What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရှင်ကျန်းက အမည်းစက်စွန်းတဲ့ ချည်ထည်တွေ - ဝိဂါအလုပ်သမားတွေကို အဓမ္မခိုင်းစေတဲ့ အထောက်အထားသစ်တွေ တွေ့

တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်းဒေသက သိန်းချီတဲ့ ဝိဂါနဲ့ တခြား လူနည်းစု မျိုးနွယ် အလုပ်သမားတွေကို ဝါစိုက်ခင်းတွေမှာ မညှာမတာ ခိုင်းစေမှုတွေ ရှိတယ် ဆိုတဲ့ အချက်အလက်သစ်တွေပါတဲ့ စာတမ်းကို ဘီဘီစီက တွေ့ရှိခဲ့ပါတယ်။

အွန်လိုင်းမှာ လတ်တလော ရှာဖွေတွေ့ရှိခဲ့တဲ့ စာရွက်စာတမ်းတွေအရ အလုပ်သမားတွေကို ဝါဆွတ်ခူးရာမှာ အတင်းအကြပ် ခိုင်းစေမှုတွေ ဘယ်လောက်တောင် ရှိနေတယ်ဆိုတာ ထင်ရှားလာစေပါတယ်။ ဒီဝါစိုက်ခင်းတွေဟာ ကမ္ဘာ့ ချည်ထည် ထုတ်ကုန် ငါးပုံ တစ်ပုံကို ထုတ်နေတဲ့ စိုက်ခင်းတွေ ဖြစ်ပြီး ဒါတွေကို နိုင်ငံတကာ ဖက်ရှင်လုပ်ငန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးနေတာလည်း ဖြစ်ပါတယ်။

 

အဲဒါနဲ့အတူ လူသန်းချီ ထိန်းသိမ်းထားတယ်လို့ ယူဆရတဲ့ နေရာအနှံ့က ထိန်းသိမ်းရေးစခန်းတွေက လူနည်းစု လူမျိုးတွေ အထည်အလိပ်လုပ်ငန်းတွေမှာ အတင်းအကျပ် ခိုင်းစေခံနေရတယ်ဆိုတာတွေကို သေချာ မှတ်တမ်းတင်ထားတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရကတော့ ဒါတွေကို ငြင်းဆိုလိုက်ပြီး ဒီစခန်းတွေဟာ အလုပ်အကိုင် အသက်မွေး သင်တန်းကျောင်းတွေ ဖြစ်တယ်လို့ အခိုင်အမာ ပြောပါတယ်။ ပြီးတော့ စက်ရုံတွေဟာလည်း ဆင်းရဲမွဲတေမှု ပပျောက်ရေး အစီအစဉ်မှာ ကိုယ်တိုင်ပါဝင်ချင်သူတွေ အတွက် ဒီအစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေတာလို့လည်း ဆိုပါတယ်။ ဒါပေမဲ့ အထောက်အထားသစ်တွေအရ တစ်နှစ်မှာ လူနည်းစု မျိုးနွယ် အလုပ်သမား ငါးသိန်းကျော်လောက်ဟာ ဝါသိမ်းရာသီမှာ အတင်းအကျပ် အခိုင်းခံနေရဖွယ် ရှိတယ်လို့ ဆိုပါတယ်။

 

"ဝိဂါလူမျိုးတွေဟာ ချည်ထည် ထုတ်လုပ်ရာမှာသာမက စိုက်ခင်းတွေမှာ ဝါသိမ်းရာမှာလည်း အတင်းအကျပ် ခိုင်းစေခံနေရတယ်ဆိုတာ ပထမဆုံး အထောက်အထား ရလာတာပါ။ ဒါကနေ အပြောင်းအလဲကြီး ဖြစ်လာစေလိမ့်မယ်လို့ ကျွန်တော်ကတော့ မြင်တယ်" လို့ သုတေသီ ဒေါက်တာ အက်ဒရီယန်ဇန်က ပြောပါတယ်။ သူဟာ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့က "ကွန်မြူနစ်ဝါဒရဲ့ အစတေးခံများ အထိမ်းအမှတ် ဖောင်ဒေးရှင်း"ရဲ့ အကြီးတန်းသုတေသီဖြစ်ပြီး ဒီမှတ်တမ်းမှတ်ရာတွေကို ရှာဖွေ တွေ့ရှိခဲ့သူ ဖြစ်ပါတယ်။

 

