What's new

×

Warning

JUser: :_load: Unable to load user with ID: 845


FIT MODEL တစ်ဦးရဲ့ ဘဝ

 

ဖက်ရှင် အ၀တ်အစား ဒီဇိုင်းကို ကိုယ်ပေါ်တင်ကြည့်ပြီး ဆန်းစစ်သုံးသပ်ဖို့အတွက် Fit Model ကို သုံးစွဲကြတယ်။

Fit Model လူမြင်ကွင်းနောက်ကွယ်မှာ လုပ်ကိုင်ရတဲ့သူဖြစ်လို့ ကင်မရာတွေ ရှေ့ကို မရောက်ဘူး။ လူမမြင်သူမမြင် မော်ဒယ်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဖက်ရှင်လုပ်ငန်းနယ်ပယ်မှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာ လုပ်ကိုင်နေရသူတွေ ဖြစ်ပါတယ်။

ယခုပြောပြတဲ့သူက Fit Model အဖြစ်ကျင်လည်နေတဲ့ Jaclyn Shuman ဖြစ်ပါတယ်။
သူ အလုပ်လုပ်ခဲ့တဲ့ ဖက်ရှင်လုပ်ငန်းတွေနဲ့ ဖက်ရှင် အမျိုးအစားတွေကို အဆုံးသတ်မှာ ဖော်ပြပေးထားပါတယ်။

“ကျမ ငယ်စဉ်က တော်တော်ပိန်တယ်။ ဒီတော့ ပိန်တာ လူမမြင်အောင် ဘောင်းဘီရှည်တွေ ၀တ်တယ်။ အင်္ကျီဆိုရင်လည်း လက်ရှည်တွေ ၀တ်တယ်။ အမေက အ၀တ်အစားချုပ်တာ တော်တယ်။ ကျမ ကြီးပြင်းလာစဉ်တစ်လျှောက်မှာ အ၀တ်အစား ဒီဇိုင်းထုတ်တာ၊ အတော်အတိ fit ဖြစ်အောင်လုပ်တာတွေ သိသွားတယ်။ အမေ့အသိတွေထဲမှာ အ၀တ်အစားဆိုင် ဖွင့်ထားတဲ့သူတွေ၊ မင်္ဂလာဝတ်စုံဆိုင် ဖွင့်တဲ့သူတွေ ရှိတယ်။ သူတို့အတွက် ချုပ်တဲ့အခါ အပြီးသတ်ခါနီးမှာ ကျမရဲ့ ကိုယ်ပေါ်မှာ တင်ကြည့်တယ်။ ကျမ ကိုယ်နဲ့ မတော်မတန်ပေမဲ့ အနားလုံးဖို့ ချိန်ဆလေ့ရှိတယ်။ အဲဒါ အမေက ကျမကို fit model အဖြစ် အသုံးပြုတာလို့ အဲဒီတုန်းက ကျမ မသိခဲ့ပါဘူး။

ကျမမှာ ဖက်ရှင်ဒီဇိုင်နာတစ်ဦး ဖြစ်ချင်စိတ်က အမြဲ ရှိနေတယ်။ ၂၀၀၇ ခုနှစ်မှာ နယူးယောက်ကို ကျမ ပြောင်းရွှေ့တယ်။ အ၀တ်အစားဒီဇိုင်းပညာဘွဲ့တစ်ခု ကျမမှာ ရှိတယ်။ ဒီတော့ ဖက်ရှင်ဒီဇိုင်းပိုင်းမှာ ကျမ လုပ်ကိုင်နေခဲ့တာ ခြောက်နှစ်လောက် ကြာတယ်။ ပြီးတော့မှ fit model အဖြစ်ကို ရောက်သွားတယ်။

 

