What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်ဒီဇိုင်နာတို့အတွက် စက်ချုပ်နည်း(ဘလောက်၊ ပက်တန်)

အလျား အနံ အမြင့် သုံးခု ပါဝင်တဲ့ ခန္ဓာကိုယ်အတွက် အလျားနဲ့ အနံပဲ ပါတဲ့ ပြားချပ်ချပ် ပက်တန်ပုံစံတွေကို

သုံးပြီး အ၀တ်အစားတွေ ဘယ်လို ဖန်တီးပေးနေကြသလဲ။ သက်ဆိုင်သူ ကိုယ်ခန္ဓာ အချိုးအစား ပုံပန်းသဏ္ဌာန်နဲ့ လိုက်လျောညီထွေ အံကိုက်ဖြစ်အောင် ဘယ်လို ချုပ်လုပ်ပေးကြသလဲ။

အဲဒါတွေ အကောင်အထည်ဖော်ဖို့ ပက်တန်ကို အရင်ဆုံး ဖန်တီးကြတယ်။ ပြီးရင် ပက်တန်မှာ လိုအပ်တဲ့ အချက်အလက်တွေ ပြည့်ပြည့်စုံစုံ ဖော်ပြပေးဖို့ ဖက်ရှင်ဒီဇိုင်နာမှာဖြစ်ဖြစ် ပက်တန်ဖြတ်တောက်ဖန်တီးသူ creative pattern cutter မှာ ဖြစ်ဖြစ် တာဝန်ရှိတယ်။ ဒီဇိုင်းတစ်ခုအတွက် အချက်အလက်တွေ အကုန်လုံးကို ပက်တန်မှာ မှတ်တမ်းတင်ပေးလိုက်ရမှာ ဖြစ်ပါတယ်။

ဖက်ရှင်ဒီဇိုင်းတစ်ခုကို ချုပ်လုပ်တာဟာ ဆောက်လုပ်ရေး ဖြစ်ပြီး ပက်တန်ဖြတ်တောက်တာ pattern cutting ဟာ ဗိသုကာပုံစံထုတ်တာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေး မလာခင်မှာ ဗိသုကာဒီဇိုင်းက အရင်လာပါတယ်။

 

ပက်တန်နဲ့ ဘာတွေ ဆက်လက်လုပ်ကိုင်ကြသလဲ

ပက်တန်ရလာပြီးတဲ့နောက်မှာ အဦးဆုံးအစမ်းချုပ်ကြည့်ခြင်းကို ဆောင်ရွက်လိုက်ကြတယ်။ နမူနာ အထည်သားနဲ့ ချုပ်ကြတယ်။ ဈေးသက်သာတဲ့ အထည်သားကိုသုံးပြီး ချုပ်ကြည့်ကြတာ ဖြစ်ပါတယ်။ တွိုင် toile လို့ ခေါ်ကြတဲ့ အဲဒီအစမ်းချုပ်တဲ့ အ၀တ်အစားကို ချုပ်ဖို့ ဈေးသက်သာတဲ့ အထည်သားကို ရွေးချယ်တယ်လို့ ဆိုတာမှာ တကယ်ချုပ်မယ့် အထည်သားနဲ့ အနီးစပ်ဆုံးတူတဲ့ အထည်သားမျိုးကို ရွေးချယ် သုံးစွဲကြတာ ဖြစ်ပါတယ်။ ရက်လုပ်ထားပုံ၊ အလေးချိန်တို့ တူညီတဲ့ဟာမျိုးကို ရွေးချယ်တာ ဖြစ်ပါတယ်။

ပထမဆုံးတွိုင်က ချုပ်ပြီးသွားရင် ဘယ်လိုနေမလဲ ဆိုတာကို လက်တွေ့အားဖြင့် သိဖို့ လုပ်ကြတာ ဖြစ်ပါတယ်။ ပုံပန်းသဏ္ဌာန်၊ အမြင်စတိုင်လ်၊ အချိုးကျမကျ၊ အံကိုက်ဖြစ်မဖြစ် စတာတွေကို သိရတယ်။

အစမ်းချုပ်ကြည့်တာဖြစ်လို့ ချုပ်ရိုးတွေ သေသပ်ဖို့ မလိုဘူး။ အနားသတ်တာ အနားကွပ်တာတွေ မလုပ်ဘူး။

တွိုင်ကို လူပုံ ကော်ရုပ်မှာ ၀တ်ဆင်ပေးပြီး ကြည့်ရှုသုံးသပ်တယ်။ တတ်နိုင်ရင်တော့ သက်ရှိမော်ဒယ်ရဲ့ ကိုယ်ပေါ်မှာ ၀တ်ကြည့်ပြီး ကြည့်ရှုသုံးသပ်တယ်။

တစ်ခါတလေမှာ ဒုတိယအကြိမ် တွိုင်ထပ်လုပ်ဖို့ လိုအပ်တာမျိုး ရှိတယ်။

အဲဒီလို တွိုင်ချုပ်ကြည့်ပြီးရင် ပြင်သင့်တာ ပြင်ကြတယ်။ ပြီးရင် တကယ်ချုပ်မယ့် အထည်သားကို သုံးစွဲပြီး ချုပ်လို့ ရသွားပြီ။

