What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမျိုးသမီး မော်ဒယ် ၁၃ မျိုး

အမျိုးသမီးမော်ဒယ်တွေလို့ ပြောလိုက်ရင် ထင်ရှားတဲ့ စူပါမော်ဒယ်တွေကို တွေးမိတယ်။ ဟုတ်ပါတယ်

။ စူပါမော်ဒယ်တွေဟာလည်း အမျိုးသမီးမော်းဒယ်တွေပါပဲ။ ဖက်ရှင်လောကအတွက် အရေးပါသူတွေပါပဲ။ ဆင်သွားရင် လမ်းဖြစ်တယ်ဆိုတဲ့အတိုင်း သူတို့ရဲ့ ကိုယ်ပေါ်ကို ဖက်ရှင် တင်လိုက်ရင် သူတို့ရဲ့ မျက်နှာပေါ် အလှပြင်ပစ္စည်း တင်လိုက်ရင် ရောင်းအား ကောင်းသွားစေတာလည်း အမှန်ပါပဲ။
တကယ်တော့ သူတို့အပြင် အခြားမော်ဒယ် အမျိုးအစားတွေလည်း ရှိနေပြီး သူ့နေရာနဲ့သူ အရေးပါကြတယ်။ မရှိမဖြစ် လိုအပ်နေတယ်။ ၀င်ငွေလည်း ကောင်းကြတယ်။ တချို့မော်ဒယ်တွေက အ၀တ်အစား ထုတ်လုပ်ဖို့ အစမ်းဝတ်ပြပေးရတဲ့ fitting ခန်းထဲ အလုပ်လုပ်ကြတယ်။ တချို့မော်ဒယ်တွေက အရောင်းမြှင့်တင်ရေးအတွက် ကိုယ်ဟန်ပြပေးကြရတယ်။ ပစ္စည်းထုတ်လုပ်သူတွေ၊ ရောင်းချသူတွေ၊ ဆေးဝါးကုမ္ပဏီတွေ၊ လေကြောင်းလိုင်းတွေ၊ ပစ္စည်း ပေးသွင်းသူတွေ ကားရောင်းချသူတွေ၊ ကိုယ်ကာယလေ့ကျင့်ခန်းနဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေအတွက် လုပ်ကိုင်ပေးနေကြတယ်။
အဲဒီလို အမျိုးမျိုး လုပ်ကိုင်နေကြတဲ့ အမျိုးသမီးမော်ဒယ်တွေကို အမျိုးအစား ၁၃ မျိုး ခွဲခြား သတ်မှတ်ထားကြတယ်။

01 Fashion (Editorial) Model

ဖက်ရှင်မော်ဒယ်တွေ အမျိုးမျိုး အစားစား ရှိနေကြတာမှာ တစ်မျိုးကိုတော့ “editorial models” လို့ ပြောဆိုကြတယ်။ အမြင့်တန်းစား ဖက်ရှင်တွေအတွက် အသုံးပြုတဲ့ အမျိုးသမီးမော်ဒယ်တွေ ဖြစ်ပါတယ်။ Vogue, Harper’s Bazaar, Elle အစရှိတဲ့ ဖက်ရှင်မဂ္ဂဇင်းတွေက ခေါ်ယူအသုံးပြုကြတယ်။ Giorgio Armani, Prada, Marc Jacobs, Gucci, Valentino စတဲ့ ဖက်ရှင်ဒီဇိုင်နာတွေအတွက် မော်ဒယ်လုပ်ပေးပြီး မဂ္ဂဇင်းတွေမှာ ဖော်ပြခံရတယ်။

အမျိုးသမီး editorial models တွေဟာ အကြမ်းအားဖြင့် အရပ် 5’ 9” ကနေ 6’ ပေ အထိ ရှိတယ်။ အရပ်ရှည်တယ်။ ပိန်ပိန်သွယ်သွယ်တွေ ဖြစ်ပါတယ်။ အချို့ဆိုရင် အတော်ပိန်ပိန်ပါးပါးမှ ကြိုက်ကြတယ်။ ကိုယ်ခန္ဓာ ၃ နေရာ အတိုင်းအတာတွေက များသောအားဖြင့် ရင် ၃၃ လက်မ ခါး ၂၃ လက်မ နဲ့ တင် ၃၃ လက်မတို့ ဖြစ်ပါတယ်။


