What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Meghan Markle မင်္ဂလာဝတ်စုံ အတွင်းရေး

မင်းသားဟယ်ရီနဲ့ ထိမ်းမြားတဲ့ လက်ထပ်ပွဲမှာ ဆင်မြန်းခဲ့တဲ့ သတို့သမီးဝတ်စုံ ဒီဇိုင်းတူနေတဲ့ စွပ်စွဲချက် ပေါ်ပေါက်လာခဲ့ပါတယ်။ မရှေးမနှောင်းမှာပဲ အဲဒီ သတို့သမီး ၀တ်စုံကို ဘယ်လိုဖန်တီးခဲ့သလဲဆိုတဲ့အကြောင်းကို BAZAAR မှ မေးမြန်းတင်ပြထားတာ ထွက်ပေါ်လာခဲ့ပါတယ်။

စွပ်စွဲချက်
*******
Clare Waight Keller က Givenchy အတွက် လုပ်ကိုင်ပေးခဲ့တဲ့ Meghan ရဲ့ မင်္ဂလာဝတ်စုံဟာ သူ့ရဲ့ ကိုယ်ပိုင်ဒီဇိုင်းတစ်ခုနဲ့ အတော်တူနေတယ်လို့ ဒီဇိုင်နာ Emilia Wickstead က ဒေးလီးမေးလ် သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
“သူ့ဒီဇိုင်းက ကျမတိုရဲ့ ၀တ်စုံတစ်ခုနဲ့ တထေရာတည်း တူနေတယ်။ ဒီတော့ လူအတော်များများက အဲဒါ Emilia Wickstead ရဲ့ ၀တ်စုံလို့ ပြောနေကြတယ်”

လို့ သူက ပြောကြားခဲ့ပါတယ်။

Emilia Wickstead ဟာ နယူးဇီလန်နိုင်ငံသူ ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်ပြီး ဗြိတန်မှာ လာရောက် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

မေလ ၂၆ ရက်နေ့မှာတော့ သူမရဲ့ Twitter ကို ဘာကြောင့်မှန်း မသိရဘဲ account ရပ်ဆိုင်းတာ ခံရပါတယ်။

သူရဲ့ ဆင်ဆင်တူဝတ်စုံဟာ ရောင်းဈေး ပေါင် ၇,၀၀၀ ဖြစ်ပြီး Meghan ရဲ့ မင်္ဂလာဝတ်စုံက ပေါင် ၂၀၀, ၀၀၀ တန်ပါတယ်။

emilia wickstead dress

Emilia Wickstead ရဲ့ ၀တ်စုံ

 

လည်ပင်းပေါက် ဖောက်ပုံကအစ လက်ရှည်မှာ လေးပုံသုံးပုံအထိပဲ ရှိတာအဆုံး တူနေတယ်။
တစ်ချိန်တည်းမှာပဲ Meghan ၀တ်ထားတာ ကိုယ်ခန္ဓာနဲ့ အံကိုက်မဖြစ်ဘဲ ပွယောင်ယောင်း ဖြစ်နေတာကိုလည်း ဖက်ရှင်ဝေဖန်ရေးတွေက ထောက်ပြကြပါတယ်။

 

ဒီဇိုင်နာ ရှာပုံတော်
*********
၂၀၁၇ ခုနှစ် ဒီဇင်ဘာလလယ်မှာ Meghan က သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း သတို့သမီးရေးရာ ကျွမ်းကျင်သူ ဂျက်စီကာ (Jessica Mulroney)နဲ့အတူ မင်္ဂလာဝတ်စုံ ဒီဇိုင်နာ ရှာပုံတော် စဖွင့်ခဲ့ကြတယ်။
သတို့သမီးဝတ်စုံ စိတ်ကူး “bridal inspo” ကို အင်စတာဂရမ်နဲ့ ပင်းထရက်စ်တို့မှ ပုံတွေ ရယူပြီး စိတ်ကူးခဲ့ကြတယ်။ Inspo ဆိုတာက inspiration ကို ဖက်ရှင်လောက အသုံးအနှုန်းဖြင့် အတိုကောက် ပြောကြတာ ဖြစ်ပါတယ်။
ဂျက်စီကာရဲ့ အကူအညီဖြင့် ဖက်ရှင်တိုက်တွေကို ဆက်သွယ်ပြီး စကက်ခ်ျပုံကြမ်းတွေ တောင်းယူခဲ့ပါတယ်။ BAZAAR မှ မေးမြန်းတာကို ဂျက်စီကာက အခုလို ပြောပြခဲ့ပါတယ်။
“ဖက်ရှင်လောကထဲ နာမည်ကြီးတဲ့ ဒီဇိုင်နာတိုင်း စိတ်ထဲ ပေါ်သရွေ့ စာရင်းလုပ်ပြီး သတို့သမီးဝတ်စုံ ပုံကြမ်းကို တောင်းခံခဲ့တယ်။ Burberry, Ralph and Russo, Erdem, Roland Mouret, Stella [McCartney] စတာတွေပေါ့”

