What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လူတိုင်းမှာ အလှတရား ကိုယ်စီ ရှိကြတယ်လို့ ဆိုတဲ့ fit model DALE NOELLE

ကျမ အဖေက အ၀တ်အစားတွေ ထုတ်လုပ်တဲ့ စက်ရုံတွေကို ပိုင်ဆိုင်တယ်။

ကျမ ငယ်ငယ်တုန်း အဖေက အိမ်ကို စက်ရုံမှ အ၀တ်အစားတွေ ယူလာပြီး ကျမကို တစ်နာရီလောက် ၀တ်ထားခိုင်းတယ်။ ပြီးရင် ဘယ်လိုနေသလဲ ပြောပြခိုင်းတယ်။ အဲဒါ fit model လုပ်ခိုင်းနေတယ်ဆိုတာ ကျမ မရိပ်မိဘူး။ ကျမက အ၀တ်အစားတွေ ၀တ်ရတာကို သဘောကျလို့ အဖေခိုင်းတဲ့အတိုင်း ၀တ်တယ်။

 

Fit Model ဖြစ်လာခဲ့ပုံ

ကျမ fit model ဖြစ်လာခဲ့တာ အားကစားသုံး အမျိုးသမီးအ၀တ်အစားတွေ ထုတ်လုပ်တဲ့ brand တစ်ခုရဲ့ အ၀တ်အစားတွေ ရောင်းချတာကနေတစ်ဆင့် ဖြစ်လာခဲ့တာ .. .။
ကျမ ကုန်စည်ပြပွဲတွေမှာ သွားရောင်းတယ်။ ကုန်တိုက်တွေနဲ့ ဖက်ရှင်စတိုးဆိုင်တွေမှာ သွားရောင်းတယ်။ ဘယ်ကိုသွားသွား ကျမကို ပြောကြတယ်။ “ညည်းက မော်ဒယ်လား။ ဒါလေး ၀တ်ပြစမ်းပါ” ၀ယ်တဲ့သူတွေ၊ ၀ယ်နေကျဖောက်သည်တွေက ကျမကို fit model လုပ်ပါလားလို့ ပြောကြတယ်။ ဒါပေမဲ့ ကျမ စိတ်မ၀င်စားပါဘူး။
fit model လုပ်ရတဲ့ အလုပ်ကို ကျမ သိတယ်။ အဲဒါ ကျမရဲ့ အသက်မွေး အလုပ် မဟုတ်ဘူးလို့ ကျမ ယူဆထားတယ်။
ကျမ လိုက်ရောင်းပေးနေတဲ့ အားကစားဝတ်စုံ brand မှာ လုပ်ကိုင်တဲ့ ဒီဇိုင်နာ တစ်ယောက်က ကျမကို fit model လုပ်ဖို့ အဆက်အသွယ်စာရင်းကို ပေးတယ်။ ဘယ်သူတွေကတော့ အလုပ်ဖြစ်နိုင်တယ် ဆိုတာကိုပါ သူက ရွေးပေးတယ်။ ကျမ စိတ်မ၀င်စားတော့ မလုပ်ဖြစ်ဘူး။ ကျမရဲ့ အသိမိတ်ဆွေတွေက ကျမကို fit model ကို ငယ်တုန်းမှာ လုပ်ဖို့ ပြောကြတယ်။ တိုက်တွန်းကြတယ်။ ကျမက အိမ်ခြံမြေ ရောင်းဝယ်ရေးဘက်မှာ အလုပ်ပြောင်းလုပ်တယ်။
အဲဒီလိုနဲ့ တစ်နှစ်လောက် ကြာသွားတယ်။ ပြီးမှ ဖုန်းဆက်ဖြစ်တယ်။
အဲဒီတုန်းက ထိပ်ဆုံးမှာ ရောက်နေတဲ့ မော်ဒယ် အေဂျင်စီ သုံးခုကို ဖုန်းတက်တယ်။ လူချင်းတွေ့ဖို့ အေဂျင်စီတစ်ခုကပဲ စိတ်ပါတယ်။ သွားတွေ့တော့ ကန်ထရိုက်ချက်ချင်း ရတယ်။ အဲလို မြန်မြန်ဆန်ဆန်ကြီး ဖြစ်သွားတော့ ကျမမှာ အသင့်မဖြစ်သေးဘူး။ သူတို့က လက်ရှိအလုပ်ကနေ မထွက်ဖို့ ပြောတယ်။ အိမ်ခြံမြေအလုပ်က အလုပ်ချိန် မတင်းကျပ်ဘူး။ ဒီတော့ တွဲလုပ်ဖို့ ပြောကြတယ်။
ပထမဆုံးနေ့မှာ Calvin Klein, Pepe Jeans, The Gap, J.Crew နဲ့ Victoria’s Secret တို့ဆီ သွားတွေ့ရတယ်။ သူတို့အားလုံးက ကျမကို အလုပ်ပေးလိုက်ကြတယ်။ အံ့ရော။
အဲဒီလို brand တွေဆီမှာ fit model အလုပ် ရဖို့ဆိုတာ တစ်နှစ်လောက်တော့ လုပ်သက် ရှိဖို့ လိုတယ်။ ကျမက ခုန်ဝင်လိုက်သလို ဖြစ်သွားတယ်။ ကျမ တစ်နှစ်တန်သည် နှစ်နှစ်တန်သည် လုပ်မယ်လို့ စိတ်ကူးထားတယ်။ ငွေရှာမယ်။ ငွေစုမယ်။ အခု နှစ်ပေါင်း ၂၀ ရှိသွားပြီး ဒီလောကမှာပဲ ဆက်ရှိနေတယ်။