sample

ကျမ ဒီဇိုင်နာအဖြစ် Golden Touch Imports မှာ လုပ်ကိုင်တယ်။ ကိုယ်ပိုင်အမှတ်တံဆိပ်တွေအတွက် ဒီဇိုင်းတွေ လုပ်ကိုင်တယ်။ အဲဒီမှာ fit model က အားလပ်ရက်ရှည် ခရီးထွက်နေချိန် fit အတွက် မော်ဒယ်လိုနေတယ်။ တစ်ယောက်က ပြောတယ်။ အခု ဖက်ရှင်က Jaclyn Shuman ကိုယ်လုံးကိုယ်ပေါက်နဲ့ အရွယ်တူပဲတဲ့။ ကျမကို fit model အဖြစ် သုံးလိုက်ကြတယ်။ နောက်တော့ fit model မထားတော့ဘူး။ အ၀တ်အစားဒီဇိုင်းတစ်ခု မော်ဒယ်ကိုယ်ပေါ်တင်ပြီး ကြည့်ဖို့ ကျမကို မော်ဒယ်အဖြစ် သုံးကြတယ်။ နောက်တော့ ကုန်တိုက်တွေ၊ showroom တွေအတွက် ပိုစတာကြော်ငြာတွေအတွက်လည်း ကျမနဲ့ပဲ ဓာတ်ပုံ ရိုက်တယ်။ ဒါပေမဲ့ ကျမက လက်ထောက်ဒီဇိုင်နာ လစာနဲ့ လုပ်နေတာ ဖြစ်နေတယ်။ အဲဒါ တစ်နှစ်ကို ဒေါ်လာ သုံးသောင်းလေးထောင်ပဲ ရတယ်။ fit model တစ်ဦးရတာထက် အများကြီး နည်းနေတယ်။
အေဂျင်စီတချို့ကို ကျမ စုံစမ်းကြည့်တယ်။ ကုမ္ပဏီဝန်ထမ်းအဖြစ် fit model လုပ်ရင် ပေးနေကျက စစချင်းမှာ လစာ တစ်နှစ်ကို ဒေါ်လာတစ်သိန်းခွဲနဲ့ စတယ်။ အဲဒါ လွန်ခဲ့တဲ့ ၉ နှစ်တုန်းက ကျမ ကြုံနေခဲ့တာ . .
ကျမ လစာကို ညှိနှိုင်းဖို့ ကြိုစားခဲ့တယ်။ ဒီဇိုင်နာအလုပ်အပြင် fit model ပါ လုပ်ပေးရတာမို့ လစာကို တစ်နှစ် ဒေါ်လာ ရှစ်သောင်းပေးဖို့ ပြောတယ်။ သူတို့က လက်ရှိလစာကို လေးထောင်ပဲ တိုးပေးဖို့ သဘောတူတယ်။ ဒီတော့ တစ်နှစ်ကို သုံးသောင်းရှစ်ထောင်ပေါ့။ ဒီတော့ ကျမ တခြားမှာ သွားလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

ကျမ အလုပ်ထွက်လိုက်တယ်။ Club Monaco မှာ သွားလုပ်တယ်။ အဲဒီမှာက fit မော်ဒယ်တွေကို တစ်ဦးချင်း ခေါ်သုံးတယ်။ လုပ်ရတာက လုပ်ထုံးလုပ်နည်း ဒီဇိုင်း technical design အပိုင်း ဖြစ်ပါတယ်။ technical designer တွေက ဘာလုပ်ပေးရတာလဲဆိုတော့ ဒီဇိုင်နာတွေ ဖန်တီးလိုက်တဲ့ ဖက်ရှင်နဲ့ ချုပ်လုပ်ပေးမယ့် စက်ရုံတွေအနေဖြင့် လုပ်ပေးဖို့ မဖြစ်နိုင်တဲ့ အကန့်အသတ်တွေ အဲဒီနှစ်ခုကြား ပြေလည်သွားအောင် ညှိနှိုင်းဆောင်ရွက်ပေးရသူတွေ ဖြစ်ပါတယ်။

Club Monaco မှာ size 6 အရွယ်နဲ့ ဖက်ရှင်တွေကို fit ဖြစ်အောင် ချိန်ညှိပေးတယ်။ တကယ်လို့ ရောက်လာတဲ့ နမူနာက ငယ်နေတယ်ဆိုရင် သုံးနေကျ fit model ကိုယ်ပေါ်မှာ ၀တ်ခိုင်းပြီး ကြည့်ဖို့ မဖြစ်နိုင်တော့ဘူး။ အဲဒီအခါမှာ ကျမကို ခေါ်သုံးကြတယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဒီဇိုင်းနာက ခေါ်သုံးတာဖြစ်ဖြစ်၊ အခုပြောတဲ့ technical designer က ခေါ်သုံးတာပဲဖြစ်ဖြစ် ကျမက အရံအဖြစ် ထားတဲ့ fit model အဖြစ်လုပ်ကိုင်ရတဲ့ အဖြစ်နဲ့ပဲ အဆုံးသတ်ပါတယ်။ backup ထားတဲ့ fit model ပေါ့။

