What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Kylie Cosmetics ရဲ့ မေမေမန်နေဂျာ

 

ရှေ့လ (သြဂုတ် ၂၀၁၈) မှာ အသက် ၂၁ နှစ်ပြည့်မယ့် Kylie Jenner ဟာ ၃ နှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ သန်း ၉၀၀ အသားတင်တန်ဖိုးရှိတဲ့ Kylie Cosmetics အမည်ရှိ ကော်စမက်တစ် အင်ပါယာတစ်ခုကို ထူထောင်ခဲ့သူ ဖြစ်ပါတယ်။

Jenner ရဲ့ တပ်တော်က Instagram မှာ အင်အား ၁၁၁ သန်း ရှိတယ်။
ယခုနှစ် အသက် ၂၀ ငယ်ငယ်ရွယ်ရွယ်မှာပဲ သမီးတစ်ယောက်ရဲ့ မိခင်အဖြစ်ကို သူရောက်ရှိခဲ့တယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀၁၈ မှာ သမီး စထရောင်းမီကို ဖွားမြင်ခဲ့တာ ဖြစ်ပါတယ်။

900 MILLION

ကော်စမက်တစ် အင်ပါယာ
******************
လွန်ခဲ့တဲ့ နှစ်နှစ်ကျော်တုန်းက အမေရိကန် ၂၉ ဒေါ်လာတန် နှုတ်ခမ်းနီဆိုးဆေးဘူး “lip kit” ကို သူထူထောင်တဲ့ Kylie Cosmetics က စတင်ရောင်းချခဲ့တယ်။ ယခုအခါ အမေရိကန်ဒေါ်လာ သန်း ၃၆၀ ဖိုး ရောင်းချခဲ့ပြိးပြီ။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၃၃၀ ဖိုး ရောင်းခဲ့တယ်။ Forbes က ၂၀ ရာခိုင်နှုန်း လျော့လျော့ပေါ့ပေါ့ဖြင့် တွက်ချက်တာမှာ Kylie Cosmetics ကုမ္ပဏီတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ၀န်းကျင် ရှိမယ်လို့ အဖြေရတယ်။ အဲဒီ Kylie Cosmetics ကုမ္ပဏီကို ရာနှုန်းပြည့် တစ်ဦးတည်းပိုင်အဖြစ် ပိုင်ဆိုင်သူက Jenner ဖြစ်ပါတယ်။
အဲဒီကုမ္ပဏီအပြင် တီဗီအစီအစဉ်တွေထံမှလည်း ၀င်ငွေတွေ ရရှိတယ်။ Puma ရှူးနဲ့ PacSun အ၀တ်အစားတွေမှာ နာမည်သုံးပေးတာအတွက်လည်း ၀င်ငွေတွေ ရရှိတယ်။ ဒီတော့ Jenner ရဲ့ အသားတင်တန်ဖိုးကို Forbes က တွက်ချက်တာမှာ အမေရိကန်ဒေါ်လာ သန်း ၉၀၀ လို့ အဖြေထုတ်ထားတယ်။ အမေရိကမှာ ကိုယ်ထူကိုယ်ထ အချမ်းသာဆုံး အမျိုးသမီးတွေထဲမှာ Jenner က အသက် အငယ်ဆုံး ဖြစ်ပါတယ်။ သူ့အစ်မ Kardashian West က အသက် ၃၇ နှစ်ရှိပြီး အသားတင်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃၅၀ လို့ တွက်ချက်အဖြေထုတ်ထားပါတယ်။ ဒီတော့ အစ်မထက် Jenner က ၂ဆခွဲကျော် ပိုချမ်းသာသူ ဖြစ်ပါတယ်။