အရေးပါတဲ့အလုပ်

fit model အလုပ်က ဆွဲဆောင်မှု ရှိတာ ကျမ အမြဲတွေ့ကြုံရတယ်။ ကျမက အဖွဲ့သား တစ်ဦးလို အမြဲ ဖြစ်နေတယ်။ စလုပ်ခါစမှာတော့ ကျမ ပြောပြတာကို သူတို့ စိတ်မ၀င်စားကြဘူး။ မလိုချင်ကြဘူး။ ဒါပေမဲ့ အထာကျသွားတဲ့အခါမှာတော့ သူတို့အတွက် တကယ်အကျိုးရှိမယ့် မှတ်ချက်မျိုးတွေကို ကျမ ပေးတတ်သွားတယ်။ ဘယ်လိုမျိုးဆိုရင် အလုပ်ဖြစ်မယ် ရောင်းကောင်းမယ် ဆိုတာ ကျမ ပြောတတ်သွားတယ်။ ပြီးတော့ fit ဖြစ်အောင် ဘယ်နားလေးကို ဘယ်လို ပြင်လိုက်ရင် ကောင်းမယ် ဆိုတာတွေလည်း ကျမ ပြောတတ်သွားတယ်။ ကျမ စကားက အတည် ဖြစ်သွားတယ်။ fit model လုပ်တာဟာ တကယ့် အခြေကျကျ အကျိုးသက်ရောက်မှုတွေ ရှိနေစေတယ်။

 

အလုပ်လုပ်ဖြစ်တဲ့ ဒီဇိုင်နာတွေ

ကျမ ဒီဇိုင်နာတွေနဲ့ပဲ အလုပ်လုပ်ဖြစ်တယ်။ Michael Kors, Tommy Hilfiger, Calvin Klein, Oscar de la Renta, Oleg Cassini, Ralph Rucci တို့က ကျမကို ခေါ်သုံးကြတယ်။ ၁၉၉၅ ခုနှစ်လောက်မှာ Michael Kors အတွက် fit model လုပ်တယ်။ သူ့မှာ ကိုယ်ပိုင် ဖက်ရှင်လိုင်း ရှိတယ်။ ဂျပန်နဲ့ အီတလီတို့ကို သူနဲ့အတူတူ သွားရတယ်။ သူက fitting လုပ်ရင် မေးတတ်တဲ့သူ ဖြစ်ပါတယ်။ သူ မေးတာ ဖြေပေးလိုက်ပြီး သူက ပြုပြင်လိုက်ရင် fit ဖြစ်သွားတယ်။ Calvin Klein အတွက်လည်း fit model လုပ်ဖူးတယ်။ သူနဲ့ အချိန်အများကြီး သုံးခဲ့တယ်။ သူ့ brand အတွက် အစကနေ အဆုံးအထိ ကျမ fit model လုပ်ခဲ့ရတယ်။