02 Runway/Catwalk Model
လူရှေ့သူရှေ့ ကင်မရာတွေရှေ့ ပွဲထွက်ပြီး လမ်းလျှောက်ပြရတဲ့ မော်ဒယ်တွေ ဖြစ်ပါတယ်။ အရပ် အမြင့် အနည်းဆုံး 5’ 9” ရှိဖို့ လိုမယ်။ 5’ 10” - 5’ 11” ဆိုရင် ပိုကောင်းတယ်။ Runway model တွေရဲ့ ကိုယ်ခန္ဓာ အတိုင်းအတာတွေက အအထိအကျ ဖြစ်ကြရတယ်။ ဒီဇိုင်နာတွေ ချုပ်ထားတဲ့ အ၀တ်အစားနဲ့ fit ဖြစ်နေဖို့ လိုတယ်။ ဒီဇိုင်နာတွေက မော်ဒယ်နဲ့ fit ဖြစ်အောင် မချုပ်ကြဘူး။ မော်ဒယ်ကသာ fit ဖြစ်မယ့် ကိုယ်ခန္ဓာ ဖြစ်နေရမယ်။ 34” - 23” - 34” ထက် ပိုကြီးရင် မလိုချင်ကြဘူး။
ခြွင်းချက်ကတော့ စူပါမော်ဒယ်တွေ ငှားပြီး သုံးမယ်ဆိုရင်တော့ ဒီဇိုင်နာက စူပါမော်ဒယ်ရဲ့ အတိုင်းအတာတွေနဲ့ အဆင်ပြေအောင် ချုပ်ကြတယ်။

03 Commercial Model
ကြော်ငြာတွေ လုပ်ကိုင်ဖို့ သုံးတဲ့ မော်ဒယ်ဖြစ်ပြီး အသက်အရွယ်က ကြော်ငြာအပေါ်မှာ မူတည်တယ်။ အသက်ငယ်တာကို သုံးတာ ရှိသလို သက်ကြီးပိုင်းကို သုံးတာလည်း ရှိတယ်။ သက်လတ်ပိုင်းတွေ သုံးတာလည်း ရှိမယ်။ ကလေးအရွယ်ကို သုံးတာလည်း ရှိပါတယ်။ ကိုယ်ခန္ဓာရဲ့ ကိန်းဂဏန်းတွေကလည်း ကြော်ငြာရဲ့ လိုအပ်ချက်အရ ဆုံးဖြတ်တာဖြစ်လို့ ပိန်တာကို သုံးတဲ့အခါ ရှိသလို ၀ဖြိုးတာကို သုံးတာလည်း ရှိပါတယ်။

04 Plus Size Model
ဝဖြိုးတဲ့သူတွေရဲ့ အ၀တ်အစားဈေးကွက်က ကြီးမားနေတယ်။ ထွားကြိုင်းလို့ plus size ဖြစ်နေရသူတွေလည်း ရှိနေတယ်။ ဒီတော့ Plus Size Model တွေကို မရှိမဖြစ် သုံးစွဲကြတယ်။ ရင် ခါး တင် အတိုင်းအတာထက် ကိုယ်လုံးကိုယ်ထည် တစ်ခုလုံးရဲ့ size အရွယ်အစားကိုပဲ စဉ်းစားကြတယ်။ plus size ဖြစ်နေဖို့ လိုတယ်။


05 Petite Model

Petite ဆိုတဲ့ ဝေါဟာရက ကိုယ်လုံးကိုယ်ပေါက် ကျစ်လစ်သေးသွယ်လှပသော မိန်းကလေးကို ဆိုလိုတာမို့ ကိုယ်လုံးကိုယ်ပေါက်ကျစ်လစ်သေးသွယ်ပြီး ကြည့်ပျော်ရှုပျော်ရှိတဲ့ မိန်းကလေးတွေကို Petite Model အဖြစ် သုံးကြတယ်။
အရပ်အမြင့် က 5’ 7” ထက် မကျော်ဘူး။ သူတို့ကို runway မှာ မလျှောက်ခိုင်းဘူး။ ရေကူးဝတ်စုံ၊ အတွင်းခံအလှ အမျိုးမျိုးတို့ကို ကြော်ငြာဖို့ သုံးကြတယ်။ သူတို့က သေးသွယ်ကျစ်လစ်တော့ ရှူးဖိနပ် size ငယ်တယ်။ လက်အိတ် size လည်း ငယ်တယ်။ အဲဒီအပိုင်းတွေကို ကြော်ငြာပြသဖို့အတွက်လည်း သူတို့ကို သုံးကြတယ်။

06 Child Model
ယေဘုယျအားဖြင့် အသက် ၁၂ နှစ်ဝန်းကျင် မိန်းကလေးတွေကို သုံးကြတယ်။ အသက်က အဓိက ဖြစ်ပြီး ကိုယ်ခန္ဓာ ကြီးတာ ငယ်တာ အကြောင်း မဟုတ်ပါဘူး။ ညက်နေလည်း သုံးတယ်။ နုထွားကြီးဆိုရင်လည်း သုံးတယ်။ ရုပ်ရည် သန့်ပြန့်ဖို့ လိုတယ်။ ပြီးတော့ တစိမ်းတွေကြားမှာ ရဲရဲဝံ့ဝံ့ လုပ်ကိုင်ရဲဖို့ လိုတယ်။
စဲလီတွေ ဖြစ်ကြတဲ့ Brooke Shields, Jodie Foster, Sarah Michelle Gellar, Jennifer Connelly, Natalie Portman တို့ဟာ တစ်ချိန်က Child Model တွေ ဖြစ်ပါတယ်။

