What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒါတွေ ရအောင်လုပ်ဖို့ လိုမယ် (၂) (ဖက်ရှင်ဒီဇိုင်နာ ရေရှည်ရှင်သန်ရေး လမ်းပြ)

ဖက်ရှင်ဒီဇိုင်နာတစ်ဦးရဲ့ ခရီးရှည်အစမှာ သူတစ်ပါးဆီမှာ လုပ်ကိုင်ရလေ့ရှိပါတယ်။

အဲဒီအခါမှာ ဘယ်လို အကျိုးကျေးဇူးတွေကို ဆွတ်ခူးရမလဲဆိုတာ ဆက်လက်ဖော်ပြပေးပါဦးမယ်လို့ ကတိပေးထားတဲ့အတိုင်း ယခု ဆက်လက်ဖော်ပြအပ်ပါတယ်

နာမည်ကောင်း
==========
လူသစ်တန်း ဒီဇိုင်နာတစ်ဦး သူ့မှာ ရှိတဲ့ ဒီဇိုင်းပညာ၊ ဒီဇိုင်းစိတ်ကူးစိတ်သန်းတွေနဲ့ စီးပွားရှာပြီဆိုရင် နာမည်ကောင်း ရှိဖို့ အရေးကြီးတယ်။ မလေးစားရင် နေပါ။ အထင်သေးမခံရဖို့ လိုတယ်။ ငွေရေးကြေးရေး၊ ရက်ချိန်းမှန်ခြင်း၊ လက်ရာသေသပ်ခြင်း၊ ချုပ်သားကောင်းခြင်း၊ ဆက်ဆံရေးပြေပြစ်ခြင်း စသဖြင့် အချက်အလက်အများအပြားတို့နဲ့ နာမည်ကောင်းဆိုတာကို ဖွဲ့တည်ထားတာ။ သတိပြုရမှာပါက အချက်တစ်ချက် ထိပါးသွားတာနဲ့ နာမည်ကောင်းကနေ နာမည်ပျက် ဖြစ်ဖို့ လွယ်တဲ့ဆိုတဲ့အချက် ဖြစ်ပါတယ်။
ဒီတော့ ထိတွေ့ဆက်ဆံရသူတိုင်းနဲ့ အဆင်ပြေရင် နာမည်ပျက်ဖို့ ဖြစ်လာရင်တောင် သူတို့က လျော့ပေါ့စဉ်းစားပေးလိမ့်မယ်။ ဒီတော့ ဆက်ဆံရေးဟာ အရေးပါတယ်။

ဆက်ဆံရေး
=======
အဆက်အသွယ်အကြောင်း ရှေ့မှာ တင်ပြခဲ့တယ်။ အဲဒီ အဆက်အသွယ်ကို စတင်ချိန်မှစလို့ ဆက်ဆံရေး အဆင်ပြေရင် အဲဒီ အဆက်အသွယ် ရေရှည်တည်တံ့မယ်။ ဖက်ရှင်လောကမှ မဟုတ်ပါဘူး။ စီးပွားရှာတဲ့ တခြားလောကတွေမှာလည်း ဆက်ဆံရေး ကောင်းဖို့ လိုအပ်တာပါပဲ။ ဖက်ရှင်လောကမှာလည်း ဆက်ဆံရေးကောင်းဖို့ လိုအပ်တယ်။ ဖက်ရှင်လောကဟာ ဆက်ဆံရေးအပေါ်မှာ အခြေပြုထားတော့ ပိုလို့တောင် လိုအပ်ပါတယ်။
လူတွေက လူအကြောင်းကို လေကုန်ခံပြီး ပြောကြတယ်။ လက်ညောင်းခံပြီး ဖေ့စ်ဘုတ်မှာ စာရိုက်တင်တယ်။ ရှယ်တယ်။ ကော်ပီပေ့စ် လုပ်တယ်။ ဒီတော့ ဆက်ဆံရေးကောင်းရင် ခင်ဗျားရဲ့ ကောင်းသတင်းကို သူတို့ ပြောကြလိမ့်မယ်။
အဲဒီသတင်းစကားလုံးတွေက ကြော်ငြာထည့်တာထက် ပျံ့နှံ့တာ ပိုမြန်တယ်။ ပိုယုံကြတယ်။ ဒီတော့ ဆက်ဆံရေး ရည်မွန်သူဖြစ်အောင် လေ့ကျင့်ထားပါ။ ဆိုးဝါးတဲ့ ပြုမူပြောဆိုခြင်းတွေ ရှိခဲ့ရင် ခင်ဗျားဆီ ပြန်ရောက်လာပြီး ခြောက်လှန့်ကြလိမ့်မယ်။
ဒီနေရာမှာ ကြားဖြတ်ပြောလိုတာက အချိန်ကို လေးစားဖို့ ဖြစ်ပါတယ်။ အချိန်ချိန်းဆိုထားတာ၊ ရက်ချိန်းပေးတာတွေကို လေးစားပါ။ အများနည်းတူ မိုးခါးရေ မသောက်ပါနဲ့။ အချိန်ကို လေးစားတဲ့သူမှာ တန်ဖိုးတစ်ခု ရှိတယ်။ တန်ခိုးတစ်ခုရှိတယ်လို့တောင် ပြောလို့ရလောက်တယ်။ တစ်ဖက်သား စိတ်ပျက်ရတဲ့အချက်ထဲမှာ အချိန်မလေးစားတာ အကြုံရဆုံးဖြစ်တာကို သတိချပ်သင့်တယ်။