PHOTO shoot5

ဘီလျံနာ ဖြစ်လာမည်
*************
လက်ရှိအနေအထားအရ လာမယ့်နှစ်မှာ Kylie Cosmetics ကုမ္ပဏီတန်ဖိုး ထပ်မြင့်တက်မှာမို့ အသားတင်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ ကျော်ပြီး ဘီလျံနာအဖြစ်သို့ ရောက်ရှိမှာ သေချာနေတယ်။ အဲဒီလို ကြိုတင်ခန့်မှန်းထားတာ မှန်ကန်လာခဲ့ရင် Jenner ဟာ အသက်အငယ်ဆုံး ကိုယ်ထူကိုယ်ထ ဘီလျံနာလုပ်ငန်းရှင် အမျိုးသမီးတစ်ဦး အဖြစ် သမိုင်းစံချိန်တင်ခံရမှာ ဖြစ်ပါတယ်။ Facebook ထူထောင်သူ စီအီးအို Mark Zuckerberg ဟာ အသက် ၂၃ နှစ်မှာ ကိုယ်ထူကိုယ်ထ ဘီလျံနာ ဖြစ်လာခဲ့သူဆိုတော့ Jenner က ၂၁ နှစ်မှာ ဘီလျံနာ ဖြစ်လာခဲ့ရင် ဇူကာဘတ်ထက် အသက် ၂ နှစ် ပိုစောပြီး ကိုယ်ထူကိုယ်ထ ဘီလျံနာ ဖြစ်သွားမှာ ဖြစ်ပါတယ်။ အခုလို အသက် ၂၀ စွန်းစွန်းမှာ ဘီလျံနာ ဖြစ်ခဲ့သူတစ်ဦးက Snapchat ဖန်တီးရှင် Evan Spiegel ဖြစ်ပါတယ်။
သူတို့ သုံးယောက်စလုံးမှာ တူနေတဲ့အချက်က ကြွယ်ဝချမ်းသာခြင်းကို ဆိုရှယ်မီဒီယာ ကျေးဇူးဖြင့် ရရှိကြခြင်း ဖြစ်ပါတယ်။ Jenner က “ဆိုရှယ်မီဒီယာက အံ့စရာ ပလက်ဖောင်းတစ်ခုပါ။ ကျမရဲ့ ပရိသတ်တွေ၊ ကျမဆီမှ ၀ယ်ယူသူတွေကို လွယ်လင့်တကူဖြင့် လက်လှမ်းမီနေစေတယ်”

 

PHOTO shoot2

Kylie Jenner နဲ့ မေမေမန်နေဂျာ Kris Jenner

 