07 Swimsuit/Lingerie Model
ရေကူးဝတ်စုံ နဲ့ အလှပြအတွင်းခံတွေအတွက် မော်ဒယ် ဖြစ်တာမို့ ကိုယ်ခန္ဓာရဲ့ အမို့အမောက်တွေ မျဉ်းကွေးတွေဟာ အမြင်မရိုင်းတဲ့သူမျိုး ဖြစ်ဖို့ လိုတယ်။ ဒါပေမဲ့ လုံးကြီးပေါက်လှ ဖြစ်ဖို့ လိုတဲ့အပြင် ရှိုက်ဖိုကြီးငယ် အသွယ်သွယ် ပြည့်ပြည့်၀၀ ဖြစ်နေဖို့ လိုတယ်။
swimsuit model တစ်ဦးအဖို့ ဘီကီနီတွေ ၀တ်ပြဖို့အပြင် အလှပြအတွင်းခံတွေ၊ တခြား အတွင်းခံတွေ၊ အိပ်ရာဝင် ပါးလျလျ အ၀တ်အစားတွေ၊ နွေဝတ်စုံတွေအတွက်လည်း အလုပ်တွေ ရကြတယ်။ တချို့ဆိုရင် fit model အဖြစ်လည်း လုပ်ကိုင်ကြတယ်။ showroom မှာလည်း မော်ဒယ် လုပ်ကြတယ်။


08 Glamour Model
စွဲမက်စရာ ညှို့ယူဖမ်းစားနိုင်သူမျိုးကို Glamour Model အဖြစ် ငှားကြတယ်။ ဒီတော့ အချိုးကျကျ အမို့အမောက်တွေ မျဉ်းကွေးတွေ ရှိတဲ့ လုံးကြီးပေါက်လှ ကိုယ်ခန္ဓာမျိုးကို ရွေးကြတယ်။ ရှိုက်ဖိုကြီးငယ် အသွယ်သွယ် ပြည့်တဲ့အပြင် လျှံထွက်နေတာမျိုးကို ရွေးကြတယ်။ လိင်ဆွဲဆောင်မှု ကောင်းအောင် ဓာတ်ပုံရိုက်ကြလေ့ရှိတယ်။ ပုရိသ အမျိုးသား ပရိသတ်အတွက် ရည်ရွယ်ချက် ထားရှိတယ်။ ပိုစတာအတွက် မော်ဒယ်အဖြစ် သုံးကြတယ်။ Playboy မော်ဒယ် အများစုဟာ glamour model တွေ ဖြစ်ပါတယ်။
glamour model တို့ကို ရေကူးဝတ်စုံနဲ့ အလှပြအတွင်းခံတွေအတွက်လည်း သုံးကြပါတယ်။

09 Fitness Model
ကိုယ်ကာယ လေ့ကျင့်ခန်းအတွက် သုံးတဲ့ မော်ဒယ်တွေဖြစ်လို့ အားကစားသမား ပုံစံမျိုး ဖြစ်ပါတယ်။ များသောအားဖြင့် နဂိုက အားကစား လိုက်စားသူဖြစ်ပြီး Fitness Model အဖြစ်သို့ ကူးပြောင်းရောက်ရှိလာကြသူတွေ ဖြစ်ပါတယ်။ တချို့ကတော့ အားကစားနည်းပြဆရာမတွေဖြစ်ပြီး Fitness Model ကိုပါ လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ ကာယလေ့ကျင့်ခန်း ယူဖို့အတွက် အ၀တ်အစားတွေကို ၀တ်ပြကြရတယ်။ ကြော်ငြာအတွက် သရုပ်ဆောင်ပေးကြရတယ်။