(အမေရိကန် size 6 သည် လက်မအားဖြင့် ရင် ၃၄ခွဲ ခါး ၂၆ တင် ၃၆ ခွဲ ရှိပြီး စင်တီမီတာအားဖြင့် ရင် ၈၇ ခွဲ ခါး ၆၆ တင် ၉၃ ရှိပါတယ်)

ကျမ နယူးယောက်က ကျောခိုင်းဖို့ စဉ်းစားတယ်။ ဒါပေမဲ့ ကျမရဲ့ ဒီဇိုင်နာ အိပ်မက်ကို လက်မြှောက်လိုက်ပြီး fit model ဘ၀ကို ခံယူချင်တာလား ဆိုတာ ကျမ စိတ်ထဲ မပြတ်သားဘူး။ အဲဒီမှာ ကျမ စဉ်းစားတယ်။ ကျမရထားတဲ့ အတွေ့အကြုံတွေဟာ
ကျမလို ဒီဇိုင်နာအဆင့်မျိုးမှာ ကြုံတွေ့နေကျတွေ ဖြစ်ပါတယ်။ ကိုယ်လုပ်ထားတဲ့ ဒီဇိုင်းတွေအတိုင်း ဖြစ်မလာဘူး။ skectch တွေက စာရွက်ပေါ်မှာပဲ ကျန်ခဲ့တယ်။ စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် စီးပွားရေးအရ ကြည့်တဲ့အမြင်ပေါ်မှာ အခြေပြုထားတယ်။ ၀တ်ဆင်ကြမယ့်သူတွေ ဘယ်လို လိုချင်နေသလဲဆိုတာအရ ဆုံးဖြတ်တယ်။ ဘယ်ဟာဆိုရင် ပိုရောင်းအားကောင်းမလဲ။ ဒီဇိုင်းတွေကို ရေနဲ့ ဖျော်ချပစ်လိုက်တယ်။ တန်ဆာဆင်ထားတဲ့ အစိတ်အပိုင်းတွေ လျှော့ချပစ်တယ်။ သုံးစွဲတဲ့ပစ္စည်းတွေကိုလည်း ဈေးသက်သာတာတွေ ပြောင်းသုံးခိုင်းမယ်။
အဲဒီမှာ ကျမ ဆုံးဖြတ်ချက် ချတယ်။ ကျမလိုချင်တဲ့ အဆင့်အတန်းတစ်ခုကို မရောက်ရင်ဖြစ်ဖြစ် ကျမမှာ ငွေပမာဏ အတိုင်းအတာတစ်ခုအထိ ရအောင် မလုပ်နိုင်ရင်ဖြစ်ဖြစ် ကျမ ပြောင်းမယ်။ ကျမ စီးပွားရေးဘက်ကို ၀င်တယ်။ Jean Paul Gaultier ရဲ့ Aeffe USA showroom မှာ ငွေစာရင်းကိုင်အဖြစ် ၀င်လုပ်တယ်။ အဲဒါက ကျမအကြိုက် မဟုတ်ဘူး။ ဒါပေမဲ့ လိုအပ်လို့ လုပ်ကိုင်ခဲ့တယ်။
အဲဒီမှာ လုပ်ကိုင်ရင်း အပြင်အလုပ်ကို တွဲလုပ်တယ်။ ဒီဇိုင်နာတွေဆီမှာ fit model လုပ်တယ်။ Golden Touch Imports မှာ လုပ်ကိုင်ခဲ့တုန်းကလို ပြန်လုပ်နေရတာ ဖြစ်ပါတယ်။

၂၁၀၄ ခုနှစ်မှာ True Model Management နဲ့ စာချုပ်ပြီး အလုပ်စလုပ်တယ်။ တကယ်လို့ True က အလုပ်ရှာပေးတယ်ဆိုရင် ကျမဆီက ကော်မရှင်ယူတယ်။ တကယ်လို့ ကျမဘာသာ အလုပ်ရှာတာဆိုရင် ပေးစရာမလိုဘူး။ ကျမ ရတဲ့ fit model အလုပ်တွေရဲ့ ၅၀ ရာခိုင်နှုန်းက များသောအားဖြင့် True က ရှာပေးတာ ဖြစ်ပါတယ်။ ကျန်တာက ကျမ အစွမ်းအစနဲ့ ရတာ ဖြစ်ပါတယ်။