 

clare waight keller


အဲဒီအထဲမှာ အသက် ၄၇ နှစ် ရှိသူ ကဲလာ (Waight Keller) ကို အနှစ်သက်ဆုံး ဖြစ်ကြတယ်။ သူက ၂၀၁၇ ခုနှစ်မှာ Givenchy ဖက်ရှင်တိုက်ရဲ့ artistic director အဖြစ် ရွေးချယ်ခန့်အပ်ခံရပြီး Givenchy ဖက်ရှင်တိုက်ရဲ့ သမိုင်းကြောင်းမှာ အဲဒီရာထူးကို အမျိုးသားတွေကိုသာ ပေးလေ့ရှိပြီး အခု ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
Meghan ဟာ Givenchy ရဲ့ fan ဖြစ်ခဲ့တာ နှစ်ပေါင်း အတော်ကြာပါပြီ။ ဒါပေမဲ့ Givenchy က ပြင်သစ်ဖက်ရှင်တိုက် ဖြစ်နေတယ်။ သူ့အနေဖြင့် ဗြိတိသျှ ဖက်ရှင်တိုက်ကို ရွေးချယ်မှ သင့်တော်မယ်။ အဲဒီအချက်ကို ကျော်လွှားလိုက်တာက ကဲလာက ဗြိတိသျှ ဖက်ရှင်ဒီဇိုင်နာ ဖြစ်နေတာပဲ ဖြစ်ပါတယ်။
အီးမေးလ်တွေ အပြန်အလှန် ပေးပို့ကြပြီး ကနေဒါနိုင်ငံ တိုရန်တိုမြို့မှာ နေထိုင်တဲ့ ဂျက်စီကာက Meghan နဲ့ ဒီဇိုင်နာ ကဲလာတို့ လန်ဒန်မြို့မှာ ခရစ်စမတ်မတိုင်ခင် တွေ့ဆုံကြဖို့ ရက်ချိတ်ပေးခဲ့ပါတယ်။
ကဲလာက စကက်ခ်ျတွေ ယူလာတယ်။ နာရီဝက်ဝန်းကျင်ကြာ ပြောဆိုတိုင်ပင်ကြတယ်။ Meghan က ပြသတာတွေ ပြောပြတာတွေကို ချက်ချင်း သဘောကျသွားတယ်။
ကဲလာက
“ကျမ အထင်ကို ပြောရရင် သူက ကျမ လုပ်ထားတာတွေကို မြင်နေကျ ဖြစ်ပုံရတယ်။ ကျမ လုပ်ကိုင်ခဲ့တာတွေကိုလည်း သိထားပုံရတယ်။ ပြီးတော့ ကျမက ဗြိတိသျှဒီဇိုင်နာတစ်ဦးဖြစ်ပြီး အခန့်အထည် လှတပတစတိုင်လ်တွေ လုပ်တဲ့ Givenchy ဖက်ရှင်တိုက်မှာ လုပ်နေတဲ့သူ ဖြစ်နေတယ်။ Givenchy က ဂန္ထ၀င် အဆင့်ရှိတဲ့ ဖက်ရှင်တိုက် မဟုတ်လား”
လို့ ပြောပြပါတယ်။
ဇန်န၀ါရီလ ၁၁ ရက်မှာ သူတို့နှစ်ဦး ဒုတိယအကြိမ် တွေ့ဆုံကြတယ်။ အဲဒီမှာ Meghan က ဘယ်ဒီဇိုင်းကို ရွေးချယ်သလဲဆိုတာ အဆုံးအဖြတ် ပေးလိုက်တယ်။ အခုလို လုပ်ကိုင်တာတွေကို ထိပ်တန်းလျို့ဝှက်အဖြစ် နှုတ်လုံရတယ်။ ကဲလာက သူ့မိသားစုကို တောင် ဖွင့်မပြောခဲ့ဘူး။ မင်္ဂလာဝတ်စုံကို လူထုက မြင်ပြီးချိန်ကျမှ ထုတ်ဖော်ပြောကြားခဲ့တယ်။
အဲဒီအရည်အချင်းက လေးစားစရာပဲ။ ကျမသာဆိုရင် ၀မ်းသာလုံးစို့ပြီး တစ်ယောက်ယောက်ကိုတော့ ပြောမိကြွားမိမှာပဲ။
ကဲလာကလည်း ၀မ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ပါတယ်။
“ထူးကဲတဲ့အခိုက်အတန့်ပါပဲ။ မယုံနိုင်စရာ ဖြစ်မိရတယ်။ ကျမဘ၀တစ်လျှောက်ရဲ့ သမိုင်းတွင်တဲ့ အခိုက်အတန့်တစ်ခုပါပဲ။ အခုလို လုပ်ကိုင်ခွင့်ရတာ . . .”
အဲဒီနောက်ပိုင်းမှာ ဒီဇိုင်းပုံကြမ်းတွေ ပေးပို့၊ ပြန်ပေးပို့နဲ့ သူတို့နှစ်ဦးအကြား အီးမေးတွေ အသွားအလာ ရှိခဲ့တယ်။ စာရိုက်ပြီး ပို့တယ်။ ဖုန်းနဲ့ တိုင်ပင်တယ်။ လူချင်းတွေ့ပြီးတော့လည်း ညှိနှိုင်းခဲ့ကြတယ်။
“အစပိုင်းမှာတော့ ဟိုပြောင်းဒီပြောင်းတာလေးတွေ ရှိတယ်။ ဒါပေမဲ့ ခပ်မြန်မြန်ပဲ နောက်ဆုံး အတည်ပြုဒီဇိုင်းကို ရလိုက်ကြတယ်”
ကဲလာက အလုပ်လုပ်တဲ့မိခင်တစ်ဦး ဖြစ်တာမို့ အလုပ်တာဝန်တွေအပြင် အမြွာသမီး နှစ်ယောက်နဲ့ သားတစ်ယောက်တို့အတွက် မိခင်တာဝန်၊ အိမ်ထောင့်တာဝန်တွေလည်း ရှိနေတဲ့ကြားမှာ အခုလို အတည်ပြုချက် မြန်မြန်ဆန်ဆန် ရလိုက်တော့ အဆင်ပြေသွားတယ်။