နားထောင်ပေးပါ။
==========
အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေမှာ နားထောင်ပေးတတ်တဲ့အကျင့် ရှိတဲ့အပြင် နားထောင်ရဖို့အတွက် မသိမသာဖြင့် မေးမြန်းတတ်တဲ့အကျင့်လည်း ရှိတယ်။
ဘယ်သူဘယ်ဝါဖြစ်ဖြစ် နားထောင်ပေးပါ။ ပက်တန်မိတ်ကာ၊ အပ်ချုပ်သမား၊ စတိုးဆိုင်မှလူ၊ အလုပ်လာအပ်သူ စတာတွေနဲ့ ပတ်သက်နေရတယ်။ သူတို့ ပြောတာကို နားထောင်ပေးပါ။ သူတို့ ပြောဆိုတာတွေထဲမှာ ကိုယ်မသိသေးတာတွေ ပါနေတာကို သတိမူမိအောင် ဂရုစိုက်ပါ။ သူတို့ရဲ့ အတွေ့အကြုံတွေကို ကိုယ်လည်း တွေ့ကြုံနိုင်တယ်။ အကြံပြုတာ၊ ဝေဖန်တာ စိတ်ကို ဖွင့်ထားပြီး နားထောင်ပါ။ သင်ယူဖို့ အခွင့်အလမ်းတိုင်းကို ရယူပါ။

တံခါးကို ဖွင့်ထား
==========
ဟင့်အင်းဆိုတာကို မွန်မွန်ရည်ရည်ဖြင့် ငြင်းတတ်အောင် သင်ယူထားပါ။ တချို့သူတွေကို ယတိပြတ် လမ်းမခွဲပါနဲ့။ စပွန်ဆာ၊ အလှပြင်သမား စတဲ့သူတွေမှာ အခုအခါမှာ ခင်ဗျား လိုအပ်ဖို့အကြောင်း လုံးဝမရှိပေမဲ့ နောင်တစ်ချိန်မှာ လိုအပ်နိုင်တယ်။ ဒီလောကသား အားလုံးဟာ မကင်းနိုင်ကြသူတွေချည်းမို့ ပစ်ပစ်ခါခါ ဘယ်သောအခါမှ မလုပ်မိစေနဲ့။
ငယ်ရွယ်သူတို့ ဂုဏ်တက်ရင် တံခါးတွေ ပိတ်ပစ်လိုက်တတ်ကြတယ်။ အကျောကြီးနဲ့ ဆက်ဆံသူကိုတောင် တံခါးမပိတ်မိစေနဲ့။ နောင်တစ်ချိန် ပြန်ဖွင့်ပေးချိန်မှာ သူက တံခါးလာမခေါက်တော့ရင် ဘယ်နှယ့်လုပ်မလဲ။ ဆက်ဆံရေး ကြဲရင်တောင် အခင်အမင်တော့ မပျက်စေနဲ့။ ပညာရှိအမျက် အပြင်မထွက်နဲ့။ စကားများရတာတွေ၊ အချင်းများရတာတွေ ကြုံရရင်တောင် ကိုယ့်ဘက်ကစပြီး အခင်အမင် မပျက်စေနဲ့။
လိုက်လျောတတ်ဖို့လိုသလို အပေးအယူတွေလည်း လုပ်တတ်ဖို့ လိုတယ်။ စီးပွားရေး လုပ်တဲ့အခါ စကားမတည်တာတွေလည်း ကြုံရမယ်။ အလျှော့အတင်းတွေ၊ ဈေးဆစ်တာတွေလည်း ကြုံရမယ်။