"ကျင့်ဝတ်နဲ့ညီတဲ့ ထုတ်ကုန်ရယူမှုကို အလေးထားသူတိုင်း တရုတ်ရဲ့ ဝါချည် ၈၅ ရာခိုင်နှုန်းနဲ့ ကမ္ဘာ့ဝါချည် ၂၀ ရာခိုင်နှုန်းကို ထုတ်နေတဲ့ ရှင်ကျန်းဒေသက ဖြစ်ရပ်ကို အသေအချာ လေ့လာဆန်းစစ်ပြီး အဲဒါကို ဆက် လက်ပိုက်ကြည့်နေမှာ မဟုတ်တော့ဘူး ဆိုတာကို ထုတ်ပြောကြဖို့ လိုပါတယ်"လို့ သူက ပြောပါတယ်။

 

စာရွက်စာတမ်း မှတ်တမ်းတွေ

အစိုးရရဲ့ အွန်လိုင်း မူဝါဒစာတမ်းတွေနဲ့ သတင်းတွေအရ ၂၀၁၈ ခုနှစ်မှာ အာ့ဆူးနဲ့ ဟိုတန်နယ်တွေက အလုပ်သမား နှစ်သိန်းတစ်သောင်းကျော်ကို ဝါလုပ်ငန်းကို စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ သူတို့တွေကို တရုတ် အစိုးရ လက်ရုံးတပ်ဖွဲ့ အဖွဲ့အစည်းဖြစ်တဲ့ ရှင်ကျန်း ဆောက်လုပ်ရေးနဲ့ ထုတ်လုပ်ရေး ကော်ပိုရေးရှင်းဆီကို ဝါစိုက်ခင်းတွေ ရိတ်သိမ်း ဆွတ်ခူးဖို့ လွှတ်ခဲ့တာပါ။ 

 

ဒီနှစ်မှာတော့ အာ့ဆူးက စိုက်ခင်းတွေအတွက် အလုပ်သမား ၁၄၂၇၀၀ လိုပါတယ်။ ဘယ်သူတွေကို လုပ်ငန်းခွင် ပို့သင့်တယ်ဆိုတဲ့ စည်းမျဉ်းတွေအတိုင်း ရွေးပို့တဲ့အတွက် လိုအပ်တဲ့ အရေအတွက်ကို ရပါတယ်။ ဘာသာရေး တားမြစ်မှုတွေကို မလိုက်နာသူတွေကို ဝါစိုက်ခင်း အလုပ်သမားတွေအဖြစ် ခိုင်းစေဖို့ ညွှန်ကြားထားချက်တွေ အရ ဒီမူဝါဒတွေဟာ ရှင်ကျန်းက ဝိဂါနဲ့ မွတ်ဆလင် လူမျိုးစုတွေကို အဓိက ရည်ရွယ်တယ် ဆိုတာကို ပြနေပါတယ်။

 

အစိုးရ ဝန်ထမ်းတွေက ဝါစိုက်ခင်းလုပ်ငန်းတွေနဲ့ သဘောတူစာချုပ်တွေ အရင်လက်မှတ်ထိုးပြီး ငှားရမ်း အလုပ်သမားအရေအတွက်၊ တည်နေရာ၊ နေရာထိုင်ခင်းနဲ့ လုပ်ခလစာတွေ သတ်မှတ်ပါတယ်။ ပြီးရင်တော့ ဝါကောက်တဲ့ အလုပ်သမားတွေ စိတ်ပါလက်ပါ အလုပ်လာလုပ်အောင် စည်းရုံးသိမ်းသွင်းပါတယ်။ ကူကာမြို့က အဆောက်အအုံ နေရာတစ်ခုကို သွားကြည့်နိုင်ဖို့ ဘီဘီစီက ကြိုးစားခဲ့ပါတယ်။ အဲဒီနေရာဟာ အစိုးရရဲ့ ပညာပေးစခန်းတစ်ခု ဖြစ်တယ်လို့ သီးခြားလွတ်လပ်တဲ့ လေ့လာသူတွေက ပြောနေတာပါ။

 

၂၀၁၇ ခုနှစ်တုန်းက ဆောက်ခဲ့တဲ့ အဲဒီ အဆောက်အအုံကို ဂြိုဟ်တုက ရိုက်ယူခဲ့တဲ့ ပုံတွေထဲမှာ အတွင်းပိုင်း လုံခြုံရေး တံတိုင်းကြီးတွေနဲ့ ကင်းစောင့် မျှော်စင်လို့ ယူဆရတဲ့ မျှော်စင်ကြီးတစ်ခုကို တွေ့ရပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ အဲဒီဘေးမှာ စက်ရုံအသစ်စက်စက်ကြီးတစ်ခု ပေါ်လာပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြီးပြီးသွားချင်းမှာပဲ ဂြိုဟ်တုရုပ်ပုံတွေထဲမှာ ထူးခြားတာတစ်ခု ပေါ်လာခဲ့ပါတယ်။