မေမေမန်နေဂျာ momager
**********
Instagram ခေတ်မှာ စတင်ခဲ့တဲ့ သူ့ကုမ္ပဏီကို သူ့အမေအိမ်ရဲ့ ထမင်းစားခန်းစားပွဲမှာ ရုံးခန်းဖွင့်ခဲ့ပါတယ်။ ၀န်ထမ်းအင်အားကို ကြည့်မယ်ဆိုရင် အချိန်ပြည့်ဝန်ထမ်း ၇ ဦးနဲ့ အချိန်ပိုင်းဝန်ထမ်း ၇ ဦးတို့သာ ရှိပါတယ်။ အလှကုန်တွေ ထုတ်လုပ်ဖို့အတွက် Seed Beauty ဆိုတဲ့ အလှကုန်ပစ္စည်းမျိုးစုံ ထုတ်လုပ်ပေးတဲ့လုပ်ငန်းမှာ အလုပ်အပ်နှံပြီး ထုတ်လုပ်ပါတယ်။ အလှကုန်တွေ ရောင်းချဖို့အတွက် အွန်လိုင်းဈေးဆိုင်ဖြစ်တဲ့ Shopify ကို အသုံးပြုတယ်။ ဘဏ္ဍာရေးနဲ့ လူထုဆက်ဆံရေး PR တို့ကို သူ့မိခင် Kris Jenner က စီမံလုပ်ကိုင်ပေးတယ်။ အလကားတော့ မရဘူး။ အမေနဲ့ သမီး အရင်းခေါက်ခေါက် ဖြစ်ပေမဲ့ အမြတ်အစွန်းရဲ့ ၁၀ ရာခိုင်နှုန်းကို စီမံခန့်ခွဲခအဖြစ် ပေးရတယ်။ အဲဒါဟာ Jenner ကျမှ ယူတာ မဟုတ်ဘူး။ သူ့ကလေးတွေ အကုန်လုံးအတွက် တစ်ပြေးညီ သတ်မှတ်ထားတဲ့ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အဲဒါကြောင့် သူ့ကို မိခင်မန်နေဂျာ mom manager လို့ အဓိပ္ပာယ်ရတဲ့ momager ရာထူး ယူထားသူလို့် ဆိုကြပါတယ်။ အဲဒီလို လုပ်ကိုင်ပေးတာကြောင့် သူ့ရဲ့ အသားတင်တန်ဖိုးက အမေရိကန်ဒေါ်လာ သန်း ၆၀ ရှိပါတယ်။ Keeping Up with the Kardashians ဇာတ်လမ်းတွဲ ထုတ်လုပ်သူအဖြစ် လုပ်ကိုင်တာကလည်း ၀င်ငွေရရှိပါတယ်။
Kris Jenner ဟာ အင်မတန် လိမ္မာပါးနပ်တဲ့ မိခင် ဖြစ်ပါတယ်။ သမီးဖြစ်သူက နာမည်ကျော်ကြားမှုကို အရင်းတည်ပြီး လေထဲ တိုက်အိမ်ဆောက်နေတာကို တကယ်ဖြစ်လာအောင် စီမံဆောင်ရွက်ပေးနိုင်သူ ဖြစ်ပါတယ်။ အခုလို မိခင်ကိုယ်တိုင်က လုပ်ပေးတဲ့အတွက် Kylie Cosmetics ကြောင့် ရလာတဲ့ အမြတ်အစွန်းတွေဟာ ကြားက ဖြတ်ရိတ်မယ့်သူ မရှိဘူး။ Jenner ရဲ့ လက်ထဲ ရောက်ဖို့ သေချာနေစေတယ်။

 

instagram

 

kyliecosmetic


Free Marketing
***********
Jenner က Kylie Cosmetics ရဲ့ အလှကုန်တွေ လူသိများအောင် ကြော်ငြာတာမှာ ဆိုရှယ်မီဒီယာတွေကို သုံးတယ်။ Instagram နဲ့ Snapchat တို့မှာ သူ့ရဲ့ selfie ပုံတွေ လှိုင်လှိုင်တင်တယ်။ အခုပုံမှာ Kylie Cosmetics ရဲ့ ဘယ်ဟာတွေကို သုံးထားတယ်ဆိုတာ စာဖြင့် ဖော်ပြအသိပေးတယ်။ နောက်ထပ် ထုတ်လုပ်မယ့် အလှကုန်တွေကို ဗီဒီယိုတွေ ရိုက်ပြီး တင်တယ်။ မိတ်ဆက်ပေးတယ်။ စတင်ဖြန့်ချိမယ့် ရက်ကို အသိပေးတယ်။ အခုအခါ Instagram မှာ followers ၁၁၁ သန်း ရှိပေမဲ့ သူ့လုပ်ငန်း အစကပျိုးနေချိန်မှာ သန်း ၁၁၀ ပဲ ရှိသေးပေမဲ့ လိုတာထက် ပိုနေတဲ့ ဦးရေ ဖြစ်ပါတယ်။ သူ့ရဲ့ fan အများစုဟာ လူငယ်လူရွယ်တွေ ဖြစ်ကြပြီး နှုတ်ခမ်းနီ အမြဲဆိုးကြတဲ့ မိန်းကလေးတွေနဲ့ အမျိုးသမီးတွေ အမြောက်အမြား ပါဝင်နေတယ်။