 

size သတ်မှတ်ချက်

ကုမ္ပဏီတချို့အတွက်တော့ ကျမက size 6 ကျန်တဲ့ တခြားကုမ္ပဏီတွေကျတော့ ကျမက size 8 ဘာလို့လဲဆိုတော့ သူတို့ရဲ့ သတ်မှတ်ပုံတွေ မတူကြလို့ ဖြစ်ပါတယ်။
size က အတော် ရှုပ်တယ်။ ဘာလို့လဲဆိုတော စံအတိအကျ သတ်မှတ်ထားကြတာရယ်လို့ မရှိဘူး။ာ plus size တွေဆိုရင် ပိုပြီးတော့တောင် လွဲချော်တယ်။ ကျမက size 6 ဒါပေမဲ့ ကျမ size 2 ကနေ size 10 အထိ ၀တ်လို့ ရတယ်။ အဲဒါ brand နဲ့ အ၀တ်အစားဒီဇိုင်းဖက်ရှင်အပေါ် မူတည်တယ်။
ထုံးစံကတော့ အရပ် ၅ ပေ ၇ လက်မ ၈ လက်မ ရှိတဲ့ မော်ဒယ်ကို သုံးခဲ့ကြတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက အတိုင်းအတာတွေမှာ အနည်းဆုံး ၁ လက်မတော့ ငယ်နေတယ်။ သူတို့က ခါးကို တိုးတယ်။ အမြောက်အမြား ချုပ်လုပ်ရောင်းချတဲ့ brand တစ်ခုဆိုရင် ခါးကို ၃ လက်မအထိ တိုးထားတယ်။
ကျမရဲ့ အလုပ်သက်တမ်းတစ်လျှောက်မှာ ကျမ အလေးမရတယ်။ ကိုယ်အလေးချိန် တိုးအောင် လုပ်ရတယ်။ ဒါမှ သူတို့ တိုးနေတဲ့ ပြောင်းလဲမှုကို အမီလိုက်နိုင်မယ်။ အဲဒါ ၁၉၉၀ ကနေ ၂၀၁၀ ခုနှစ်အတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေပါ။ အဲဒီမှာ ကျမ fitting လုပ်တာ ရပ်လိုက်တယ်။ သူတို့ရဲ့ size နံပါတ်က အရင်အတိုင်းပဲ။ ဒါပေမဲ့ fit model က ပိုထွားနေဖို့ လိုနေတယ်။ ဒီတော့ size နံပါတ် မပြောင်းဘူး အတူတူပဲ ဖြစ်နေပေမယ့် ကျမက ပိုထွားဖို့ လိုနေတယ်။

လွန်ခဲ့တဲ့ ၁၀ ကနေ ၁၅ နှစ်မှာ fit model အများစုက size 8 တွေ ဖြစ်ပေမဲ့ အခုကျတော့ brand တွေက size 2 ပြီးတော့ 6 နဲ့ fit လုပ်တယ်။ နောက်တော့ size တိုင်းကို fit လုပ်လာကြတယ်။ ဒီတော့ size တိုင်းအတွက် fit model တွေ ရှိနေတယ်။

brand တွေက အစမ်းထုတ်တဲ့ size ရှိတယ်။ အဲဒါကို grading လုပ်ပြီး ပိုကြီးအောင်ရယ် ပိုသေးအောင်ရယ် လုပ်ကြတယ်။ size အစုံရအောင် လုပ်တယ်။ ပြီးရင် size တိုင်းကို fit model နဲ့ fit လုပ်ကြည့်ကြတယ်။ အရင်တုန်းကလို size တစ်ခုကိုပဲ အစမ်းလုပ်ပြီး grading လုပ်ပြီး ချုပ်လုပ် ရောင်းချတာမျိုး မဟုတ်တော့ဘူး။
size တိုင်းကို အမြင်ဘယ်လိုနေမလဲ ကြည့်ကြတယ်။ ဥပမာ အိတ်ကပ်တစ်ခု ပါတာကို size အသီးသီးမှာ fit model နဲ့ ၀တ်ကြည့်တယ်။ အိတ်ကပ်က ခါးမှာ ကျကျနန ရှိရဲ့လား။ အိတ်ကပ်အရွယ်အစားက ဆီလျော်မှု ရှိရဲ့လား