 

အဲဒါကတော့ အရောင်တူ ယူနီဖောင်းတွေ ဝတ်ထားပုံရတဲ့ လူတွေ အစုလိုက်အပြုံလိုက် အဲဒီအဆောက်အအုံ နှစ်ခုကြားမှာ လမ်းလျှောက်နေကြတဲ့ ပုံတွေဖြစ်တယ်လို့ သီးခြားလွတ်လပ်တဲ့ လေ့လာသူတွေက အတည်ပြုပါတယ်။ အဲဒီနေရာကို သွားလေ့လာတဲ့ ဘီဘီစီ သတင်းထောက်အဖွဲ့နောက်ကို ကားအတော်များများ နောက်ယောင်ခံ လိုက်နေတာ တွေ့ရပါတယ်။ အဆောက်အအုံနားတဝိုက်ကို ဘီဘီစီက ဓာတ်ပုံရိုက်ယူနိုင်ခဲ့ပါတယ်။

 

စက်ရုံနဲ့ လူတွေကို ထိန်းသိမ်းထားတယ်ဆိုတဲ့ စခန်းကို အခုတော့ စက်ရုံဝင်းကြီးတစ်ခုတည်းအဖြစ် ပေါင်းလိုက်ပုံရပါတယ်။ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးရဲ့ ကောင်းကျိုးတွေကို ချီးမွမ်းထားတဲ့ ဝါဒဖြန့် စာတွေကိုလည်း ဒီစက်ရုံကြီးမှာ ရေးထွင်းထားတာ တွေ့ရပါတယ်။ သိပ်မကြာခင်မှာပဲ ဘီဘီစီသတင်းထောက်အဖွဲ့ကို ဓာတ်ပုံရိုက်နေတာတွေ ရပ်ဖို့နဲ့ အဲဒီနေရာကနေ ထွက်သွားဖို့ နှင်ထုတ်ခံခဲ့ရပါတယ်။ ဒေသတွင်းက အစိုးရမီဒီယာ သတင်းအရ အစိုးရရဲ့ စည်းရုံးရေး အစီအစဉ်နဲ့ အလုပ်သမား ၃၀၀၀ အဲဒီစက်ရုံမှာ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

 

အဲဒါတွေနဲ့ ပတ်သက်တဲ့ ဂြိုဟ်တုပုံတွေကိုလည်း တွေ့ရပေမဲ့ အဲဒီထဲက လူတွေက ဘယ်သူဆိုတာနဲ့ အခုအချိန်မှာ စက်ရုံထဲက အခြေအနေတွေ ဘယ်လိုရှိမလဲဆိုတာတော့ အတည်ပြုဖို့ မဖြစ်နိုင်ပါဘူး။ ဒါတွေကို စက်ရုံကို တိုက်ရိုက်မေးပေမဲ့လည်း မဖြေပါဘူး။ 

 

ရှင်ကျန်းမှာ ဘီဘီစီရဲ့ ရုပ်သံရိုက်ကူးမှုတွေကိုလည်း ရဲတွေ၊ ဒေသ လှုံ့ဆော်စည်းရုံးရေးဝန်ထမ်းတွေနဲ့ တခြားသူတွေက တားမြစ်ခဲ့ပါတယ်။ ပြီးတော့ ဘယ်ကမှန်း မသိရသူတွေ၊ ကားတွေနဲ့ ကီလိုမီတာ ရာချီပြီး တောက်လျှောက် စောင့်ကြည့်တာ ခံရပါတယ်။

 

'ဆင်းရဲချိုးကပ်နေတဲ့' ရွာသားတွေက ပစ်မှတ်လို့ဆို

ရှင်ကျန်း ကူကာက စက်ရုံ

ထိန်းသိမ်းရေးခန်းတွေနဲ့ စက်ရုံတွေ အဆက်အစပ်ရှိတယ်ဆိုပေမဲ့ အဲဒီစခန်းတွေမှာ အထိန်းသိမ်း မခံရတဲ့ သူတွေဟာလည်း ရှင်ကျန်းက ဆင်းရဲမွဲတေမှု ပပျောက်ရေး အစီအစဉ်ရဲ့ အဓိက ပစ်မှတ်ထားခံရသူတွေ ဖြစ်ပါတယ်။ သူတို့တွေဟာ တရုတ်နိုင်ငံရဲ့ လုံခြုံရေးကိုခြိမ်းခြောက်နိုင်တယ်ဆိုတာထက် ပုံသွင်းပြုပြင်ဖို့ လိုအပ်သူတွေလို့ အမြင်ခံထားရပါတယ်။