10 Fit Model

Fit Model ကို fitness model နဲ့ ရောထွေးတတ်ကြတယ်။ fitness model တွေက အားကစားနဲ့ ကိုယ်ကာယ လေ့ကျင့်ခန်း၊ ယောဂလေ့ကျင့်ခန်းတွေနဲ့ သက်ဆိုင်တဲ့ အ၀တ်အစားတွေအတွက် ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ချုပ်လုပ်ပြီးလို့ ရောင်းချနေတဲ့ အ၀တ်အစားတွေအတွက် ဖြစ်ပါတယ်။
Fit Model ၀တ်ပြရတဲ့ အ၀တ်အစားတွေက အစမ်းနမူနာ ချုပ်ထားတာတွေဖြစ်ပြီး မထုတ်လုပ်ရသေးပါဘူး။ ဖက်ရှင်တိုက်တွေက အ၀တ်အစားတွေ ထုတ်လုပ်တဲ့အခါ ကိုယ်ပေါ်တင်ကြည့်လိုက်ရင် ဘယ်လိုနေမလဲဆိုတာ ကြည့်ချင်လို့ ငှားရမ်းသုံးစွဲတဲ့ မော်ဒယ်တွေ ဖြစ်ပါတယ်။ fitting အံဝင်ခွင်ကျ ဖြစ်အောင် ပြုဖို့ သုံးတာမို့ fit model လို့ အမည်တွင်တာ ဖြစ်ပါတယ်။ အ၀တ်အစားတွေ ၀တ်ပြရုံသက်သက်ပါပဲ။ ဓာတ်ပုံရိုက်ပြီး ကြော်ငြာအတွက် သုံးတာမျိုး မရှိပါဘူး။

11 Parts Model
ကိုယ်ခန္ဓာရဲ့ အပိုင်းတစ်ခုကို အသားပေး ပြသဖို့အတွက် သုံးတဲ့ model အမျိုးအစား ဖြစ်ပါတယ်။ လက်တွေ၊ ခြေထောက်တွေ၊ ပေါင်တံတွေ၊ မျက်လုံးတွေ စသဖြင့် အပိုင်းတစ်နေရာကို ပြသပေးဖို့ ဖြစ်ပါတယ်။

အဲဒီမှာ Parts Model ကို အလုပ်သဘောအရ ထပ်မံခွဲခြားထားကြတယ်။ ဥပမာ hand model ဆိုရင် လက်စွပ်၊ လက်ကောက် စတဲ့ လက်ဝတ်ရတနာအတွက် သုံးမယ်။ လက်သည်းနဲ့ ပတ်သက်တာအတွက် သုံးမယ်။ လက်အိတ်တွေအတွက် သုံးမယ်။
foot model ဆိုရင် ရှူးဖိနပ်၊ ဒေါက်ဖိနပ် စတာတွေအတွက် သုံးတယ်။ ခြေသည်းနဲ့ ပတ်သက်တဲ့ အလှကုန်တွေအတွက်လည်း သုံးတယ်။
Petite model တွေအနေဖြင့် part model အလုပ်ကို တွဲလုပ်ကြလေ့ ရှိတယ်။ သူတို့ရဲ့ လက်တွေခြေတွေ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေက ကျစ်လစ်သေးသွယ်တော့ အမြင့်တင့်တယ်ကြတယ်။ တုပ်တုပ်ခိုင်ခိုင်ကြီးတွေ မဟုတ်တာမို့ part model အတွက် အဆင်ပြေတယ်။

12 Promotional Model
အရောင်းမြှင့်တင်ရေးအတွက် လူလုံးပြပေးရတဲ့ မော်ဒယ်တွေ ဖြစ်ပါတယ်။ ရောင်းကုန်ပစ္စည်းတွေ၊ ၀န်ဆောင်မှုတွေအတွက် ပြပွဲတွေရဲ့ ပြခန်းတွေမှာ မတ်တတ်ရပ်ပြကြရတယ်။ အထူးသဖြင့် ကားပြပွဲတွေမှာ Promotional Model အမျိုးသမီးတွေကို မပါမဖြစ် ငှားရမ်းသုံးစွဲကြတယ်။
သူတို့ဟာ ခင်မင်ဖော်ရွေသူတွေ ဖြစ်နေရမယ်။ ပြုံးရွှင် ချိုသာနေရတယ်။ တချို့ ငှားရမ်းသူတွေက သင်တန်းအရင်ပေးပြီး ရောင်းချမယ့်အရာတွေအကြောင်း သိအောင် သင်ပေးထားတယ်။ ပွဲလာကြည့်သူက မေးမြန်းတဲ့အခါ ဘာမှ မသိလို့ ဘာလာမေးမေး မဖြေတတ်တဲ့သူ ဖြစ်နေတာကို မလိုလားလို့ ဖြစ်ပါတယ်။


13 Mature Model
သူတို့က သက်ရင့်မော်ဒယ်တွေ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် အသက် ၃၀ နှစ်တော့ အနည်းဆုံး ရှိတယ်။ အသက် ၈၀ ၀န်းကျင်အထိ ရှိတယ်။ ရင့်ကျက်တည်ငြိမ်ပြီး လှပနေတဲ့ အမျိုးသမီးကြီးတွေနဲ့ ကြော်ငြာဖို့ လိုအပ်တဲ့အခါမှာ သက်ရင့်မော်ဒယ်တွေကို ငှားရမ်းကြတယ်။

WMA

Read 1338 times
Rate this item
(1 Vote)