မိတ်ဘက်လား ရန်ဘက်လား
================
ဒီဇိုင်နာ အသိုင်းအ၀ိုင်းမှာ ယှဉ်ပြိုင်မှုတွေ အလိုလို ဖြစ်ပေါ်လေ့ရှိတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ဖက်ရှင်ကို ၀ယ်ယူဝတ်ဆင်တဲ့သူက သူများတွေထက် သာချင်တယ်။ အနိုင်ရချင်တယ်။ သူပြိုင်ဆိုင်တာက ကိုယ့်ရဲ့ ဖက်ရှင်နဲ့ ပြိုင်နေတာ ဖြစ်နေလို့ ကိုယ်နဲ့လည်း သက်ဆိုင်သလို ဖြစ်နေစေတယ်။ အကြောင်းကြောင်းကြောင့် ယှဉ်ပြိုင်သလို ဖြစ်နေပြီဆိုရင် ရန်ဘက်အဖြစ် မရောက်စေနဲ့။ လောကသူလောကသား အချင်းချင်း တစ်ဦးကို တစ်ဦး ကူညီယိုင်းပင်းဖို့ကိုပဲ အသင့်ပြင်ထား။ ကိုယ်သိထားတာ ကိုယ်တတ်ထားတာတွေ ဆရာလုပ်သလို မဖြစ်ဘူးဆိုရင် မျှဝေပေးဖို့ အသင့်ရှိနေပါစေ။ ကိုယ့်အမှားပြုမိတာတွေကိုလည်း ဖုံးကွယ်မထားနဲ့၊ အလျဉ်းသင့်ရင် ပြောပြ။ တခြားသူတွေ သင်ခန်းစာ ယူကြပါစေ။ အခုဆိုရင် အသင်းလည်း ပေါ်ပေါက်နေပါပြီ။ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်လှုပ်ရှားပေးပါ။