အဲဒီအခါမှာ တကယ့်ချုပ်မယ့် အထည်သားနဲ့ အကြမ်းချုပ်ပြီး ဘယ်လို နေသလဲဆိုတာကို ကြည့်တယ်။ အဲဒီလို အံကိုက် ဖြစ်မဖြစ် လုပ်ကြည့်တာကို shell fitting အဆင့်လို့ ခေါ်ကြတယ်။ အနားကွပ်တာမျိုးလို့ အချောသတ် လုပ်ကိုင်တာတွေ မလုပ်ဘူး။ အဲဒီလို shell fitting လုပ်ပြီး ဒီဇိုင်နာက နည်းနည်းပါးပါး ပြုပြင်စရာ ရှိတာတွေကို တွေ့မြင်နိုင်ပြီး ပြုပြင်ပေးတယ်။ shell မှာ ကျေနပ်သွားပြီဆိုရင် အပြီးသတ် ချုပ်လုပ်မှုကို ဆက်လုပ်ပြီ။

.

ဘလောက်နဲ့ ပက်တန် ဘာကွာသလဲ

ဘလောက် block ဆိုတာကလည်း ပက်တန်တစ်မျိုးပါပဲ။ ကတ်ထူနဲ့ဖြစ်ဖြစ် ပလတ်စတစ်ပြားနဲ့ဖြစ်ဖြစ် လုပ်ထားပြီး အခြေပြုမယ့် ပုံပန်းသဏ္ဌာန်ကို အံကိုက်ဖြစ်စေဖို့အတွက် သိဖို့ လိုအပ်တဲ့ အသိပေးချက်တွေ အကုန်လုံး ဖော်ပြပေးထားတယ်။ ဥပမာ အင်္ကျီတစ်ထည်အတွက် လုပ်ထားတဲ့ ဘလောက်ဆိုရင် ၀တ်မယ့်သူ ကိုယ်အပေါ်ပိုင်းမှာ အံကိုက်ဖြစ်စေဖို့ အသိပေးရမယ့် အချက်တွေကို ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။ ဒီတော့ ၀တ်တဲ့ သူ သက်သောင့်သက်သာ ဖြစ်ဖို့ ပိုဆောင်းပေးထားရမယ့် အတိုင်းအတာ ease အတွက်က ဘယ်ရွေ့ဘယ်မျှ၊ ပုံဖော်ဖို့အတွက် ဒေါက်တွေ ထည့်ထားရင်လည်း ဘယ်နေရာမှာ ဘယ်လိုထည့်မယ်ဆိုတာ ပြသထားမှာ ဖြစ်ပါတယ်။

အခုခေတ်မှာ ပက်တန်ကို ကွန်ပျူတာဆော့ဖ်ဝဲနဲ့ ဖန်တီးပြီး ကွန်ပျူတာ ထိန်းချုပ်တဲ့ ဖြတ်စက်နဲ့ ပက်တန်ပြားကို ဖြတ်ယူကြတော့ ကတ်ထူနဲ့ လုပ်ကိုင်ဖို့ ခက်ခဲတာကြောင့် ပလတ်စတစ် အကြည်သားအမာနဲ့ စက်ပုံဖြတ် ပက်တန်တွေ ထုတ်လုပ်ကြတာကို MTG 2018 ပြပွဲမှာ တွေ့ခဲ့ဖူးတယ်။

အဲဒီဘလောက်က အခြေပြုမယ့် ပုံပန်းသဏ္ဌာန်ကိုပဲ ပြောပြနေတာဆိုတော့ ဖက်ရှင်ဒီဇိုင်းစိတ်ကူးနဲ့အညီ ဘယ်လိုပုံမျိုး ထွက်စေချင်တာလဲဆိုတာအတွက် အဲဒီဘလောက်ကို အခြေခံပြီး ပက်တန်ကို ရေးဆွဲကြတယ်။ အဲဒီအခါမှာ အပိုင်းတွေကို အနားစွန်းတွေ ထပ်ပြီး ချုပ်ရမှာမို့ ချုပ်သားအတွက် လိုအပ်တာကို ထပ်ဖြည့်ထည့်ပေးတယ်။

ဘလောက်ကို လိုအပ်သလို ပြုပြင်မွမ်းမံပြီး ပက်တန်အဖြစ်သို့ ပြောင်းလဲပေးကြတယ်။ အဲဒီမှာ စတိုင်ထုတ်ဖို့ လိုင်းတွေ ထည့်တာမျိုး၊ အိတ်ထောင်တွေကို ဘယ်နားမှာ ထားမယ်။ ဘယ်အရွယ်အစား၊ ဘယ်လိုပုံစံမျိုး စတာတွေ ပါလာမယ်။ ကော်လာကိုလည်း ဘယ်လို ကော်လာမျိုး သုံးမယ်ဆိုပြီး သတ်မှတ်ပေးမယ်။

နမူနာအဖြစ် လုပ်ငန်းစဉ်တစ်ခုကို ဖော်ပြအပ်ပါတယ်။

block to pattern

Read 5837 times
Rate this item
(2 votes)