Alexander Wang ရဲ့ တီရှပ်လိုင်းနဲ့ ဂျင်းလိုင်းတွေ၊ ပြီးတော့ အသင့်ချုပ်ပြီး ထိုးထည်တွေအတွက် လုပ်ကိုင်တယ်။ တစ်ပတ်ကို ၁၃ နာရီ လုပ်တယ်။ အဲဒီလိုဆိုရင် တခြားဖက်ရှင်ဒီဇိုင်နာ အငယ်စားတွေအတွက် အချိန်ပေးဖို့ ခက်ခဲနေမယ်။ အဲဒီအခါမှာ အလုပ်ရှာနေတဲ့ တခြား fit model တွေနဲ့ ချိတ်ပေးလိုက်တယ်။ သူတို့က ကျမရဲ့ ကိုယ်ပွားအဖြစ် လုပ်ကိုင်ပေးလိုက်တာ ဖြစ်ပါတယ်။
ကျမရဲ့ ပထမနှစ်မှာ fit model လုပ်လို့ရတဲ့ ငွေက အလုံအလောက် ရမယ်ဆိုရင် ကျမ fit model ပဲ လုပ်တော့မယ်။ ငွေစာရင်းကိုင် အလုပ်ကို မလုပ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

Club Monaco မှာ လုပ်ထုံးလုပ်နည်းဒီဇိုင်နာ အတွေ့အကြုံတွေ ကျမ ရရှိခဲ့ပါတယ်။ ပြီးတော့ Club Monaco မှာ fit model တွေ ပြောဆိုကြတာတွေကလည်း ဗဟုသုတ တိုးတယ်။ ကိုယ်ပေါ်မှာ ၀တ်ကြည့်ပြီး fitting လုပ်နေချိန် သူက ပြောမယ်။ ဖက်ရှင်ချုပ်ထားတာ သူနဲ့ တော်မတော် ကျပ်မကျပ် ချောင်မချောင် စတာတွေအပြင် ဘယ်လိုနေသလဲဆိုတာကိုပါ အကဲဖြတ်ပြီး ပြောပြတယ်။ ဘယ်အမျိုးသမီးရဲ့ ခန္ဓာကိုယ်မှ စံပြအဖြစ်ထားတဲ့ ကိုယ်ခန္ဓာနဲ့ တစ်ထေရာတည်း မတူပါဘူး။ fit model တွေရဲ့ ကိုယ်ခန္ဓာဟာလည်း ကွဲလွဲနေတဲ့ နေရာတွေ အနည်းနဲ့အများ ရှိတာပါပဲ။ ဒီတော့ ကိုယ့်ရဲ့ ကိုယ်ခန္ဓာကြောင့် ဘာအကန့်အသတ်တွေ ရှိနေတယ်ဆိုတာ သိထားဖို့ လိုတယ်။ ဘယ်အချက်တွေကတော့ ကောင်းနေတယ်။ ဘယ်အချက်တွေကတော့ လျော့နေတယ်စတာတွေလည်း သိထားရမယ်။ ဆိုပါစို့။ ပခုံးနှစ်ဖက် ရှိတာမှာ ဘယ်ဘက်ပခုံးက ညာဘက်ပခုံးထက် အစောင်းပိုများနေတာမျိုး ရှိတယ်။

ကျမက ဖက်ရှင်ဒီဇိုင်းပိုင်းမှာလည်း လုပ်ခဲ့ဖူးတယ်။ fit model လည်း လုပ်ခဲ့တယ်။ ဒီတော့ patternmaking နဲ့ ပတ်သက်လို့ အတော်များများ သိထားတယ်။ ဒီတော့ ကုမ္ပဏီမှ patternmaker ကို ကျမ အကြံပေးတယ်။ သူတို့ရဲ့ pattern တွေကို ကူညီပေးတယ်။ fit ဖြစ်အောင် ဘယ်လို ချိန်ညှိပေးရမလဲ။ ဘယ်လို ပြောင်းပေးရမလဲဆိုတာတွေ မှတ်ချက်တွေ ပေးတယ်။