ad on instargram


အဲဒီ ပရိသတ် တပ်တော်ကြီးအတွက် Jenner က Instagram မှာ kyliecosmetics အမည်ဖြင့် ကုမ္ပဏီအတွက်လည်း အကောင့်ဖွင့်ထားသေးတယ်။ အဲဒီမှာ အခုဆိုရင် follower ၁၆ သန်းခွဲ ရှိနေပြီ။ သူလုပ်ငန်း အစပျိုးစဉ်က ၁၆ ဒဿမ ၄ သန်း ကျော် ရှိတယ်။ ဒီလောက်နဲ့တင် မပြီးသေးဘူး။ Twitter မှာလည်း အကောင့်ဖွင့်ထားတာ follower ၂၅ ဒဿမ ၆ သန်း ကျော် ရှိတယ်။

Jenner တို့ မိသားစုက နာမည်ကျော်ကြား လူသိများခြင်းကို အားပြုပြီး အခမဲ့ကြော်ငြာတွေ အသုံးချတတ်သူ ဖြစ်ပါတယ်။ free marketing ကို လူမှုကွန်ရက်တွေမှာ ထိထိရောက်ရောက် လုပ်ကိုင်တာလည်း ဖြစ်ပါတယ်။
ကျော်ကြားသူ ဖြစ်နေခြင်းဖြင့် ကျော်ကြားအောင် လုပ်ကိုင်သွားတာ ဖြစ်ပါတယ်။

 

family

 

Kylie Jenner ဟာ မွေးချင်းတွေထဲမှာ အငယ်ဆုံး သမီးထွေး ဖြစ်ပါတယ်။ မွေးချင်းတွေမှာ မိခင် Kris Jenner ဒုတိယအိမ်ထောင်ဖြင့် ရခဲ့တဲ့ သမီးနှစ်ယောက်မှာ တစ်ယောက်က စူပါမော်ဒယ် Kendall Jenner ဖြစ်ပြီး ကျန်တစ်ယောက်က Kylie Jenner ဖြစ်ပါတယ်။ ပထမအိမ်ထောင်ဖြင့် ကလေး ၄ ယောက်ထွန်းကားခဲ့ပါတယ်။ Kim Kardashian, Kourtney Kardashian, Khloe Kardashian နဲ့ Rob Kardashian တို့ ဖြစ်ပါတယ်။ မိခင် Kris Jenner က ကလေးတွေကို စီးပွားရေးဖြစ်ထွန်းအောင် ပဲ့ကိုင်ပေးတယ်။

KIM Kardashia mobile game

Kim မှာ Hollywood ဆိုတဲ့ အိုင်ဖုန်း မိုဘိုင်းဂိမ်း စီးပွားရေး ရှိတယ်။ ပြီးခဲ့တဲ့နှစ်က ဂိမ်းထံမှ ၀င်ငွေ အမေရိကန်ဒေါ်လာ ၇၁ သန်းကျော် ရရှိခဲ့တယ်။ ပြီးတော့ KKW Beauty ကလည်း ၀င်ငွေကောင်းတယ်။ Kendall က supermodel ဖြစ်ပါတယ်။
အကြီးတွေမှာ ၀င်ငွေကိုယ်စီဖြင့် စီးပွားရေးရှိကြချိန်မှာ Kylie Jenner မှာတော့ ဘာတစ်ခုမှ မရှိဘူး ဖြစ်နေတယ်။ နောက်တော့ မိခင်ရဲ့ လမ်းညွှန်မှုဖြင့် မော်ဒယ် လုပ်တယ်။ ဂဏန်း ခုနစ်လုံး ၀င်ငွေရတဲ့ မော်ဒယ် ဖြစ်လာတယ်။ ၀င်ငွေမှာ အများစုက အလှကုန်တွေမှာ သူ့နာမည် သုံးစွဲခွင့် ပေးတာအတွက် အခကြေးငွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

