What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ညီအစ်မ သုံးဖော် ဖက်ရှင်

ထိုင်းနိုင်ငံမှ ညီအစ်မသုံးယောက်တို့က သူတို့ရဲ့ ကိုယ်ပိုင်ဖက်ရှင်လုပ်ငန်းတစ်ခုကို ၂၀၀၀ ပြည့်နှစ်လွန်ကာလမှာ စတင်ခဲ့ကြတယ်။

သူတို့က ဘယ်လို အပြောက်အမွမ်းတွေ ဘယ်လို အလှတန်ဆာဆင်တာတွေ ဘယ်လို ပစ္စည်းတွေ သုံးမလဲဆိုတာ အတိအကျ ချမှတ်ထားတယ်။ ပန်းတွေ၊ သစ်သီးတွေ၊ တိရစ္ဆာန်တွေ၊ ဇာပွင့်တွေ၊ ဖဲကြိုးတွေ၊ ဇာပန်းထိုးတွေကို သူတို့ သုံးစွဲပြီး ဖက်ရှင်ထည်တွေ ဖန်တီးတယ်။

သူတို့ ဖက်ရှင် brand က Sretsis
အဲဒါက ညီအစ်မများ “sisters” ကို ပြောင်းပြန် စာလုံးပေါင်းထားပါတဲ့။
သူတို့ ညီအစ်မသုံးဦးက အသက် ၂၀ နှစ်ကျော် အရွယ်တွေ ဖြစ်ပြီး ၂၀၀၂ ခုနှစ်မှာ လုပ်ငန်းကို စတင်ထူထောင်ခဲ့ကြာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ အ၀တ်အစား ထိပ်တန်း brand ဖြစ်လာခဲ့ပါတယ်။

သူတို့ရဲ့ ဒီဇိုင်းတချို့ကို ရေရေလည်လည် ရိုတယ်လို့ မှတ်ချက်ပြု ချီးကျူးခံရတယ်။ စိတ်ကူးအိပ်မက်ဆန်တယ်လို့ ချီးကျူးသူတွေလည်း ရှိတယ်။ ဆယ်စုနှစ် နှစ်ခုဝန်းကျင်အတွင်း နာမည်ရသွားတယ်။ Beyonce နဲ့ Paris Hilton တို့လို ကမ္ဘာသိစဲလီတွေရဲ့ ကိုယ်ပေါ်ကို သူတို့ရဲ့ ဖက်ရှင်တွေ ရောက်သွားတယ်။ 

နာမည် ပိုကြီးသွားစေတာက Sretsis ရဲ့ အလွှာထပ်အင်္ကျီကို Beyonce က သဘောကျလွန်းလို့ လပိုင်းပဲခြားပြီး ထပ်ဝတ်ခဲ့လို့ သတင်းဖြစ်သွားတယ်။
လန်ဒန်မြို့ ဟီသရိုးလေဆိပ်မှာ ဇွန်လ ၁၀ ရက်မှာ တစ်ကြိမ်၊ နယူးယောက်မြို့မှာ ခင်ပွန်းသည်နဲ့အတူ လမ်းလျှောက်ထွက်တဲ့ ဇူလိုင်လ ၁၅ ရက်မှာ တစ်ကြိမ် အဲဒီ အလွှာထပ်အင်္ကျီကို Beyonce ၀တ်ဆင်ခဲ့တယ်။ အဲဒီအင်္ကျီဈေးနှုန်းက ကန်ဒေါ်လာ လေးရာပတ်လည် လို့ သိရပါတယ်။

beyonce sretsis dress

အ၀တ်အစား အမျိုးအစား ကြိုက်ပုံတွေက တစ်ဦးနဲ့တစ်ဦး မတူကြဘူး။ ညီအစ်မ သုံးယောက်မှာ အကြီးဆုံး အစ်မကြီးဖြစ်သူ Kly က လုပ်ငန်း စတင်စဉ်က အသက် ၂၀ ကျော်ဖြစ်ပေမဲ့ လုပ်ငန်းသက်တမ်း ၂၀ နီးပါး ရှိချိန်မှာ အသက် ၄၀ နှစ်ကို ရောက်နေပြီ။ သူ့အတွေ့အကြုံအရ သူက အခုလို ပြောပြတယ်။
“တချို့က ရှေးတရုတ် ဖက်ရှင်အ၀တ်အစားတွေကို ကြိုက်တယ်လို့ ပြောတယ်။ တချို့က ဗီယက်နမ် ရိုးရာ အ၀တ်အစားကို ကြိုက်တယ်တဲ့။ သူတို့ရဲ့ ယဉ်ကျေးမှုဆိုင်ရာ အတွေ့အကြုံတွေအပေါ်မှာ မူတည်နေတယ်”