 

link flat sketch

 

 

 

link fashion sketch


Meghan က ကဲလာကို လာတွေ့ရင် အများသူငါ စီးတဲ့ ကားမျိုးနဲ့လာတယ်။ ကိုယ်ရံတော်အစောင့် မပါဘူး။ သိုသိုသိပ်သိပ်ဖြင့် လုံခြံရေးမပါဘဲ လာတွေ့တယ်။ တစ်ခါမှာ လာတွေ့ပြီး တိုင်ပင်ကြတာ ၂ နာရီကျော် ကြာတယ်။ သုံးစွဲမယ့် အထည်သားတွေကို ချုပ်ပြီးရင် ထွက်လာမယ့် ၀တ်စုံပုံတွေနဲ့ ချင့်ချိန်ရွေးချယ်ပေးတယ်။ အကြမ်းနမူနာ ချုပ်ထားတာတွေကို ၀တ်ကြည့်တယ်။ နောက်ဘိတ်ဆုံး ဆုံးဖြတ်ချက်ကို ပေးတယ်။

sketch 1
ကဲလာက အဖွဲ့နှစ်ဖွဲ့ ဖွဲ့ပြီး လုပ်ကိုင်တယ်။ ပါဝင်သူတွေအားလုံး မပေါက်ကြားစေဖို့ သဘောတူ စာချုပ် nondisclosure agreement ချုပ်ဆိုကြရတယ်။ တစ်ဖွဲ့က ပြင်သစ်နိုင်ငံ ပါရီမြို့မှ Givenchy ရဲ့ အလုပ်ရုံမှာ လုပ်ကိုင်တယ်။ ကျန်တစ်ဖွဲ့က ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ လုပ်ကိုင်တယ်။ အလုပ်ရုံတစ်ခုက အ၀တ်အစားကို တာဝန်ယူတယ်။ ကျန်တစ်ခုက မျက်နှာကာ ဇာပါးလွှာ အရှည်ကြီးကို တာဝန်ယူတယ်။
ဗြိတိသျှ ဓနသဟာယအဖွဲ့မှာ နိုင်ငံ ၃၅ နိုင်ငံ ပါဝင်တာကို မျက်နှာကာဇာပါးလွှာမှာ ပန်းပွင့် ၃၅ ပွင့်ဖြင့် ကိုယ်စားပြုပေးထားတယ်။ မင်းသားဟယ်ရီကို Commonwealth Youth Ambassador အဖြစ် ဘုရင်မကြီးက ခန့်အပ်ထားတာ သိပ်မကြာသေးဘူး။
“ဘုရားရှိခိုးကျောင်းရဲ့ မင်းလမ်းမှာ သူနဲ့အတူ ၃၅ နိုင်ငံ အတူလိုက်ပါလာတဲ့သဘောကို ဖော်ကျူးပါတယ်”
နောက်ထပ် နှစ်ပွင့် အပိုပါသေးတယ်။
တစ်ပွင့်က သူတို့မောင်နှံ နေထိုင်တဲ့ Kensington Palace ရဲ့ ရှေ့ဖက်မျက်နှာစာမှ စိုက်ပျိုးထားတဲ့ Wintersweet ပန်းပွင့်ဖြစ်ပါတယ်။
ကျန်တစ်ပွင့်က Meghan ရဲ့ ဇာတိရပ်မြေ ပြည်နယ်ရဲ့ ပန်းအဖြစ် တရားဝင် သတ်မှတ်ထားတဲ့ California poppy ဖြစ်ပါတယ်။
ငါးမီတာ (၁၆ ပေကျော်) ရှည်လျားတဲ့ ပိုးဇာပ၀ါရှည်ရဲ့ အနားသတ်မှာ ပန်းပွင့်တွေ တပ်ဖို့ အကြည်သားအထည်စပေါ်မှာ ပန်းပွင့်တွေ အရင်ဖန်တီးကြရတယ်။ ပြီးမှာ ဇာလွှာပါးမှာ တပ်ဆင်ကြတယ်။ အဲဒါ အလုပ်လုပ်ချိန် နာရီ ၅၀၀ အပြင်းအထန် လုပ်ကိုင်ကြရတယ်။ အ၀တ်အစားကို ကြာဖြူရောင် နှစ်ထပ်ပိုးထည်ပိတ်သားနဲ့ ချုပ်ရတာထက် အချိန်ပိုကြာတယ်။ လက်ကနေတစ်ဆင့် မပေကျံအောင် ဇာပန်းထိုးတဲ့သူတိုင်း နာရီဝက်ကို တစ်ကြိမ် လက်ဆေးကြရတယ်။

