What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Lynn Fashion Place ဆိုင်ဖွင့်လှစ်ထားတဲ့ လင်းဇာနည်ဇော်

Lynn Fashion Place ဆိုင်ဖွင့်လှစ်ထားတဲ့ လင်းဇာနည်ဇော် lin zarni zaw facebook

အနုပညာလုပ်ငန်းအပြင် ဖက်ရှင်ဆိုင်ပါလုပ်ကိုင်နေတဲ့ လင်းဇာနည်ဇော်အား စီးပွါးရေးလုပ်ငန်းများကြောင်းမေးမြန်းထားပါတယ်။ 

လက်ရှိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်း
Lynn Fashion Place ဆိုတဲ့နာမည်နဲ့ ဖက်ရှင်ဆိုင်လေးဖွင့်ထားပါတယ်။ ၂၀၁၆ ၁လပိုင်း ၂၄ ရက်နေ့က ဖွင့်ခဲ့တာပါ။

စိတ်ကူးအစရခဲ့ပုံနှင့် ပြင်ဆင်ခဲ့ရပုံများ
အနုပညာအလုပ်ဆိုတာက ရေရှည်မတည်မြဲတဲ့အလုပ်၊ အထူးသဖြင့် ကိုယ်ဆိုရင်လူငယ်ပိုင်းမဟုတ်တော့ဘူး လူကြီးပိုင်းရောက်သွားပြီဆိုတော့  ဒီအနုပညာအလုပ်တစ်ခုတည်းနဲ့ မရတော့ဘူး။ အနုပညာကိုဝါသနာအရပဲ လုပ်ရတော့တယ်။ ၀မ်း
စာအတွက်က အပြင်စီးပွားရေးတစ်ခုခု လုပ်သင့်တယ်လို့ စိတ်ထဲမှာ သဘောပေါက်လာတယ်။ အပြင်စီးပွားရေးကျပြန်တော့လည်း တစ်မျိုးလုံးက အနုပညာမျိုးရိုးဖြစ်နေတော့ ကျန်တဲ့စီးပွားရေးဆိုရင် လုံးဝကိုနားမလည်ဘူး။ ဒီဖက်ရှင်ဆိုင်လေးနဲ့ သူဌေးဖြစ်မလားဆိုတော့လည်း မဖြစ်နိုင်ပါဘူး၊ ဒီစီးပွားရေးလောကထဲကို ပထမဆုံးခြေလှမ်း စပြီး ဝင်ကြည့်ချင်တာရယ်၊ ပစ္စည်းဝယ်တာဆိုရင်လည်း အနုပညာသမားတွေနဲ့ အနီးစပ်ဆုံး၊ ကိုယ့်ကိုယ်ကိုယ်လည်း လှအောင်ပြင်သလို၊ လာဝယ်တဲ့ Customer တွေကိုလည်း လှလှပပ မြင်နေရရင် စိတ်ချမ်းသာတဲ့အတွက် ဒီသေးတဲ့အလုပ်လေးနဲ့ စပြီး ပထမဆုံးခြေလှမ်းအနေနဲ့ စခဲ့တာပါ။ ဆိုင်ဖွင့်ဖို့ Idea ရသွားတာက သမီးလေးက သြစတြေးလျမှာ ကျောင်းတက်နေတာဆိုတော့ သူနဲ့ ၃လ သြစတြေးလျမှာ လိုက်နေရတယ်။ သူကျောင်းသွားတဲ့အချိန်ဆို ကိုယ်ကဘာလုပ်ရမှန်းမသိဘူး၊ အဲလိုနေရင်းကနေ ပစ္စည်းတွေဝယ်ရင်းက လက်လွန်သွားတယ်။ အဲဒီမှာ စဉ်းစားမိတာ ကိုယ်ပြန်တဲ့အခါ ဒီလိုမျိုးဆိုင်လေးဖွင့်ရင် ကောင်းမှာပဲဆိုပြီး ချက်ချင်းကောက်ဖွင့်ပစ်လိုက်တာ။ ကိုယ်ကတစ်ခုခုဆိုကြာသွားရင် သွေးအေးသွားတတ်တော့ ရောက်တာနဲ့အမြန်ဆုံးပဲဖွင့်ပစ်လိုက်တာ။