ကျမရဲ့ အရပ်အမြင့်က မပြောင်းလဲဘူး။ ဒါပေမဲ့ အလုပ်ပေးတဲ့သူတချို့က ကျမကို ပုတယ်လို့ ထင်တယ်။ တချို့က ရှည်တယ်လို့ ထင်တယ်။ ရင်သားကြီးတယ်လို့ ထင်တဲ့သူလည်း ရှိတယ်။ ပေါင်လုံးတုပ်တယ်လို့ ပြောတဲ့သူလည်း ရှိတယ်။ ပေါင်လုံး သေးတယ်လို့ ထင်တဲ့သူတွေလည်း ရှိနေပြန်တယ်။ တစ်ရက်တည်းမှာ fit model လုပ်ခိုင်းတဲ့ ကုမ္ပဏီ ၇ ခုနဲ့ လုပ်မယ်ဆိုရင် တစ်ယောက်တစ်မျိုး ပြောနေကြလို့ ကျမ ရူးသွားနိုင်တယ်။ အဲလို ဘာလို့ ဖြစ်ရတာလဲဆိုတော့ ကုမ္ပဏီတစ်ခုနဲ့ တစ်ခု လိုင်း မတူကြလို့ ဖြစ်ပါတယ်။ တစ်ခုက ကိုယ်ခန္ဓာ သေးသွယ်တဲ့သူတွေကို ဦးတည်ထားတယ်။ နောက်လုပ်ငန်းတစ်ခုက အရပ်မြင့်မြင့်တွေကို ဦးတည်ထားတယ်။ အဲဒီတော့ သူတို့ထားတဲ့စံတွေနဲ့ နှိုင်းယှဉ်ကြည့်ပြီး ကျမကို ပုတယ် ရှည်တယ် ဖြစ်နေကြတာပါ။ ကျမကို ရင်သားတွေ ကြီးတယ်ဆိုပြီး ကျမနဲ့ အလုပ်မလုပ်ချင်တဲ့သူတွေလည်း ရှိတယ်။

 

sample2

တချို့ အလုပ်ပေးတဲ့သူဆိုရင် တစ်လအတွင်းမှာ အကြိမ်တော်တော်များ ခိုင်းတယ်။ အငယ်စားတွေကျတော့ တစ်နှစ်နေမှ အကြိမ်အနည်းငယ်ပဲ လုပ်ကိုင်ဖြစ်တာတွေ ရှိတယ်။ နေ့တိုင်းလိုလို တွေ့ဖြစ်တဲ့သူတွေလည်း ရှိတယ်။ ဘာလို့လဲဆိုတော့ ကျမက အ၀တ်အစား အမျိုးစုံအတွက် fit model လုပ်ကိုင်လို့ ဖြစ်ပါတယ်။ ပြီးတော့ brand အကြီးအသေးအလတ် မရွေးဘူး။

fitting အတွက် ကြာချိန်တွေ သတ်သတ်မှတ်မှတ် ရှိပါတယ်။ ဂျင်းကို fitting လုပ်ရင် မိနစ် ၂၀ ။ အသားပျော့တဲ့ တီရှပ်၊ ထိုးထည်၊ စွပ်ကျယ်သား အဲဒါမျိုးဆိုရင် အချိန် ပိုပေးရတော့ မိနစ် ၃၀ လောက်ကြာတယ်။ အတွင်းခံဆိုရင်လည်း အချိန်နည်းနည်း ပိုပေးတော့ ၂၅ မိနစ် ကြာတယ်။ ကုမ္ပဏီက အငယ်စားဖြစ်နေပြီး အတွင်းခံတွေ fitting လုပ်ဖို့ ခေါ်တာဆိုရင် အထည်များနိုင်သမျှ များများ သူတို့က ရတဲ့အချိန်အတွင်း ၀တ်ကြည့်ခိုင်းတော့တာပဲ။ ကျမက အချိန်ဇယားနဲ့ လုပ်ရတာဆိုတော့ တစ်နေရာမှာ ပြီးရင် နောက်တစ်နေရာကို ကူးရတယ်။ နောက်ကျလို့ မရဘူး။ ဒီတော့ သူတို့ ကြာချင်သလောက် ကြာတာကို ကျမ အလိုလိုက်လို့ မရဘူး။

(အမေရိကန် size 4 သည် လက်မအားဖြင့် ရင် ၃၃ခွဲ ခါး ၂၅ တင် ၃၅ခွဲ ရှိပြီး စင်တီမီတာအားဖြင့် ရင် ၈၅ ခါး ၆၃.၅ တင် ၉၀ ရှိပါတယ်)