သေသေချာချာ ကျကျနန လုပ်ကြတယ်။ မှားသွားလို့ မရဘူး။ ချုပ်မယ့် အထည်အရေအတွက်က အရမ်းများတယ်။ ဒီမှာ ပါးပါးလေးမှားတာက ထုတ်လုပ်ပြီးချိန်ကျ အကြီးအကျယ် မှားတာ ဖြစ်သွားမယ်။

 

မော်ဒယ် အေဂျင်စီ ထောင်ဖြစ်ခြင်း


ကျမ မော်ဒယ် မလုပ်တော့ဘဲ ကိုယ်ပိုင် မော်ဒယ်အေဂျင်စီ ထောင်ဖြစ်သွားတယ်။ ကျမက အသိအကျွမ်းတွေထဲမှာ ကျမ ကိုယ်စား fit model အစားထိုးပြီး လုပ်လို့ရမယ်သူကို အမြဲ ရှာဖွေတယ်။ ဥပမာ ကျမက Ford ဆီမှာ လုပ်နေတုန်း တခြားအေဂျင်စီတွေက သူတို့ဆီ လာလုပ်ဖို့ ဆွယ်ကြတယ်။ ကျမက သစ္စာရှိတာကို အလေးအနက်ထားတယ်။ ဒီတော့ သူတို့ဆီ ပြောင်းမလုပ်ဘူး။ ကျမအစား ကျမ အသိအကျွမ်းတစ်ဦးကို လွှတ်ပေးတယ်။ ကျမအစား သုံးကြည့်ဖို့ ကမ်းလှမ်းပေးတယ်။ သူတို့ ကြိုက်ရင် ယူသုံးလိုက်ကြတယ်။ ဒီတော့ ကျမကို အေဂျင်စီ ထောင်ပါလားလို့ ပြောကြတယ်။ ကျမ fit model သွားလုပ်တဲ့ ဆီမှာလည်း သူတို့က ကျမကို လူရှာခိုင်းလေ့ရှိတယ်။ ဒါနဲ့ပဲ ကိုယ်ပိုင် အေဂျင်စီ ထောင်ဖြစ်သွားတယ်။

 

Fit model တို့ရဲ့ ကြေး

fit model တချို့ရှိတယ်။ ဒီလောကထဲမှာ လုပ်လာတာ ကြာပြီ။ သူတို့က မြင့်မားတဲ့ နှုန်းထား တောင်းပြီး လုပ်ကိုင်ကြတယ်။ ထပ်ထပ်တိုးပြီး နှုန်းထားကို မြှင့်တင်ကြတယ်။ တကယ်လို့ မော်ဒယ်တစ်ယောက်မှာ သူနဲ့ fit လုပ်တဲ့ အ၀တ်အစားတွေထဲမှာ ရောင်းကောင်းတဲ့ မှတ်တမ်းတွေ ရှိနေတယ်ဆိုရင် သူက သူ့နှုန်းထားကို တိုးတောင်းလို့ ရတယ်။ သူပေးတဲ့ မှတ်ချက်၊ သူပြောတဲ့စကားက တန်ဖိုး ရှိနေတယ်။ ဒီတော့ တစ်နာရီကို ဒေါ်လာ ၄၀၀ ၀န်းကျင်မှာ သူ ရှိနေတယ်။ ယေဘုယျအားဖြင့် fit model တစ်ယောက်အဖို့ တစ်နာရီ ဒေါ်လာ ၂၅၀ ၂၆၀ ရတယ်။
တချို့ brand တွေကျတော့ ဈေးဆစ်တယ်။ တချို့ကျတော့ ချုပ်လုပ်တဲ့ အထည်ချုပ် လုပ်ငန်းရှိတဲ့ နိုင်ငံမှာ fit လုပ်တယ်။ အဲဒီမှာက ဈေးအရမ်းသက်သာတယ်။ အဲဒီ နိုင်ငံမှာပဲ fit model ရှာပြီး သုံးလိုက်ကြတယ်။

