုနဲ့ စွမ်းအင်တွေကို ထုတ်ပေးပြီး လူအများရဲ့ အာရုံစိုက်မှုကို ရရှိစေနိုင်ပါတယ်။ အနီရောင်ဆို အစာစားချင်စိတ်ကိုတောင် မြှင့်တင်ပေးနိုင်ပါသေးတယ်။

Cool Colors

အစိမ်း၊ အပြာနဲ့ ခရမ်းတို့လို အေးမြတဲ့ အရောင်တွေကတော့ ဝမ်းနည်းမှုကို ဖော်ပြနိုင်သလို ငြိမ်းအေးတဲ့ စိတ်ကိုလည်း ဖော်ဆောင်နိုင်ပါတယ်။ ကျန်းမာခြင်း၊ လှပခြင်း နဲ့ လုံခြုံမှုတွေကို ဖော်ဆောင်နိုင်ဖို့အတွက်တော့ Cool Colors တွေက အသင့်တော်ဆုံးပါပဲ။

 

အရောင်တစ်ခုချင်းစီကနေရနိုင်မယ့် စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကို လေ့လာလို့ရအောင် ဖော်ပြပေးသွားပါမယ်။

အဖြူရောင်

သန့်စင်လတ်ဆတ်ပြီး တက်ကြွတဲ့ ခံစားမှုကို ပေးပါတယ်။ ငယ်ရွယ်နုပျိုခြင်း နဲ့ ခေတ်ဆန်တဲ့ ခံစားမှုတွေကို လိုချင်ရင် အဖြူရောင်ကို ဝတ်ဆင်ကြည့်ပါ။

အနက်ရောင်

ဝမ်းနည်းခြင်း အရောင်လို့ဆိုပေမဲ့ အနက်ဟာ အတော်ကို ဆွဲဆောင်မှုပြင်းတဲ့ အရောင်ပါ။ ဒါ့အပြင် အနက်ဟာ လျှို့ဝှက်ဆန်းကြယ်ခြင်း နဲ့ အာဏာ၊ ဩဇာလွှမ်းမိုးခြင်းဆိုတဲ့ ခံစားချက်တွေကိုလည်း ပေးစွမ်းနိုင်တာကြောင့် ဇိမ်ခံကားတွေဆိုရင် အနက်ရောင်တွေ အထုတ်များတာပါ။

ငွေရောင်

ခေတ်မီဆန်းသစ်တဲ့ ခံစားမှုကို လိုချင်ရင် ငွေရောင်က အသင့်တော်ဆုံးပါပဲ။ အဆင့်မြင့်နည်းပညာတွေကို အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေဟာ ငွေရောင်တွေများပါတယ်။ ငွေရောင်ဟာ အသစ်လွင်ဆုံး၊ အဆန်းသစ်ဆုံး အရာတွေနဲ့ ဆက်နွယ်နေတာပါ။

အနီရောင်

အနီရောင်ဟာ အနွေးထွေးဆုံးနဲ့ အဓိပ္ပာယ်အများဆုံး အရောင်ပါ။ စိတ်အားထက်သန်ခြင်း၊ ဒေါသ စတဲ့ စိတ်ခံစားမှုတွေကို ပေးပါတယ်။ အနီရောင်ဟာ တက်ကြွပြီး အားအင်ပြည့်စေတာတော့ ငြင်းမရတဲ့ အချက်ပါပဲ။

လူတစ်ယောက်ရဲ့ နှလုံးခုန်နှုန်းကိုလည်း မြန်စေပြီး စိတ်လှုပ်ရှားအောင်လည်း ပြုစားနိုင်ပါတယ်။ ဒါကြောင့် လူတိုင်းက အနီရောင်နဲ့ဆို သိပ်ပြီး ညှို့အားပြင်းတယ်လို့ သတ်မှတ်ထားကြတာပါ။