 

နှုတ်ခမ်းအပါး စိတ္တဇ
***********
“ကျမ ခြောက်တန်းကျောင်းသူဘ၀မှာ ကတည်းက အလှပြင်တယ်။ ခရမ်းရောင် eyeshadow အမြဲသုံးတယ်။ မိတ်ကပ်လိမ်းလိုက်မှ စိတ်ထဲ အားရှိသွားတယ်” လို့ Jenner က ပြောပြတယ်။ သူ့မှာ နှုတ်ခမ်းအလှနဲ့ ပတ်သက်တဲ့ စိတ္တဇ ရှိတယ်။ ဒါကြောင့် နှုတ်ခမ်းနီကို နှုတ်ခမ်းအပြင်ဘက်ထိ ရောက်အောင်ဆိုးပြီး နှုတ်ခမ်းတွေကို ကြီးတယ်လို့ ထင်ရအောင် လုပ်ထားတယ်။ အသက် ၁၇ နှစ်အရွယ် ၂၀၁၄ ခုနှစ် သြဂုတ်လမှာ Kylie Lip Kits ကို စတင်ခဲ့တယ်။ အပီအပြင် နှုတ်ခမ်းထော်ခြင်းအတွက်
Kylie Lip Kits ... for the perfect pout ဆိုတဲ့ စကားရပ်ကို Trademark လုပ်တယ်။

အစ်မဖြစ်သူ Kim က ရက်ပါ Ray J တို့ရဲ့ လိင်ဆက်ဆံတဲ့ ဗီဒီယို လူမှုကွန်ရက်မှာ ပျံ့နှံ့သွားပြီး သူတို့ မိသားစုကို လူသိအများဆုံးနဲ့ စိတ်ဝင်စားမှု ရေချိန်အမြင့်ဆုံးအချိန်ကို အကျိုးရှိရှိ အသုံးပြုတဲ့အနေဖြင့် Kylie Cosmetics ကို လူသိရှင်ကြား စတင်လိုက်တယ်။
Jenner က သူ့နှုတ်ခမ်းတွေ ထော်ပြီး စူနေတဲ့ပုံတွေကို ဆိုရှယ်မီဒီယာမှာ တင်တယ်။ ဆယ်ကျော်သက်တွေအကြား ရေပန်းစားသွားတယ်။ လိုက်တုပပြီး လုပ်ကြတယ်။ “Kylie Jenner Lip Challenge” ဆိုတာ ခေတ်ထသွားတယ်။ ဘယ်လို လုပ်ရသလဲဆိုတော့ ဖန်ခွက်သေးသေးဖြစ်ဖြစ် ဖန်ပုလင်း သေးသေးဖြစ်ဖြစ် ပါးစပ်ကို ဖိအုပ်ပြီး အထဲက လေတွေ ကုန်အောင် စုပ်ရတယ်။ အဲဒီအခါ နှုတ်ခမ်းတွေ လေဟာနယ်ထဲ ထော်သွားတယ်။ အဲဒီလို နှုတ်ခမ်းတွေ ထော်နေတာကို selfie ရိုက်ပြီး ဆိုရှယ်မီဒီယာမှာ တင်ကြတယ်။

lip glass

 

maxresdefault

 