အလုပ်များတဲ့ fit model တွေက အမြဲတမ်း အလုပ်တွေ ပိုရတယ်။ တစ်နေ့တာမှာ အချိန်တွေ အများကြီး သုံးနေတယ်။ အလုပ်အပ်တဲ့သူတွေက ခေါ်နေကျ မော်ဒယ် ရှစ်ယောက်ကိုပဲ ပြန်ခေါ်သုံးနေကြတယ်။ ဒီတော့ ကျမတို့က အစားထိုးပေးဖို့ fit model တွေကို ရှာကြရတယ်။ အတိုင်းအတာ ဆင်ဆင်တူတဲ့သူတွေကို ရှာကြတယ်။ ပြီးရင် အစားထိုးအဖြစ် စေလွှတ်ပေးတယ်။ အလုပ်အပ်တဲ့သူတွေက မကြိုက်ကြဘူး။။ အတိုင်းအတာ အတော်နီးစပ်ပေမဲ့ မသုံးချင်ကြဘူး။ ဒီတော့ အလုပ်အပ်တဲ့သူတွေ အကြိုက်ဖြစ်မယ့် fit model ကို ရှာရတာ အတော်ခဲယဉ်းတယ်။ အထူးသဖြင့် ချေးများတဲ့သူတွေအတွက်ဆိုရင် ပိုခက်တယ်။ တစ်ချိန်လုံး နေရာတိုင်းမှာ ကျမတို့ ရှာနေရတယ်။ ဘာလို့ သူတို့က ကိုယ်အတိုင်းအတာ ဆင်ဆင်တူရုံနဲ့ မကြိုက်ကြတာလဲ။

fit model တော်တဲ့သူက အမှားကို ထောက်ပြတတ်တယ်။ ဒီတော့ အမှားကို ပြင်လိုက်နိုင်တဲ့အတွက် အလုပ်အပ်တဲ့ ကုမ္ပဏီက အမှားပါသွားလို့ နစ်နာသွားမယ့် ဒေါ်လာတွေ သန်းချီပြီး သက်သာသွားတဲ့သဘော ရှိတယ်။

Fit model တို့ရဲ့အရည်အသွေးနဲ့ ပင်ကိုစရိုက်

မဂ္ဂဇင်းလို ပုံနှိပ်ပိုင်းမှာ မော်ဒယ်လုပ်တဲ့သူက fit model ဘယ်လို လုပ်ရင် ရနိုင်မလဲ သိချင်ကြတယ်။ သူတို့က သရုပ်ဆောင်ကြရတာ။ သူတို့ရတဲ့ ကြေးက နိမ့်တယ်။ သူတို့က ကြည့်ကောင်းဖို့ကို အားသန်ကြတယ်။
fit model တွေက ပင်ကိုယ်အရ ကိုယ်နေဟန်ထား ဟန်ကျတယ်။ အလွန်အချိုးညီကြတဲ့ ကိုယ်ခန္ဓာ ပိုင်ရှင်တွေ။ သာမန်ထက် သာပေမဲ့ လူများစုရဲ့ ကိုယ်ခန္ဓာတွေကို ကိုယ်စားပြုပေးနိုင်တဲ့ ကိုယ်ခန္ဓာမျိုး ဖြစ်ပါတယ်။ သူ့ကိုယ်ပေါ်မှာ fit လုပ်လိုက်ရင် အများစုအတွက် fit လုပ်တာနဲ့ အတူတူပဲ။ အဲဒီကိုယ်ခန္ဓာမှာ အတက်အကျတွေ ရှိနေလို့ မရဘူး။
ကျမတို့က ပြတ်သားတယ်။ မော်ဒယ်တွေ ကျမတို့ရဲ့ ရှေ့မှောက်မှာ ကိုယ်ခန္ဓာကို တိုင်းတာကြရတဲ့အကျင့် လုပ်ထားတယ်။ ကိုယ့်ဘာသာကိုယ် တိုင်းတာပြီး အစီရင်ခံရတယ်။ အဲဒါက ရုပ်ပိုင်းဆိုင်ရာ ပင်ကို။ အဲဒါအပြင် ပင်ကိုစရိုက်ကလည်း အကြီးအကျယ် အရေးပါတယ်။ အလုပ်တွေ အများဆုံး ချိတ်ခံရတဲ့သူတွေဟာ အလုပ်အပ်တဲ့သူတွေက အရမ်းကြိုက်ကြတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့က ပညာရှင်ပီသတယ်။ အကောင်းမြင်တဲ့ဘက်ကနေ ကြည့်တတ်ကြတဲ့သူတွေ။ ပြီးတော့ ပေါင်းတတ်သင်းတတ်တဲ့သူတွေ။
တော်တဲ့ fit model တွေက ရွှင်ရွှင်ပျပျ ရှိကြတယ်။ အခန်းထဲမှာ ပျော်စရာ ဖြစ်နေအောင် လုပ်တဲ့သူတွေ။ အဲဒါ အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ အဲဒီမှာ လူတွေက အလုပ်တွေ အရမ်းကြိုးစားနေကြတယ်။ ဖက်ရှင်တစ်ထည် ဖြစ်လာဖို့ နာရီတွေ အကြာကြီး လုပ်ကြရတယ်။ အဲဒါတောင် သတ်မှတ်ပေးထားတဲ့ အချိန်ဇယားအရ အချိန်နောက်ကျနေတယ်။ ဒီတော့ စိတ်ဒဏ်ပိနေကြတယ်။ တင်းမာနေတယ်။ တော်တဲ့ fit model က မတ်တတ်ရပ်ပြီး အ၀တ်အစား အစမ်းဝတ်ထားတုန်းမှာ ဘာတွေ ပြင်လိုက်ရင် ကောင်းမလဲဆိုတာ မြန်မြန်ဆန်ဆန် အကြံပေးတယ်။ မှတ်ချက်ပြုတယ်။ သူတို့ ပြောသလို လုပ်လိုက်ရင် မြန်မြန်ပွဲပြီးသွားတယ်။ အခန်းထဲ ရှိနေတဲ့သူတွေက ဘာကို လိုချင်တာလဲဆိုတာ သူသိတယ်။ ဘာကို အသိပေးဖို့ လိုနေတာလဲဆိုတာကိုလည်း သူသိတယ်။