အဲဒီလို လုပ်ကိုင်ရင်း ကျမ တွေ့တာ ပိုကြီးတဲ့ size 4 ကို ပိုငှားကြတယ်။ အငှားဆုံးပဲ။ ကျမ ကိုယ်လုံးကိုယ်ထည်က သေးငယ်နေတယ်။ ဒီတော့ တစ်ခါတလေမှာ ကျမ အစား ပိုစားပြီး ၀ိတ်တက်အောင် လုပ်တယ်။ အဲဒါမှ တချို့သူတွေ ကျမကို ငှားကြမယ်ဆိုပြီး ရည်ရွယ်တယ်။ ဒါပေမဲ့ အလုပ်မဖြစ်ပါဘူး။ နောက်တော့ ကျမ အမှန်ကို သဘောပေါက်သွားတယ်။
တကယ်လုပ်ရမှာက ဘာလဲဆိုတော့ အကောင်းဆုံး လုပ်သင့်တာက ကျန်းမာရေးအတွက် အာဟာရ စားသုံးမှု ရှိရမယ်။ ကိုယ်လက်လှုပ်ရှားမှုတွေလည်း ရှိရမယ်။ အဲဒီမှာ ၀ိတ်ကို ထိန်းထားပြီးသား ဖြစ်နေမယ်။ ၀ိတ်တိုးအောင် ၀ိတ်ကျအောင် တမင်လုပ်တာ မဟုတ်ရဘူး။ ၀ိတ်တိုးတာ ၀ိတ်ကျတာကြောင့် ကိုယ်ခန္ဓာရဲ့ ပုံပန်း ပြောင်းတယ်။ ကျမ ကံကောင်းပါတယ်။ ပုံပန်းက အမြဲအတူတူပဲ ဖြစ်နေတယ်။ ထိန်းထားဖို့ ကျမ ကြိုးစားအားထုတ်နေရတာ မရှိဘူး။ တခြား fit model မှာ စားတာသောက်တာ ဂျင်ကစားတာ အကုန်လုံး အမြဲမပြတ် ဂရုစိုက် နေကြရတယ်။ တကယ်တော့ fit model အဖို့ ကိုယ်အလေးချိန်က အရေးမပါဘူး။ ပုံပန်းကပဲ အရေးပါတယ်။

ကျမ ကိုယ်ခန္ဓာကို တနင်္လာနေ့မှာ တစ်ခါ၊ ကြာသပတေးမှာ တစ်ခါ တစ်ပတ်မှာ ၂ ကြိမ် တိုင်းတယ်။ ကျမရဲ့ ကိန်းဂဏန်း သတ်မှတ်ချက်တွေပေါ့။ ငှားနေကျသူတွေ လိုချင်တဲ့ အတိုင်းအတာအတိုင်း ရှိရဲ့လားဆိုတာ စစ်ဆေးတယ်။ တကယ်လို့ ခါးပတ်လည် တိုင်းတာ သေးလွန်းနေတယ်ဆိုရင် ကျမ Diet Coke များများ သောက်မယ်။

အ၀တ်အစား ၀ယ်တဲ့သူတွေ ဈေးဝယ်ရင် ဘယ် brand ဆိုရင် ၀တ်လိုက်တဲ့အခါ အတော်ပဲလို့ မှတ်ထားတဲ့သူတွေ ရှိတယ်။ အဲလို ဘာလို့ မှတ်ထားလို့ ရနေတာလဲဆိုတော့ အဲဒီ brand မှာ သုံးတဲ့ fit model ကို တစ်ယောက်တည်း ပင်တိုင်ထားပြီး ဆက်လက်သုံးစွဲပေးနေလို့ ဖြစ်ပါတယ်။ အကြောင်းကြောင်းကြောင့် fit model ကို ပြောင်းလဲလိုက်ရင် fit ဖြစ်ပုံလည်း အနည်းနဲ့အများ ပြောင်းလဲသွားတယ်။
အဲဒီမှာ ပြောစရာရှိတာက fit model ရဲ့ ကိုယ်ခန္ဓာကလည်း တခြားမိန်းမသားတွေလိုပါပဲ။ အပြောင်းအလဲတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ fit model က မပြောင်းလဲအောင် ထိန်းထားတယ်။ fitting အတွက် လာဖို့ ခေါ်တဲ့အခါ အရင်တစ်ခါ လာတုန်းကအတိုင်း ရင်၊ တင်၊ ခါး အတူတူပဲ ဖြစ်နေမယ်။ သူ့ကိုယ်ခန္ဓာနဲ့ fit ဖြစ်အောင် လုပ်ပေးပြီး အ၀တ်အစားကို ချုပ်ကြတယ်။ ဒီတော့ ရလာတဲ့ အ၀တ်အစားက fit ဖြစ်တာမှာ အရင်လိုပဲ အပြောင်းအလဲ မရှိဘူး။