လိမ္မော်ရောင်

လိမ္မော်ရောင်ကတော့ ရှင်သန်ခြင်းနဲ့ ပျော်ရွှင်ခြင်းကို ကိုယ်စားပြုနေပါတယ်။ ပြီးတော့ ရင်းနှီးနွေးထွေးမှုကိုလည်း ခံစားရစေပါတယ်။

အဝါရောင်

အဝါရောင်က အကောင်းမြင်စိတ်နဲ့ ပျော်ရွှင်တက်ကြွခြင်းကို ပေးစွမ်းနိုင်ပါတယ်။ အဝါက လင်းလွန်းတာကြောင့် ကြည့်သူတွေကို မျက်စိ စူးစေတတ်လို့ နည်းနည်း သတိထားဆင်ယင်ရမယ့် အရောင်ပါပဲ။

အစိမ်းရောင်

အစိမ်းရောင်ဟာ လန်းဆန်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ မျက်လုံးပင်ပန်းနေတဲ့အခါ အစိမ်းရောင်အပင်တွေကို ကြည့်လိုက်ရင် အားပြည့်လန်းဆန်းလာပါတယ်။ အေးဆေးပြီး သက်တောင့်သက်သာဖြစ်စေမယ့် အရောင်မျိုးကို လိုအပ်နေတယ်ဆိုရင် အစိမ်းရောင်ကို ရွေးချယ်ဝတ်ဆင်ပါ။

အပြာရောင်

အပြာရောင်ကတော့ လုံခြုံစိတ်ချမှု၊ ယုံကြည်မှုနဲ့ သက်တောင့်သက်သာဖြစ်မှုကို ပေးစွမ်းနိုင်ပါတယ်။ ကောင်းကင်ပြာကို ငေးလိုက်ရင် ကြည်နူးအေးချမ်းတယ် မဟုတ်လား။ ဒါဟာ အပြာရောင်ရဲ့ ဂုဏ်သတ္တိပါပဲ။

အပြာရောင်ကို မြင်ရတဲ့အခါ တည်ငြိမ်အေးချမ်းမှုကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေကို ခန္ဓာကိုယ်က အလိုအလျောက် ထုတ်ပေးပါတယ်။

ခရမ်းရောင်

ခရမ်းရောင်က ဖန်တီးနိုင်စွမ်း၊ တော်ဝင်ဆန်မှု နဲ့ ကြွယ်ဝခြင်းတို့ရဲ့ ပြယုဂ်ပါ။ ခရမ်းဖျော့ရောင်တွေက ကြည့်သူတိုင်းကို အေးချမ်းစေပါတယ်။

ပန်းရောင်

ပန်းရောင်က ရိုမန့်တစ်ဆန်ပြီး တက်ကြွလန်းဆန်းမှုကို ပေးစွမ်းနိုင်သလို ချိုမြိန်ပြီး ချစ်စရာကောင်းတဲ့ အသွင်ကို ရစေပါတယ်။

အညိုရောင်

အညိုရောင်ကတော့ သဘာဝဆန်ဆန်နဲ့ တည်ငြိမ်ပြီး အားကိုးရလောက်တယ်ဆိုတဲ့ ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။ အလုပ်အင်တာဗျူးသွားဖြေတဲ့အခါ ဝတ်သွားသင့်ပါတယ်။

မီးခိုးရောင်

မီးခိုးရောင်က ပရော်ဖက်ရှင်နယ်လ်ဆန်ပြီး လေးနက်တဲ့ သဘောကို ဆောင်ပါတယ်။

အရောင်တွေတိုင်းဟာ စိတ်ခံစားမှုတွေပေါ် နည်းလမ်းအမျိုးမျိုးနဲ့ သက်ရောက်နေပြီး ကိုယ့်အခြေအနေနဲ့ လိုက်ဖက်တဲ့ အရောင်တွေကို ရွေးချယ်ဆင်ယင်နိုင်မယ်ဆိုရင်တော့ လုပ်ငန်းခွင် နဲ့ နေ့စဉ်ဘဝတွေမှာ အကျိုးရှိစေမှာ ကျိန်းသေပါပဲ။

Source- Helloဆရာဝန်

Read 726 times
Rate this item
(1 Vote)