fit model DALE NOELLE 1

 

အထူးတလည် ကျွမ်းကျင်မှုများ

ကိုယ်ခန္ဓာတစ်ခုမှာ fit လုပ်လို့ရတဲ့ နည်းလမ်းအမျိုးမျိုး အများကြီး ရှိနေတယ်။ အ၀တ်အစားလုပ်ငန်းက အထူးသီးသန့် လုပ်ကိုင်တာတွေ ပိုပိုများလာနေတယ်။ တချို့ ကုမ္ပဏီတွေက အ၀တ်အစား အမျိုးမျိုး ချုပ်တယ်။ အဲဒါတွေ အကုန်လုံးကို fit model တစ်ယောက်တည်းနဲ့ လုပ်ပြီး အ၀တ်အစား အမျိုးမျိုး အကုန်လုံးကို တစ်ပြေးညီ ဖြစ်အောင် ကြိုးစားတယ်။ တချို့ကုမ္ပဏီကျတော့ လူခွဲထားတယ်။ ဂျင်းအတွက်က တစ်ယောက်၊ ဘရာအတွက် နောက်တစ်ယောက်၊ အတွင်းခံဘောင်းဘီနဲ့ ရေကူးဝတ်စုံတွေအတွက်က တစ်ယောက်သပ်သပ် ထားတယ်။
ဘရာကို fit model လုပ်တဲ့သူတွေက အလွန် တိကျတဲ့ မှတ်ချက်တွေကို ပြန်ပြောပြ တယ်။ ဘရာကိုပဲ အထူးပြု ကျွမ်းကျင်တဲ့သူတွေ။ သူတို့က တစ်လက်မရဲ့ ရှစ်ပုံတစ်ပုံ ကွာခြားတာကို သတိပြုမိတယ်။