size က အရွယ်အစား ရွေးချယ်ဖို့ အတွက်ပါ။ fit ဖြစ်မဖြစ်က သုံးတဲ့ fit model အပေါ် မူတည်တယ်။ ပြီးတော့ လိုရမည်ရ ပိုကြီးပေးထားလိုက်တာတွေ ရှိတယ်။ အများအတွက် ချုပ်တာဆိုတော့ ၀တ်မရအောင် ကျပ်နေရင် ရောင်းမရဘူး။ အဲလို မဖြစ်ရအောင် ပိုကြီးပေးထားလိုက်ကြတယ်။ brand က size 2 ဆိုရင် ဒီဇိုင်နာက size 4 ဖြစ်တယ်။ အများအတွက် တကယ်လည်းချုပ်ရော အဲဒီထက် နည်းနည်း ပိုကြီးသွားတယ်။

စံပြုဖို့ ကိုယ်ခန္ဓာရယ်လို့ မရှိပါဘူး။ ဒီတော့ အတိအကျ fit ဖြစ်တာရယ်လို့ မရှိပါဘူး။
အဲဒါအပြင် ဒီဇိုင်နာတိုင်းမှာ သူများနဲ့ မတူတဲ့ အနုသုခုမဒဿန ကိုယ်စီ ရှိကြတယ်။ ဘယ်လို ကိုယ်ခန္ဓာမျိုးပေါ်မှာ ၀တ်ထားတဲ့အခါ ဘယ်လို အမြင်မျိုး ဖြစ်စေလိုတယ်ဆိုတာ ဒီဇိုင်နာ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ ကျမက fit model တစ်ဦးအနေဖြင့် ကျမ ၀တ်ဆင်လို့မရတဲ့ brand တွေ ရှိတယ်။ တကယ်လို့ ချုပ်ထားတဲ့ အ၀တ်အစားက သတ်မှတ်ပေးထားတဲ့အတိုင်း အတိုင်းအတာတွေ မရှိဘူးဆိုရင် အဲဒါ အထည်ချုပ်စက်ရုံရဲ့ အမှား။ အဲဒီလို လွဲနေတာ ဒီဇိုင်းနဲ့ မဆိုင်ဘူး။ fit model ကိုယ်ပေါ်မှာ တင်ကြည့်ပြီး တိုင်းထွာတာတွေ မှားတာ မဟုတ်ဘူး။

ခွတီးခွတ ဖြစ်ရတာက brand တစ်ခုက ကျမကို ငှားဖို့ စီစဉ်ထားပြီးမှာ တခြား fit model တစ်ယောက်ကို ငှားဖို့ ဆုံးဖြတ်လိုက်တယ်။ တချို့ကတော့ တစ်ပတ်လောက် ကြိုတင်အသိပေးတယ်။ “မင်းနဲ့ လုပ်ရတာ ငါတို့ တကယ်ကြိုက်တယ်။ မင်းက တကယ်တော်တယ်။ ဒါပေမဲ့ ငါတို့ တခြားလမ်းကြောင်းကို သွားဖို့ ဆုံးဖြတ်ထားတယ်”
အဲဒီလိုဆိုရင် ကျမရဲ့ ချိန်းဆိုထားတဲ့ အချိန်ဇယားကို ပြောင်းဖို့ အချိန်ရတယ်။