Kylie Jenner က ဘယ်လို လုပ်ခဲ့သလဲဆိုတာကို ၂၀၁၅ ခုနှစ် မေလမှာ ပြောပြခဲ့တယ်။ နှုတ်ခမ်းထဲကို ဆေးထိုးအပ်နဲ့ အဆီတွေ ထိုးသွင်းပြီး ယာယီအားဖြင့် ဖောင်းကားနေအောင် လုပ်ထားတာ ဖြစ်ပါတယ်။ အဲဒါ lip filler လုပ်တယ်လို့ ခေါ်တယ်။ နှုတ်ခမ်းတွေ ပါးနေရင် ထူအောင် အလှပြင်ကြတာ ဖြစ်ပါတယ်။ Jenner က နှုတ်ခမ်းတွေ မထူတာအတွက် ငယ်ငယ်ကတည်းက စိတ္တဇရှိခဲ့ပြီး အခု နှုတ်ခမ်းနီး ဆိုးဆေးတွေ ရောင်းမယ်ဆိုတော့ သူ့နှုတ်ခမ်းကို ထူနေအောင် ဖန်တီးထားခဲ့တာ ဖြစ်ပါတယ်။ အခု ကလေးမွေးပြီးတဲ့နောက် lip filler ဆေးထိုးတာကို နားထားလိုက်ပါတယ်။ နဂိုသဘာဝ နှုတ်ခမ်းတွေနဲ့ပဲ ဖြစ်နေတာကို တွေ့ကြရတယ်။

kylie jenner lip pout

kylie jenner lips before after


ကိုယ်ပို်င်ငွေဖြင့် လုပ်ကိုင်
*************
Jenner က သူ မော်ဒယ်လုပ်ကိုင်လို့ ရထားတဲ့ငွေထဲမှ အမေရိကန်ဒေါ်လာ ၂ သိန်းခွဲကို မ,တည်ရင်းနှီးပြီး လုပ်ငန်းကို စတင်တယ်။ “ကျမက အမေ့ကို ပြောတယ်။ ကိုယ့်ပိုက်ဆံနဲ့ပဲ လုပ်ချင်တယ်။ ပိုက်ဆံလည်း အသင့်ရှိတယ်။ တခြားဘယ်သူနဲ့မှ တွဲပြီး မလုပ်ချင်ဘူး”
ပထမအသုတ်အဖြစ် lip kit ခုရေ တစ်သောင်းခွဲကို အလှကုန်ပစ္စည်း ထုတ်လုပ်တဲ့ Seed Beauty ထံမှာ အလုပ်အပ်နှံပြီး ထုတ်လုပ်တယ်။ Instagram လအတန်ကြာ ကြိုတင်အချိန်ယူပြီး လူသိများအောင် ပုံတွေ တင်တယ်။ အမြည်းအဖြစ် သတင်းပေးထားတယ်။ အစစအရာရာ အဆင်သင့်ဖြစ်တဲ့အခါ စတင်ရောင်းချမယ့်ရက်ကို ကြေညာပေးလိုက်တယ်။ တစ်ရက်ပဲ စောပြီး ကြေညာပေးတာ ဖြစ်ပါတယ်။ နောက်တစ်နေ့ နိုဝင်ဘာလ ၁၅ ရက် ၂၀၁၅ ခုနှစ်မှာ Kylie Lip Kits ကို စတင်ရောင်းချခဲ့ပါတယ်။ တစ်မိနစ် မကြာခင်မှာပဲ Kylie Lip Kits တစ်သောင်းခွဲ အကုန်လုံး အွန်လိုင်းမှာ ရောင်းလို့ ကုန်သွားတယ်။ မှောင်ခိုဈေးနဲ့ ပြန်ရောင်းတဲ့အထိ ဖြစ်ကုန်တယ်။ ပင်ရင်းဈေး ၂၉ အမေရိကန်ဒေါ်လာ ဖြစ်ပေမဲ့ eBay မှာ အမေရိကန်ဒေါ်လာ ၁,၀၀၀ အထိ ဈေးခေါ်ပြီး ပြန်ရောင်းကြတယ်။