ကျမတို့ မော်ဒယ်အသစ်တစ်ယောက်နဲ့ စလုပ်တဲ့အခါ သူက ဘယ်သူနဲ့ လုပ်ဖို့ စိတ်ကူးထားသလဲ။ ရည်မှန်းထားသလဲ။ ဘယ် brand တွေဆိုရင် သူနဲ့ အသင့်တော်ဆုံး ဖြစ်မလဲ။ အဲဒါ ရွေးချယ်သတ်မှတ်ပြီး သူ့အတွက် အလုပ်စရှာတယ်။

fit model တစ်ယောက်က fitting လုပ်တဲ့အခါမှာ အဆင်မပြေလို့ အလုပ်ပြုတ်တာ တစ်ခါမှ ကျမ မကြားဖူးဘူး။ ဒါပေမဲ့ ထပ်မသုံးတော့တာတော့ ရှိတယ်။ သူနဲ့ fit လုပ်တဲ့ အ၀တ်အစားတွေက ရောင်းအား မကောင်းတာဖြစ်ဖြစ်၊ သူ့ရဲ့ အတိုင်းအတာက ပြောင်းသွားတာဖြစ်ဖြစ် သူ့ကို နောက်တစ်ကြိမ် ခေါ်မသုံးတော့ဘူး။

အ၀တ်အစား ရောင်းမကောင်းတာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်တယ်။ ဒါပေမဲ့ များသောအားဖြင့် တခြားသူတွေက အပြစ်တင်မခံကြဘူး။ fit model ကိုပဲ အပြစ်ပုံချ လိုက်ကြတယ်။ ရောင်းကောင်းတော့လည်း fit model ကို အမှတ်ပေးတယ်။

brand တစ်ခုက ဘောင်းဘီ စတိုင်တစ်မျိုးကို ရောင်းကောင်းနေတာ နှစ်အတော်ကြာတယ်။ နောက်တော့ ရုတ်တရက် ရောင်းအား ထိုးကျသွားတယ်။ ရောင်းမကုန်လို့ ပြန်ရောက်လာတဲ့ ဘောင်းဘီတွေ အများကြီး ဖြစ်နေတယ်။ အဲဒီလိုဆိုရင် သူတို့က သုံးနေကျ fit model ကို ဆက်မသုံးတော့ဘူး။ နောက်တစ်ယောက် ပြောင်းသုံးလိုက်ကြတယ်။ ဘလောက် အသစ်ထုတ်တယ်။ အဲဒီ ဘလောက်ကနေ ပက်တန်တွေ အသစ်ထုတ်ပြီး အကြိမ်ကြိမ် ပြန်သုံးကြပြန်တယ်။ size တွေ အားလုံးအတွက် grade လုပ်ပြီး သုံးကြတယ်။

ဆက်စပ် ဖတ်ရှုလေ့လာရန် ဆောင်းပါး ၂ ပုဒ်

Blocks နဲ့ Patterns

ပက်တန်အစ ဘလောက်က

 

အ၀တ်အစား ၀ယ်တဲ့အခါ fitting လုပ်နည်း


အ၀တ်အစား ၀ယ်တဲ့အခါ မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကြည့်မယ်။ ဘယ်လိုနေသလဲ ကြည့်တယ်။ အဲဒါအပြင် ထောင့်တွေ အကုန်လုံးကနေ ကြည့်ရမယ်။ ပြီးရင် မှန်ဝင်ကြည့်တဲ့အခန်းထဲကနေ ပြန်ထွက်မယ်။ ခြေလှမ်းနည်းနည်းပါးပါး လျှောက်မယ်။ လှေကားတက်ရင် ဒူးကွေးတာကို လုပ်ကြည့်မယ်။ အ၀တ်အစားက နေရာတကျ ဆက်ရှိနေရဲ့လား။ ထိုင်ကြည့်မယ်။ မတ်တတ်ပြန်ရပ်မယ်။ ဘယ်လို နေသလဲ။ သွားလာကြည့်မယ်။ ဘယ်လိုနေသလဲ။ နေ့စဉ် သွားလာလှုပ်ရှားပုံတွေမှာ ဘယ်လို နေမလဲ ဆိုတာ ကြည့်မယ်။


fit model လုပ်ရတာ ပင်ပန်းတယ်ဆိုတာ လူတွေ မသိကြဘူး။ အ၀တ်အစားတွေ ၀တ်ပြရုံလောက် မဟုတ်ဘူး။ တစ်နေရာမှာ နာရီ အကြာကြီး မတ်တတ်ရပ်နေရတယ်။ မူးလဲသွားနိုင်တယ်။ တောင့်ခံနိုင်ဖို့ လိုတယ်။ အပူချိန်လွန်ကဲတာကိုလည်း ခံနိုင်ရည် ရှိရတယ်။ အချိန်က နွေရာသီ။ ၀တ်ပြနေရတာက ဆောင်းတွင်း အ၀တ်အစားတွေ။ အလုပ်အပ်တဲ့သူက ဒေါက်မြင့်ဖိနပ် အမြင့်စားတွေ ၀တ်ခိုင်းထားလို့ စီးထားရတယ်။ အဲဒါ နာရီ အကြာကြီး တစ်နေရာတည်း မတ်တတ်ရပ်ရင်း စီးထားရတာ။ အကြာကြီး မတ်တတ်ရပ်ရလို့ ခါးချိတဲ့သူတွေလည်း ရှိတယ်။