လုပ်ငန်းစတင်ခဲ့ပုံနှင့် ကြိုးစားခဲ့ရမှုများ
ကိုယ်က စီးပွားရေးကြီးကြီးမားမားလုပ်ချင်ပေမဲ့ ကိုယ့်တစ်နိုင်လေးနဲ့စလုပ်ရမှာဖြစ်တယ်၊ ပြီးတော့ ကိုယ့်ချွေးနှဲစာလေးနဲ့ ရထားတဲ့ပိုက်ဆံကို ဒီအတိုင်းမထားချင်တော့ ကိုယ်နိုင်သလောက်၊ ကိုယ်ဉာဏ်မီသလောက်လေးနဲ့ စဖြစ်ခဲ့တာပါ။ ဒီတစ်ခုတည်းနဲ့တည်း တင်းတိမ်လို့မရသေးပါဘူး။ ကြိုးစားရဦးမှာပါ။ ဆိုင်က ကိုယ့်ခြံထဲမှာပဲ ဖွင့်တာဖြစ်တဲ့အတွက် Shopping Mall တွေလို၊ လမ်းမပေါ်မှာဖွင့်ထားတဲ့ ဆိုင်တွေလိုတော့ စည်ကားမနေဘူး။ အဓိကအိမ်မှာတွဲပြီး ဖွင့်ဖြစ်တာကတော့ အဖေက ကျန်းမာရေးမကောင်းတဲ့အတွက် အဖေနားမှာလည်း အနီးကပ်ပြုစုလို့ရအောင်၊ ဆိုင်လခလည်း မရှိတဲ့အတွက် ပစ္စည်းတွေရဲ့ဈေးကို အများကြီးမတင်ထားတဲ့အတွက် ကိုယ့်အတွက်ရော၊ လာဝယ်တဲ့သူအတွက်ရော အဆင်ပြေစေပါတယ်။

ကြုံတွေ့ခဲ့ရသောအခက်အခဲများ၊ အားသာချက်နဲ့ အားနည်းချက်
ကိုယ်လုပ်တဲ့အလုပ်က အနုပညာအလုပ်ဆိုတော့ ကိုယ့်ကိုဘေးနားက ကူညီမယ့်သူတွေ ရှိတယ်၊ ကိုယ်က သရုပ်ဆောင်ဆိုလည်း သရုပ်ဆောင်လိုက်ရုံပဲ၊ စီပွားရေးလုပ်တဲ့အခါကျတော့ Shopping ထွက်တဲ့အခါ စီးပွားရေးလုပ်တာဖြစ်တဲ့အတွက် စီးပွားတွက်တွက်ရတယ်၊ ကိုယ့်ဘာသာကိုယ်ရှာရတယ်၊ ကိုယ့်ဘာသာကိုယ်သွားရတယ်၊ ကိုယ့်ဘာသာကိုယ်သယ်ရတယ်၊ မနက်ကနေ ညနေထိထွက်ပြီး ဘာအသစ်တွေရောက်နိုင်မလဲ ကြည့်ရတယ်၊ လက်တွေကို သွေးချေဥမတတ်ဆွဲရ 
တယ်၊ အဲဒါတွေကတော့ အနုပညာသမားနဲ့ စီးပွားရေးစလုပ်တဲ့အချိန် ကွာခြားချက်ပေါ့။ အားသာချက်ဆိုရင် အနုပညာသမားတစ်ယောက် ဖြစ် တဲ့အတွက် ချစ်တဲ့သူရှိသလို၊ မုန်းတဲ့သူလည်းရှိတယ်၊ ချစ်သူတဲ့သူဆိုလည်း ဘယ်သူဖွင့်ထားတဲ့ ဆိုင်ပဲ၊ သွားအားပေးဦးမှ ဆိုတာမျိုးရှိတယ်၊ အားနည်းချက်ဆိုရင်တော့ ဒီဆိုင်တစ်ခုတည်းကို အားစိုက်ပြီးမလုပ်နိုင်ဘူး၊ ကားရိုက်တာရှိရင်လည်း သွားရိုက်ရတယ်၊ သီချင်းဆိုစရာရှိရင်လည်းသွားဆိုရတယ်ဆိုတော့ ဆိုင်ကိုအမြဲတမ်း မဦးစီးနိုင်ဘူး။ တချို့ Customer တွေဆိုရင် ဆိုင်ကိုလာတယ်၊ ကိုယ်နဲ့တွေ့ချင်လို့လာတယ်၊ ကိုယ်မရှိတဲ့အခါဆိုရင် နည်းနည်းမိတ်ပျက်သလိုတော့ ဖြစ်တာပေါ့၊  အဲဒီအတွက်ကိုလည်း ဒီကနေပြီး တောင်းပန်ပါတယ်။

