What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ထရန့်စ် ကွင်လီဗံ

ကွင်လီဗံက သူဟာ ထရန့်စ်ဖြစ်ကြောင်း အသိပေးကြေညာလိုက်ပြီးတဲ့အခါ CNN က သီးသန့်အင်တာဗျူးခဲ့တယ်။


နယူးယောက် ဖက်ရှင်သီတင်းပတ် ၂၀၁၇ ကို ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ခြိမ့်ခြိမ့်သဲ ကျင်းပနေစဉ် တယ်ဒီ ကွင်လီဗံက အခုလို ကြေညာလိုက်တာ ဖြစ်တယ်။ သူဟာ ဘာလဲဆိုတာ အမှန်အတိုင်း လူသိရှင်ကြား ပထမဆုံးအကြိမ် အသိပေးပြောကြားလိုက်တာ ဖြစ်တယ်။ သူက အမျိုးသမီးမော်ဒယ်အဖြစ် ပွဲမထွက်တော့ဘူး။ ထရန့်စ်အဖြစ် ပွဲထွက်လိုက်တာဖြစ်တယ်။
သူက မော်ဒယ်အဖြစ် အောင်မြင်နေတာ ၂၀၁၅ ခုနှစ်ကတည်းက ဖြစ်တယ်။ လူဝီ ဗစ်တွန် Louis Vuitton ဖက်ရှင်တိုက်မှ creative director နီကိုလပ်စ် ဂစ္စကွီးယား
Nicolas Ghesquière က သူ့ကို အရင်ဆုံးတွေ့ခဲ့သူ ဖြစ်ပြီး မျက်စိကျလို့ မော်ဒယ်အဖြစ် သုံးစွဲစေခဲ့တယ်။ အသက် ၂၃ နှစ်အရွယ် ကွင်လီဗံ catwalk လျှောက်တယ်။ ဓာတ်ပုံကြော်ငြာရိုက်တယ်။ မော်ဒယ်ဘ၀ခရီးမှာ မြင့်တက်လာနေတယ်။

quinlivan

‘‘ကျမဟာ ထရန့်စ်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားဖို့ ဆုံးဖြတ်ခဲ့တာ ဘာကြောင့်လဲဆိုတော့ ကမ္ဘာပေါ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမိုးလေ၀သကြောင့်ပဲ။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုမှာပေါ့။ အိုဘားမားလက်ထက်မှာ ကျမတို့ အံ့သြရလောက်အောင် ရှေ့ကို တိုးခဲ့တယ်။ အခု အစိုးရသစ် တက်ပြီးချိန်မှာ နောက်ပြန်လန်တယ်’’

‘‘ကျမ ထရန်စ်ဂျန်းဒါးဆိုတာ ဘာမှ မသိခင်ကတည်းက ထရန့်စ်ဂျန်းဒါးတွေအပေါ် ကြမ်းကြမ်းတမ်းတမ်း ရှိခဲ့ကြတယ်။ အထူးသဖြင့် လူဖြူမဟုတ်တဲ့ ထရန့်ဂျန်းဒါးအမျိုးသမီးတွေ အပေါ်မှာ ဆိုးဝါးခဲ့ကြတယ်။ အရေးတော်ပုံ အချိန်အခါလို့ ကျွန်မ တွေးဆမိတယ်။ ကျမဘယ်တုန်းကမှ ကျမအခုလို နေရာအဆင့်တစ်ခုမှာ ရောက်မယ်လို့ တကယ်ကို မတွေးခဲ့တဲ့ နေရာအဆင့်ကို ကံအလွန်ကောင်းပြီး ရောက်နေချိန်မှာ အခုလို အခွင့်သာနေတာကို အခွင့်ကောင်းယူဖို့ တကယ်ကို အရေးကြီးပါတယ်။ ဒါကြောင့် ကျမ ထရန့်စ်အဖြစ် ထွက်လာခဲ့တာ ဖြစ်ပါတယ်’’

သူ့ရဲ့ ဒေါနယ်ထရန့်ပ်အပေါ် အမြင်တွေနဲ့ ထရန့်စ်အသိုင်းအ၀ိုင်းအပေါ် ရုန့်ရင်းကြမ်းတမ်းတာတွေကြောင့် သူက ထရန့်စ်တွေဘက်မှာ အတိအလင်း ပေါ်ပေါ်ထင်ထင် ပါဝင်လိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီတော့ အခြေအမြစ်က နိုင်ငံရေးကြောင့် ဖြစ်တယ်။ ဒါဆို ကိုယ်ရေးကိုယ်တာကြောင့် မဟုတ်ဘူးလား။