 

နည်းပညာနဲ့ လူရဲ့ခံစားမှု


အခု နည်းပညာပိုင်း တိုးတက်တယ်။ ကုမ္ပဏီတွေက ကိုယ်ခန္ဓာကို နည်းပညာသုံးပြီး ဖတ်တယ်။ အတိုင်းအတာတွေ ယူတာ ၂ စက္ကန့်ပဲ ကြာတယ်။ အဲဒါကြောင့် fit model တွေ အလုပ်လုပ်ရတဲ့ အချိန်နာရီ လျော့ကျအောင် ပြုပေးတယ်။ ဒါပေမဲ့ ဖက်ရှင်လောကထဲမှာ အဲဒီလို နည်းပညာတွေကို သုံးပေမဲ့ fit model ကို မသုံးရရင် ကျေနပ်မှု မရကြဘူး။ အ၀တ်အစားတစ်ခုကို ၀တ်ထားရင် ဘယ်လို ခံစားမှုမျိုးတွေ ရနေသလဲဆိုတာ fit model ကသာ ပြောပြနိုင်တယ်။ စက်တွေ နည်းပညာတွေက ပြောပြနိုင်ဦးမှာ မဟုတ်ဘူး။

ပုံမှန် သုံးနေကျ size က 14 16 အထိ ရှိတယ်။ brand တွေက size အသစ်တွေ ထပ်ထည့်တယ်။ အဲဒါတွေက grading လုပ်တာ အလွန်ကွာခြားတယ်။ ပုံပန်းကလည်း ကွာခြားတယ်။ size 18 ရှိတဲ့ fit model တွေကို သုံးကြတယ်။
ပုံနှိပ်အတွက် သုံးတဲ့ မော်ဒယ်တွေကတော့ size 8 10 ဆိုရင် plus size လို့ သတ်မှတ် တယ်။ ဖက်ရှင်ချုပ်ဖို့အတွက်တော့ ကျမထက် size တစ်ခု နှစ်ခု ပိုကြီးတဲ့ fit model တွေ ရှာပေးရတယ်။ plus model တွေကို curve model တွေလို့ ခေါ်ဝေါ်ကြပြီး fit model စာရင်းထဲ ထည့်ထားကြတယ်။ အဲဒီလို မဖြစ်သင့်ဘူးလို့ ကျမ ထင်တယ်။ သူတို့ကိုလည်း တခြား size တွေလိုပဲ အတန်းအစားအတူတူ သတ်မှတ်သင့်တယ်။ curve လို့ သီးခြား အပိုင်းခွဲမထားသင့်ဘူး။ ဘာဖြစ်တုန်း 0 ကနေ 20 အထိ အတူတူပေါ့။ ကျမအဖို့တော့ လူတိုင်းမှာ အလှတရား ကိုယ်စီ ရှိကြတယ်။ ဒီတော့ ဘာလို့ plus တွေကို curve ဆိုပြီး တစ်အုပ်စု သပ်သပ် ခွဲထားရမှာလဲ။

 

ဆက်စပ် ဖတ်ရှုလေ့လာရန် ဆောင်းပါး ၂ ပုဒ်

Blocks နဲ့ Patterns

ပက်တန်အစ ဘလောက်က

Fit Model တို့ရဲ့ ပြောပြချက်များ ဖတ်ရှုရန်

FIT MODEL တစ်ဦးရဲ့ ဘဝ

ခြေထောက်တွေ တောင့်နေအောင် အညောင်းခံရတာ ကျေနပ်တယ်ဆိုတဲ့ Fit Model CLAIRE CANNON

 

 

 

Read 1189 times
Rate this item
(0 votes)