အားသာချက်တွေ
=============
ဖက်ရှင်ဒီဇိုင်နာလောကမှာ မျှမျှတတရှိတဲ့ ဂိမ်းကို ကစားဖို့ မဖြစ်နိုင်ဘူး။ စန်းထတယ်ဆိုတာ ရှိတယ်။ တချို့ဒီဇိုင်နာတွေမှာ အားကောင်းတဲ့ အားသာချက်တွေ ရှိနေတယ်။ ဆိုပါစို့။ စဲလီတွေနဲ့ တရင်းတနှီးဖြစ်နေတဲ့သူနဲ့ မဖြစ်တဲ့သူ ခြေလှမ်းကြတာချင်းအတူတူ စဲလီတွေနဲ့ တရင်းတနှီး ဖြစ်နေတဲ့သူက ရှေ့ကို ပိုရောက်ဖို့ အခွင့်သာမယ်။
ဒီတော့ ကိုယ်က အားသာချက် ရှိတဲ့သူ ဖြစ်အောင် ချိန်ရွယ်ပြီး လျှောက်လမ်းဖို့ လိုတယ်။
ဘာသာစကား တတ်ကျွမ်းမှုဟာလည်း အရေးပါတယ်။ အင်္ဂလိပ်စကားတော့ အနည်းဆုံးအနေဖြင့် ပြောတတ်ဆိုတတ်ဖို့ လိုတယ်။ (သင်စရာတွေက များ၊ သင်လို့ကို မပြီးနိုင်တော့ဘူးလို့ မညည်းလိုက်ပါနဲ့) ၀ါးလုံးခေါင်းထဲ လသာနေလို့ မရတော့ဘူး။ အာဆီယံအဆင့်နယ်ပယ်မှာတော့ အနည်းဆုံး ကျင်လည်လာကြရပြီ။
ကြုံရာလူနဲ့ စကားလက်ဆုံကျအောင် ပြောတတ်တဲ့သူဆိုရင်လည်း သူက အဆက်အသွယ် အသစ်တွေ၊ မိတ်အသစ်တွေ ရနေတာဟာလည်း အားသာချက်ပဲ။
ကိုယ့်မှာ ဘာတော်တာရှိသလဲ။ အဲဒါကို အားသာချက်အဖြစ် ဘယ်လို သုံးမလဲ။ အဲဒီအားသာချက်ကို စူးစိုက်ထားလိုက်။
သူကတော့ ကံကောင်းတယ်ဆိုတာ မှန်သင့်သလောက်တော့ မှန်ပါတယ်။ ဒါပေမဲ့
နောက်ဆုံးမှာတော့ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးကြရတာပါပဲ။ ဒီတော့ အားသာချက်တွေ ရှိနေအောင် လုပ်ထားရင် ကံကောင်းနေနိုင်ပါတယ်။
တခြားသူ ကံကောင်းတာကြောင့် ကိုယ့်မှာ ကံမဆိုးနိုင်ဘူး။ သူကံကောင်းနေစေတဲ့ အကြောင်းရင်းတွေကို အတုယူပြီး ကိုယ်လည်းသူ့လို ကံကောင်းအောင် လုပ်လို့ရတာတွေ ရှိပါတယ်။ အကြံတူ နောက်လူသာစမြဲ ဆိုတဲ့အတိုင်း ကိုယ်က မွမ်းမံပေးပြီး သူ့ထက် သာအောင် လုပ်လို့ ရနိုင်ပါတယ်။
မသိမ်ငယ်နဲ့။ သိမ်ငယ်ရင် အာရုံတွေ ထွေပြားတယ်။
မေတ္တာစိတ်ကို မွေးတာဟာလည်း ကံကောင်းစေတဲ့ အားသာချက်ပဲ။ အမုန်းတွေ စိတ်နာတာတွေ စတဲ့အခါးတွေစားရင် အကျိုးမဖြစ်ထွန်းနိုင်ဘူး။
ကိုယ့်ကိုယ်ကိုယ် ကံကောင်းအောင် လုပ်ပါ။

စာနာကြည့်ပါ
========
ဖက်ရှင်ဒီဇိုင်နာတစ်ဦးဟာ ကိုယ့်စိတ်ကြိုက်စိတ်ကူးဖြင့် လုပ်ကိုင်ပြီး ဒီဇိုင်းထုတ်ပြီးတဲ့အခါ အဲဒီဖက်ရှင်ထည်ကို ၀တ်ဆင်ထားတဲ့အခါ ဘယ်လိုနေမလဲဆိုတာ အမြဲထည့်စဉ်းစားပါ။ သူ့နေရာမှာ ၀င်နေကြည့်ပြီး စာနာကြည့်ပါ။ ဒီဇိုင်းတစ်ခုကို စိတ်တိုင်းကျ အရင်ထုတ်ပြီးရင် လူတွေ ဘယ်လိုဟာကို ကြိုက်မလဲ။ နှစ်သက်မလဲ။ ဘာလိုဟာမျိုးကို မကြိုက်သလဲဆိုတဲ့အချက်ကို ထည့်စဉ်းစားကြည့်ပေးပါ။ ဥပမာအားဖြင့် သူက ဒါလေးတော့ ပြင်ပေးစေချင်တယ်ဆိုရင် ဘာကြောင့် အဲဒီလို လုပ်ထားရသလဲ အရင်ရှင်းပြပါ။ သူက လက်မခံရင် သူက ဖက်ရှင်ဒီဇိုင်းပညာကို ဘာမှ မသိမတတ်ဘဲ လာလုပ်ခိုင်းနေတယ်လို့ စိတ်ထဲ မဖြစ်မိစေနဲ့။ ကိုယ့်ရဲ့ မာန်မာနကို ခ၀ါချပြီး သူ ဖြစ်စေချင်တာကို လုပ်ပေးလိုက်ပါ။

 

ပထမဆုံး အဖွင့်တင်ပြချက် ဖတ်ရှုလိုပါက
အောက်ပါပုံကို တို့ထိပြီး သွားရောက်ဖတ်ရှုနိုင်ပါကြောင်း

ဖက်ရှင်ဒီဇိုင်နာ ရေရှည်ရှင်သန်ရေး လမ်းပြမိတ်ဆက်

button01

Read 1575 times
Rate this item
(0 votes)