Sretsis ကို စွဲစွဲမြဲမြဲ ၀တ်ဆင်ခဲ့တာ ၁၅ နှစ်လောက် ရှိနေပြီဖြစ်သူတစ်ဦးက “အဲဒီ brand က စတိုင်ကျတယ်။ ဒါပေမဲ့ ခေတ်ဟောင်း အငွေ့အသက်တွေ ပါတယ်။ ကျမက အရင်ကထက် ပိုဝနေတယ်။ ဒီတော့ ပြန်ပြင်ချုပ်ပြီး ၀တ်တယ်”လို့ ပြောပြတယ်။

Kly က Sretsis ကို ဒီဇိုင်းထုတ်ရင် မျိုးဆက်အဟောင်းခေတ်နဲ့ လက်ရှိခေတ် ရောနှောပါဝင်စေတယ်။ ဒီတော့ ခေတ်ဟောင်းရဲ့ အဆင်အပြင်တွေ ပါနေတယ်လို့ ရှင်းပြတယ်။ ထိုင်းနဲ့ ဂျပန် ၀တ်ဆင်ပုံ မတူကြတာကိုလည်း သူက ပြောပြတယ်။
“ဂျပန်မှာက အ၀တ်အစား ၀တ်ရင် သပ်သပ်ရပ်ရပ် ၀တ်တယ်။ အသက်အပိုင်အခြားနဲ့ ဆီလျော်အောင် ၀တ်ကြတယ်။ ထိုင်းမှာကျတော့ အမျိုးသမီးတွေက သူတို့ စိတ်ထဲ ၀တ်ချင်မိတာကို ၀ယ်ဝတ်ကြတယ်။ အသက် ဘယ်လောက်ကြီးပြီလဲဆိုတာ ထည့်မစဉ်းစားဘူး။ အသက်ကြီးနေပေမဲ့ မီနီစကပ် ၀တ်ချင် ၀တ်တာပဲ”

Sretsis က နိုင်ငံတကာကို သွားဖို့ရည်ရွယ်တော့ အိန္ဒိယ၊ တရုတ်၊ အနောက်တိုင်း တို့ရဲ့ ပင်ကိုလက္ခဏာတွေကို ရယူသုံးစွဲတယ်။

သူတို့ ညီအစ်မတတွေကို ဘန်ကောက်မြို့မှာ မွေးဖွားခဲ့တယ်။ မိဘက ချမ်းသာတယ်။ နယူးယောက်နဲ့ နယူးဇီလန်တို့မှာ ပညာသင်ခဲ့ကြတယ်။
အလတ်မ ဖြစ်သူ Pim က “မိဘတွေက ကျွန်မကို စိတ်ပူတယ်။ ဒါပေမဲ့ ကျမက ပြည်ပမှာ ပညာသင်ဖို့ဆုံးဖြတ်ထားတဲ့အတိုင်း အကောင်အထည်ဖော်ဖြစ်ခဲ့တယ်” လို့ ပြောပြတယ်။
အထွေးဆုံးဖြစ်တဲ့ Matina က လက်ဝတ်ရတနာ ဒီဇိုင်းနာ တစ်ဦး ဖြစ်ပြီး ယခုအခါ လန်ဒန်မြို့မှာ နေထိုင်ပြီး လက်ဝတ်ရတနာ ဒီဇိုင်းပညာ ဆက်လက်ဆည်းပူးနေတယ်။

sretsis2

 

Klyduan, Pimdao နဲ့ Matina ညီအစ်မ သုံးယောက် ၂၀၀၂ ခုနှစ်မှာ Sretsis ဖက်ရှင်တိုက်ကို စတင်လိုက်ကြပြီးတဲ့အခါ Pimdao က ဖက်ရှင်ဒီဇိုင်းအပိုင်းကို ဦးဆောင်တယ်။ Matina က လက်ဝတ်ရတနာ အဆင်တန်ဆာတွေကို လုပ်ကိုင်တယ်။ Klyduan က လုပ်ငန်းတစ်ခုလုံးကို ကြီးကြပ်တယ်။
လက်ရှိအနေအထားကို Kly က အခုလို သုံးသပ်တယ်။
“အရောင်းအ၀ယ် ပုံစံတွေက ပြောင်းလဲနေပြီ။ အွန်လိုင်း ရှိလာတော့ ရွေးချယ်လို့ ရတာတွေက အရင်တုန်းကထက် အပုံကြီး ပိုများနေပြီ”

Read 868 times
Rate this item
(0 votes)