လူအများစု fit model အလုပ်ကို ဘူးလုံးနားမထွေး ဖြစ်နေကြတယ်။ ဖက်ရှင်ရှိုးပွဲ လျှောက်လမ်းပေါ် ထွက်လျှောက်ပြတဲ့ မော်ဒယ်တွေနဲ့ အတူတူပဲလို့ ထင်ကြတယ်။ fit model ဆိုတာ တကယ်အမှန်က ဘယ်လိုဟာမျိုးလဲလို့ တွေးတောင် မတွေးမိကြဘူး။ fit model ဆိုတာ ဘာလဲလို့ သိတဲ့သူတွေလည်း အတော်နည်းတယ်။ တချို့ကျတော့ ကိုယ်ကာယအလှ လေ့ကျင့်ခန်း ဗီဒီယိုမှာ သရုပ်ဆောင်ရတဲ့သူတွေလို့ ထင်ကြတယ်။
fit model ဆိုတာ အ၀တ်အစားဆိုင်တွေမှာ နမူနာဝတ်ပြဖို့ သုံးတဲ့ လူပုံအရုပ်တွေလိုပါပဲ။ အရုပ်က အသက်မရှိဘူး။ သက်ဝင်လှုပ်ရှားမှု မရှိဘူး။ fit model က သက်ဝင်လှုပ်ရှားမှုတွေ ရှိတဲ့အပြင် ၀တ်ဆင်ထားတဲ့အခါ ဘယ်လို ခံစားမိသလဲဆိုတာကို ပြောပြတတ်တဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီလို ပြောပြဖို့အတွက် အသိပညာတွေ သင်ယူရရှိထားဖို့ လိုတယ်။ အဲဒီလို သိထားတတ်ထားမှလည်း ဒီဇိုင်နာတွေ၊ pattern maker တွေ technical designer တွေကို အကြံပေး ပြောပြပြီး ကူညီပေးနိုင်မယ်။
အ၀တ်အစားရဲ့ fit အံဝင်ခွင်ကျ ဖြစ်မဖြစ်ကို ပြောပြမယ်။ ကိုယ်၊ လက်နဲ့ ခြေတွေ လှုပ်ရှားကြည့်ပြီး အဆင်ပြေတာ မပြေတာတွေကို ပြောပြမယ်။ အထည်သားက အရေပြားပေါ်မှာ ဘယ်လို အရသာမျိုးကို ပေးနေသလဲဆိုတာ ပြောပြမယ်။ ဒီဇိုင်းမှာ အီလပ်စတစ် elastic ရှုံ့ကြိုးနဲ့ ဆွဲကျုံ့ပေးထားတာ ပါနေရင်လည်း အဲဒီနေရာတွေမှာ ဘယ်လို ခံစားရသလဲ ပြောပြမယ်။ တကယ်လို့ ဒီဇိုင်းကို ဖော်ပေးထားတဲ့ အထည်သားက ကောင်းကောင်းအလုပ်မဖြစ်ဘူးဆိုရင်လည်း အထည်သား ပြောင်းသုံးသင့်ကြောင် ပြောပြမယ်။ ကျမက technical designer တွေနဲ့ လုပ်ကိုင်ဖူးတာတော့ fitting လုပ်တဲ့အခါ ဒီဇိုင်နာတွေ၊ ပက်တန်မိတ်ကာတွေကို ကျမ အကြံပေး ပြောပြပေးတာမို့ အဲဒီအတွက်ကြောင့် ကျမကို ငှားကြတယ်။ ကျမရတဲ့ အလုပ်အများစုဟာ ကျမက အဲဒီလို ပြောပြပေးနိုင်တာကြောင့် ကျမကို ငှားကြတာ ဖြစ်ပါတယ်။
ကိုယ်လုပ်တဲ့အလုပ် ကွက်ကွက်ကလေးနဲ့တင် ကျေနပ်နေလို့ မရဘူး။ ဘေးဘီမှာ ဆက်စပ်နေတာတွေကိုလည်း သင်ယူသိရှိထားမှ တန်ဖိုးအဆင့်တစ်ခု ရှိတဲ့သူ ဖြစ်မယ်။

Jaclyn Shuman က Fit Model အဖြစ် လုပ်ကိုင်ခဲ့တဲ့ ဖက်ရှင်လုပ်ငန်းနဲ့ ဖက်ရှင်ထည်အမျိုးအစားများ
Alexander Wang (denim, knits and T by Alexander Wang), Aerie for American Eagle (swim, underwear, bralettes and sports bras), Helmut Lang, Amsale, Mara Hoffman, Grey State, Byron Lars (dresses), Adore Me (intimates and swim), Love Shack Fancy, Hanley Mellon, Fleur Du Mal (swim and intimates), Under Armour, Haute Hippie, Heroine Sport, Ivory Row (cashmere sweaters), Kimora Lee Simmons, Cade, Beyond Vintage, Amuse Society (swim), Nicole Miller.


ကိုးကား Fashionosta

Read 2545 times
Rate this item
(0 votes)