ရှေ့ဆက်မည့် အစီအစဉ်များ
အခုအချိန်မှာ အသက်တစ်ဝက်လောက် ပြန်ငယ်ချင်တယ်လို့ သူငယ်ချင်းကို ပြောမိတယ်၊ ဒီစီးပွားရေးကိုဆိုရင် အသက် ၄၀ကျော်မှ လုပ်ဖို့ စိတ်ကူးရတယ်၊ ဒီဆိုင်လေးတစ်ဆိုင်နဲ့ အစပျိုးတာ နောင်တရမိတယ်။ စစချင်းတုန်းက ကိုယ်က ပိုးထည်ဆိုင်ဖွင့်ချင်တာ၊ ပိုးထည်ဖွင့်တဲ့သူငယ်ချင်းတွေကလည်း အားပေးတယ်၊ ဒါပေမဲ့ အခုနောက်ပိုင်း ပိုးထည်ဆိုင်တွေက ဖွင့်တာအရမ်းများတယ်။ ကိုယ်က ပိုးထည်ပိုင်းကို သိပ်နားမလည်တာလည်း ပါတယ်။ ပိုးထည်က ကိုယ့်ဒီဇိုင်းနဲ့ကိုယ် ဖောက်ထွက်နိုင်ရင် ပိုအဆင်ပြေတယ်။ ကိုယ်ကကျတော့ ပန်းချီပညာကိုမရတော့ အားနည်းမှာကို စိုးတယ်။ 

အခုတော့ဆိုင်မှာ ပိုးထည်ကို စမ်းပြီးတင်ထားတာ တင်တင်ချင်းမှာပဲ ရောင်းရတာ မဆိုးဘူးပြောလို့ရတယ်။ အခုလောလောဆယ်မှာ ဒီဖက်ရှင်ဆိုင် တစ်ဆိုင်လေးနဲ့ ကြိုးစားကြည့်နေတယ်။ အခုဆိုရင်  လူတော်တော်များများကလည်း မျက်စိပွင့်၊ နားပွင့်နေတာဆိုတော့ တော်တော်တော့ ကြိုးစားရတယ်။ ကိုယ့်ကိုမေတ္တာထားပြီး အားပေးတဲ့သူတွေ၊ ကမန်းကတမ်းလိုတဲ့ သူတွေလောက်ပဲ ၀ယ်ကြတာဆိုတော့ လုပ်ကြည့်နေတယ်။ ဒီဆိုင်လေးက အကျိုးပေးမဆိုးဘူးဆိုရင်တော့ ဆိုင်ခွဲလေးတွေ ထပ်ဖွင့်ဖြစ်မှာပါ။ ဒီဆိုင်ရဲ့ Facebook Page ကို သမီးရောက်တုန်း Lynn Fashion Place ဆိုပြီး ဖွင့်ပေးသွားတယ်။ ကိုယ့်ရဲ့ Facebook account ကနေလည်း သူငယ်ချင်းတွေ၊ အနုပညာအသိုင်း အ၀ိုင်းကသူတွေ လာအားပေးရင် တင်ပေးတော့ Customer တွေ ရောက်လာကြတယ်။

ကိုယ်ပိုင်စီးပွားရေးစတင်ချင်တဲ့ လူငယ်ပရိသတ် များအတွက် အကြံပြုချက်
အကြံပေးတယ်ဆိုတာထက် ကိုယ်တိုင်က ခြေလှမ်းသစ်အနေနဲ့ စလုပ်တာဆိုတော့ စိတ်ကူးလေးကိုပဲ ဝေမျှချင်တာက စီးပွားရေးအလုပ်ဆိုတာ အသက်ငယ်တယ်၊ ကြီးတယ်မဆိုင်ဘူး။ စောစောခြေလှမ်းလှမ်းပြီး စောစောစလုပ်မယ်ဆိုရင် စောစောအောင်မြင်ပါတယ်။ မြန်မြန်လုပ်လေ ကောင်းလေလို့ပဲ ပြောချင်ပါတယ်။

Lynn Fashion Place

အမှတ် - 1 D၊ သာယာရွှေပြည်ရိပ်မွန်၊ သာယာရွှေပြည်လမ်း၊ ၁၆ရပ်ကွက်၊ ရန်ကင်း။

source: people magazine

Read 1683 times
Rate this item
(1 Vote)