အဲဒီလို အောင်မြင်သွားပြီးချိန်မှာ မေမေမန်နေဂျာ momager ဖြစ်သူ Kris Jenner က ရေရှည် ဆက်လုပ်ဖို့ဆိုရင် အခုလို လုပ်နေဖို့ မသင့်တော်ဘူးလို့ ဆုံးဖြတ်တယ်။ ကိုယ်ရောင်းတဲ့ပစ္စည်းတွေကို မှောင်ခိုဈေးကြီး မတန်တဆ ၀ယ်သုံးရတာ မဖြစ်သင့်ဘူး။ ဒီတော့ မေမေမန်နေဂျာက ကနေဒါနိုင်ငံသား ဘီလျံနာ Tobi Lutke လုပ်ကိုင်နေတဲ့ Shopify ဈေးရောင်းပလက်ဖောင်းကနေ ရောင်းချနိုင်ဖို့ စီစဉ်ပေးတယ်။ ဒီဇင်ဘာလမှာ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိကြတယ်။

letteroriginal

ရောင်းချမှုအပိုင်း
*********

Kylie Lip Kits ကို ၂၀၁၆ ဖေဖော်ဝါရီမှာ Shopify ပေါ်မှာ ပြန်စရောင်းတယ်။ အခုတစ်ကြိမ်မှာတော့ အရောင်အသွေး ခြောက်မျိုး ရောင်းတယ်။ lip kits စုစုပေါင်း ငါးသိန်း အသင့်ထုတ်လုပ်ထားတယ်။
၂၀၁၆ နိုဝင်ဘာမှာ holiday collection ခေါင်းစဉ်ဖြင့် ရောင်းချတာမှာ ၂၄ နာရီအတွင်း အမေရိကန်ဒေါ်လာ ၁၉ သန်းဖိုး ရောင်းရတယ်။
၂၀၁၆ ခုနှစ်အကုန်မှာတော့ အမျိုးအမည်ပေါင်း ၅၀ ကို ရောင်းချပေးနေပြီး ၀င်ငွေက အမေရိကန်ဒေါ်လာ ၃၀၇ သန်း ရရှိခဲ့တယ်။ ကုမ္ပဏီရဲ့ သက်တမ်းက ၁ နှစ် မပြည့်သေးဘူး။
Shopify ပလက်ဖောင်းကို အသုံးပြုတာအတွက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ လေးသိန်းရှစ်သောင်းဝန်းကျင် ပေးရတယ်။ ရောင်းရတဲ့ပမာဏရဲ့ သုည ဒဿမ ၁၅ ရာခိုင်နှုန်းကိုလည်း ကော်မရှင်ပေးရတယ်။

Jenner က အွန်လိုင်းမှာ ရောင်းချတဲ့အပြင် လက်လီအရောင်းဆိုင်တွေ စမ်းသပ်တဲ့အနေဖြင့် ဖွင့်လှစ်ရောင်းချတယ်။ နယူးယောက်၊ လော့စ်အိန်ဂျယ်လိစ်နဲ့ စန်ဖရန်စစ္စကိုတို့မှာ ဆိုင်တွေ ဖွင့်တယ်။ ပထမဆုံး စဖွင့်တာ လော့စ်အိန်ဂျယ်လိစ်မှာ ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ စတင်ခဲ့တယ်။ စဖွင့်တဲ့ရက်ပိုင်း ၁၄ ရက်အတွင်းမှာ လာရောက်ဝယ်ယူသူ နှစ်သောင်းခွဲ ရှိခဲ့တယ်။


ထုတ်လုပ်မှုအပိုင်း
************

ထုတ်လုပ်မှုအပိုင်းမှာ Seed Beauty က မိခင်ကုမ္ပဏီအဖြစ် လုပ်ကိုင်တယ်။ အစစအရာရာ စီမံဆောင်ရွက်ပေးတယ်။ အလှကုန်တွေ ထုတ်လုပ်မှုကို Spatz Laboratories က အမေရိကနဲ့ တရုတ်နိုင်ငံ နန်ဂျင်းမြို့တို့မှာ လုပ်ကိုင်တယ်။ ရရှိလာတဲ့ အလှကုန်တွေကို ထုပ်ပိုးတာ၊ ဖြန့်ဖြူးတာ၊ အရောက်ပေးပို့တာတို့ကို Seed Beauty က လုပ်ကိုင်တယ်။ အဲဒီလုပ်ငန်းတွေမှာ Kylie Cosmetics အတွက် ၀န်ထမ်းအင်အား ၅၀၀ ကျော် ထားပြီး လုပ်ကိုင်တယ်။