‘‘ကိုယ်ရေးကိုယ်တာဆိုတာက နိုင်ငံရေးလို့ ကျမ ယူဆတယ်။ အဲဒါဟာ နိုင်ငံရေးပဲ။ ဒါပေမ့ ကျမအတွက်ကြောင့်လည်း ပါပါတယ်။ ကျမ ထရန့်စ်အဖြစ် ထွက်လာဖို့ အသင့်ဖြစ်နေတယ်။ အရေးတကြီး လိုအပ်နေတာရယ်ကြောင့် အခုလို လုပ်ဖြစ်တယ်’’

ကွင်လီဗံက တုံ့ပြန်လာမယ့်အရေးကို ပူပန်တယ်။ သူ့ရဲ့ အသိပေးပြောကြားချက်ကို မကြည်ဖြူနိုင်တဲ့သူတွေ အင်တာနက်ရဲ့ တစ်ထောင့်တစ်နေရာ ရှိနေမယ်ဆိုတာ သူ သိတယ်။ သူ့ရဲ့ ဖက်ရှင်မော်ဒယ် သက်မွေးမှုအပေါ် ထိခိုက်မယ့်အရေးလည်း ရှိနေတယ်။
‘‘ကျမက မွေးကတည်းက မိန်းကလေးအဖြစ် မွေးလာသူလို နေခဲ့တာ ကြာပြီ။ အသက် ၁၆ နှစ်ကတည်းက မိန်းကလေးလို နေခဲ့တယ်။ စစ်(စ်) မိန်းကလေးပေါ့။ ကျမက ကံကောင်းတယ်။ မိန်းကလေးနဲ့ တူနေတယ်။ ဒီတော့ မိန်းကလေးတစ်ဦးအတိုင်း ကျမ လမ်းတွေပေါ်မှာ သွားလာဖို့ ယုံကြည်စိတ်ချမှု အပြည့်ရှိတယ်။ ဖက်ရှင်လောက အလုပ်ခွင်မှာလဲ မိန်းကလေးတစ်ဦးလို့ အပြည့်အ၀ ခံယူထားတယ်။ ထရန်စ်တစ်ဦးလို စိတ်ထဲ ဖြစ်မနေဘူး။ ပုံမှန်မိန်းကလေးတစ်ဦးအတိုင်း ဖြစ်နေတယ်’’

‘‘ဘယ်လိုပဲ ကိုယ့်ကိုယ်ကိုယ် စိတ်ချနေပေမဲ့ လောကထဲကို ထရန့်စ်အဖြစ် ထွက်လိုက်တဲ့အခါ စင်မြင့်ပလက်ဖောင်းပေါ်မှာ တုံ့ပြန်မှုအချို့ကတော့ ရှိမှာပဲ။ ကျမကို ရုန့်ရင်းကြမ်းတမ်းသူတွေ ရှိမယ်။ အဲဒီအတွက် ကျမ ပူပန်တယ်။ ဒါပေမဲ့ ကျမရဲ့ ဇာတ်လမ်းအမှန်ကို ပြောပြဖို့ အချိန်အခါသင့်နေတယ်။ အကောင်းကို မျှော်ကြည့်ပြီး ကြောက်စိတ်ကို ကျော်လွှားလိုက်တယ်’’

ကွင်လီဗံကို ထောက်ခံအားပေးသူတွေ ရှိတယ်။ နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာ မတ်ဂျက်ကော့က ‘‘ထရန်စ်ဂျန်းဒါအဖြစ် ထွက်လာဖို့ တယ်ဒီရဲ့ ဆုံးဖြတ်ချက်ကို လေးစားတယ်။ အားကျတယ်။ ထောက်ခံတယ်။ LGBT အသိုင်းအ၀ိုင်းကို ကျနော်တို့ရဲ့ အသံတွေ သုံးပြီး အားပေးရမယ်။ လက်ခံရမယ်။ တန်းတူဖြစ်စေရမယ်။ နားလည်ပေးရမယ်။ မေတ္တာထားရမယ်’’ လို့ ရေးသားခဲ့ပါတယ်။