train end

 

ကဲလာနဲ့ Meghan တို့ မတ်လထဲမှာ တစ်ကြိမ် ထပ်တွေ့ကြတယ်။ Kensington Palace မှာ ကဲလာ သွားတွေ့ရတယ်။ အပြီးသတ် ပုံပေါ်စပြုနေပြီဖြစ်တဲ့ သတို့သမီးဝတ်စုံ အသေးစိတ် ဓာတ်ပုံတွေ ပြသတယ်။ အင်္ကျီလက် အရှည်အတိုကို အမျိုးမျိုး ပြောင်းကြည့်ကြပြီး နောက်ဆုံးမှာ လက်ကောက်ဝတ်အထိ မထားဘဲ လေးပုံသုံးပုံအထိပဲ ထားဖို့ သဘောတူကြတယ်။
မမြင်သာအောင် ချုပ်ထားတဲ့ ချုပ်ရိုး ခြောက်ကြောင်းက နောက်ဘက်မှာ ရှိတဲ့ ရေကသီအထိ ရောက်တယ်။
အလုပ်ရုံနှစ်ခုမှာ ခွဲပြီး လုပ်ကိုင်ထားတာတွေကို ဧပြီလဆန်းမှာ လန်ဒန်မြို့မှ အလုပ်ရုံမှာ ပေါင်းစည်းပေးလိုက်ကြတယ်။ ကိုယ်ပေါ်တင်ကြည့်ပြီး အကျဉ်းအကျယ် ချိန်ညှိပေးတာကို သုံးကြိမ် လုပ်တယ်။

မေလကုန်မှာ ချုပ်လုပ်ပြီးစီးသွားပြီ ဖြစ်တဲ့ ၀တ်စုံကို Windsor Castle ကို ပေးပို့တယ်။ ကိုယ်ပေါ်တင်ကြည့်ပြီး အကျဉ်းအကျယ် နောက်ဆုံးအကြိမ် ချိန်ညှိတာကို လုပ်တယ်။ ပြီးတဲ့အခါမှာ ဘုရင်မကြီး ရဲ့ အတည်ပြုချက် ရယူရမယ့် အဆင့်ကိုရောက်တယ်။ 

sketch 2

ဘုရင်မကြီး ရှေ့တော်မှောက်မှာ ၀တ်ပြပြီး အကြံပေးချက်တွေနဲ့အတူ အတည်ပြုချက်ကို ရယူခဲ့တယ်။
Cliveden House Hotel Meghan ယာယီတည်းခိုပြီး သတို့သမီးဝတ်စုံဖြင့် မင်္ဂလာပွဲ ကျင်းပမယ့် ဘုရားရှိခိုးကျောင်းကို သွားရမှာ ဖြစ်ပါတယ်။ မေလ ၁၈ ရက်မှာ အဲဒီဝတ်စုံကို Cliveden House Hotel ကို ပေးပို့လိုက်ပါတော့တယ်။
ချက္က၀ါ

walk

Read 11547 times
Rate this item
(1 Vote)