 

ဝယ်ယူသူများ
******

Kylie Lip Kits ကို ၀ယ်ယူသူ အများစုဟာ ၁၈ နှစ်မှ ၃၄ နှစ်အထိ အသက် အပိုင်းအခြားမှာ ရှိသူတွေ ဖြစ်ပါတယ်။ Jenner ရဲ့ အောင်မြင်ကျော်ကြားမှု၊ ပရိသတ် ချစ်ခင်အားပေးမှုတွေ အားကောင်းနေဆဲဖြစ်တာမို့ လောလောဆယ်မှာတော့ ရောင်းအားကောင်းနေဦးမှာ ဖြစ်ပါတယ်။ မေမေမန်နေဂျာကို ပြီးခဲ့တဲ့နှစ်အတွက် အမေရိကန်ဒေါ်လာ ၁၇ သန်း ပေးပြီးပြီ ဖြစ်ပါတယ်။

ညီမဖြစ်သူရဲ့ အောင်မြင်မှုကို အနီးကပ်မြင်တွေ့နေတဲ့ Kim က ၂၀၁၇ ခုနှစ် ဇွန်လမှာ အလှကုန်လုပ်ငန်း KKW Beauty ကို စတင်လုပ်ကိုင်ခဲ့တယ်။ အခုအထိ ၀င်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ၀န်းကျင် ရရှိထားပြီလို့ ခန့်မှန်းကြတယ်။
အလှကုန် ကိုယ်တိုင်ထုတ်လုပ်မှုအဖြစ် နောက်ထပ် လုပ်ကိုင်သူတစ်ဦးက Rihanna ဖြစ်ပါတယ်။ သူက ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ Fenty Beauty ကို စတင်ခဲ့တယ်။
အခုလို ပြိုင်ဘက်တွေ ပေါ်လာတာဟာ Jenner အတွက် စိတ်ပူစရာ ဖြစ်ပါတယ်။ သူ့ရဲ့ အလှကုန်အင်ပါယာကို ထိခိုက်လာနိုင်တယ် မဟုတ်လား။

faek original

အတုတွေ ပေါ်နေ
***********

နောက်ထပ်ကြုံရတဲ့ စိန်ခေါ်မှုကတော့ အတုတွေ ရောင်းချလာကြတာ ဖြစ်ပါတယ်။ ကိုယ့်ရမယ့်ရောင်းအားတွေကို အတုတွေက ဖဲ့ယူသွားကြတဲ့အပြင် အစစ်လို့ ထင်ပြီး သုံးကြသူတွေက Kylie Cosmetics ဟာ အရည်အသွေး ညံ့ဖျင်းတယ်လို့ အထင်မှားကြမယ်။ နာမည်ကြီးတာကို အသုံးချပြီး ရိုက်စားလုပ်တယ်လို့ ထင်ကြမှာ ဖြစ်ပါတယ်။

ok shoot

 

ဘယ်လို ဆက်ထိန်းထားမလဲ
**************

brand ကို ဆက်ထိန်းထားပြီး အခုလို မျိုးကို ဆက်လက်တည်တံ့အောင် အသက် ၂၀ နှစ်သာ ရှိသေးတဲ့ Kylie Jenner နဲ့ သူ့ရဲ့ မိခင် မေမေမန်နေဂျာတို့က ဘယ်လို စီမံဆောင်ရွက်ပြီး ထိန်းသိမ်းထားမလဲဆိုတာကို လာမယ့် သုံးနှစ်အတွင်း စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

 

PHOTO shoot3

Read 2225 times
Rate this item
(0 votes)