သူရဲ့ ဖက်ရှင်မော်ဒယ် သက်မွေးအလုပ်မှာ ဘယ်လိုတွေအပြောင်းအလဲ ရှိကုန်သလဲ။ ရှင်းရှင်းလေးပါပဲ။ အရင်က မော်ဒယ်။ အခုတော့ ထရန့်စ်ဂျန်းဒါးမော်ဒယ်။ တံဆိပ်ပြောင်းကပ်လိုက်ကြတယ်။ အဲဒီလို အကပ်ခံရတာကို ကွင်လီဗံက လက်ခံသဘောတူတယ်။
‘‘အဲဒါ ပြဿနာလို့ ကျမ မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ထရန့်စ် ဖြစ်နေတာကြောင့် ဘာမှ မမှားဘူး။ ကျမက အများအမြင်မှာ မိန်းမဖြစ်နေတာ ထင်ရှားတယ်။ ကျမက မော်ဒယ်။ ဒါပေမဲ့ ကျမက ထရန်စ်။ တစ်ချိန်ချိန်မှာ ထရန့်စ်စဲလီတွေ ရှိလာမယ်’’

ထရန့်စ်ဂျန်းဒါးတွေကို အဆိုးအ၀ါးအဖြစ် ပုံဖော်ကြတယ်။ ‘‘ကျမ ငယ်ငယ်က ဖတ်ရတာတွေ ရှိတယ်။ ထရန်စ်တွေကို ပြက်လုံးတစ်ခုအဖြစ် သုံးတယ်။ ထရန်စ်ဆိုတာ ဟာ ဆိုးဝါးတဲ့ ပြက်လုံးထုတ်စရာတစ်ခုလို ဖြစ်နေတယ်’’

‘‘ကံမကောင်းတာက ကျမမှာ စံနမူနာ ယူရမယ့် မော်ဒယ် မရှိခဲ့တာ အသက် ၁၈၊ ၁၉ နှစ်အထိပဲ။ ထရန်စ်အမျိုးသမီးတွေ ပြက်လုံးထုတ်ပြီး လှောင်ပြောင်တာ ခံကြရတယ်။ ဇာတ်လမ်းတွေမှာ ရယ်စရာ ဇာတ်ရုပ်တစ်မျိုးအဖြစ် ထရန့်စ်ကို သုံးကြတယ်’’

‘‘ကျမဟာ ထရန်စ်ဖြစ်ကြောင်း လူအများသိစေလိုက်တဲ့အတွက် စံနမူနာ ပြုစရာတစ်ခု ရသွားနိုင်တယ်။ ပြီးတော့ ကျမက ထရန့်စ်သက်သက်မျှသာ မဟုတ်ဘူး။ အလွန် အောင်မြင်နေတဲ့သူ၊ ပြီးတော့ ကျမ လုပ်ကိုင်နေတဲ့အလုပ်မှာ တော်တဲ့သူ။ ဒီတော့ စံနမူနာတစ်ခု ဖြစ်နိုင်ပါတယ်’’

‘‘ထရန်စ်အသိုင်းအ၀ိုင်းမှာ ရှိနေတဲ့သူတွေကို ကူညီပေးနိုင်တဲ့နည်းတစ်ခုက သူတို့ ရပ်ထည်ဖို့ ပလက်ဖောင်းတစ်ခု ပေးထားတာ ဖြစ်ပါတယ်။ အဲဒီအတွက် ဖက်ရှင်လုပ်ငန်းက အလွန်အမင်းအရေးပါတဲ့ ကဏ္ဍမှာ ရှိနေတယ်လို့ ကျမ ထင်တယ်။ ဖက်ရှင်လုပ်ငန်းဟာ ဖက်ရှင်တစ်ခု ဘယ်လို လန်းတယ်၊ ဘယ်လို ဖက်ရှင်ကျတယ်။ ဘာကို လက်ခံပေးတယ်ဆိုတာတွေကို ပြောဆိုကြရတာဖြစ်ပြီး အဲဒီဖက်ရှင်ကို ဘယ်သူက ဆင်မြန်းပြီး catwalk လျှောက်တယ်ဆိုတာလောက်ပဲ မဟုတ်ပါဘူး’’

 

 

Read 952 times
Rate this item
(0 votes)