 

စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သူ ဆင်းရဲသား မိသားစုတွေရဲ့ လူနှစ်သန်းကျော်ဟာ လုပ်ငန်းခွင်ဝင်ဖို့ မကြာခဏ စည်းရုံးလှုံ့ဆော် ခံကြရပါတယ်။ စည်းရုံးမှု အတော်များများမှာ စစ်စည်းကမ်းလို လုပ်ငန်းခွင် လေ့ကျင့်မှုတွေနဲ့ ဦးနှောက်မှိုင်းတိုက် ပညာပေး ခံကြရပါတယ်။ အခုထိ ရထားတဲ့ အထောက်အထားတွေအရ အဲဒီလို စည်းရုံးခံရသူတွေဟာလည်း ထိန်းသိမ်း လေ့ကျင့်ရေးစခန်းထဲက လူတွေလိုပဲ စက်ရုံတွေရဲ့ အလုပ်သမားရင်းမြစ်တွေ အဖြစ် အသုံးချခံရပါတယ်။ အထူးသဖြင့် ရှင်ကျန်းမှာ အပြိုင်းအရိုင်း ပေါ်လာတဲ့ အထည်အလိပ်စက်ရုံတွေမှာ လုပ်ကိုင်ကြရပါတယ်။

 

သတင်းအချက်အလက်တွေ အခုထက် ပိုသိရဖို့ လိုသေးပေမဲ့ လူနည်းစု လူမျိုးတွေဟာ ဝါခူးဖို့ စေလွှတ်ခံရတာ "ဖြစ်နိုင်တယ်"လို့ ဒီနှစ် ဇူလိုင်လမှာ အမေရိကန် အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေး ဌာန CSIS က သုံးသပ်ပါတယ်။ ဒေါက်တာ ဇန် ရှာတွေ့ခဲ့တဲ့ မှတ်တမ်းအသစ်တွေအရ အဲဒီလို အချက်အလက်တွေသာမက လူနည်းစုမျိုးနွယ်က လူအမြောက်အမြားကို စိုက်ခင်းတွေဆီ ပို့ခဲ့တဲ့ နောက်ကွယ်က နိုင်ငံရေး ရည်မှန်းချက်ကိုလည်း ထင်ထင်ရှားရှား ဖော်ထုတ်ပြခဲ့ပါတယ်။

 

ဝါခင်းကနေ သုခဘုံသို့

၂၀၁၆ ခုနှစ် သြဂုတ်မှာ ရှင်ကျန်း ဒေသ အစိုးရက "ဝါခူးသူတွေရဲ့ အတွေးအခေါ် အခြေခံနဲ့ မျိုးနွယ်စု ညီညွတ်မှု ပညာပေးတွေကို ခိုင်မာအောင် လုပ်ဖို့ "အရာရှိတွေကို ညွှန်ကြားခဲ့ပါတယ်။ ကျေးလက်က ဆင်းရဲချိုးကပ်နေတဲ့ ရွာသားတွေကို အလုပ်လုပ်တာ ဂုဏ်ရှိတယ်ဆိုတာ ပြပြီး ပြောင်းလဲပေးနိုင်ဖို့ ဝါခင်းတွေက အခွင့်အရေးပဲဆိုတဲ့ အချက်အလက်ကို ဒေါက်တာဇန် ရှာတွေ့ခဲ့တဲ့ ဝါဒဖြန့် စာတမ်းတစ်ခုအရ သိရပါတယ်။

 

ဝိဂါလူမျိုးတွေရဲ့ လူနေမှုနဲ့ ဓလေ့ထုံးစံတွေက ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို အတားအဆီးဖြစ်နေတယ်လို့ တရုတ်အစိုးရက မြင်နေတယ်ဆိုတာ အဲဒီ အသုံးအနှုန်းတွေက ထင်ဟပ်ဖော်ပြနေပါတယ်။ ဝါခူးတာရဲ့ ကောင်းကျိုးတွေကို ဝါဒဖြန့်တဲ့ နောက်ထပ်စာစောင်တစ်ခုမှာလည်း "အိမ်မှာပဲနေပြီး ကလေးတွေ စောင့်ရှောက်ချင်တယ်ဆိုတာ"က "ဆင်းရဲစေတဲ့ အဓိက အကြောင်းအရင်းပဲ"လို့ ဖော်ပြထားပါတယ်။

 

အစိုးရက ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မွေးမြူးရေးတိရစ္ဆာန်တွေ စောင့်ရှောက်ဖို့ ဗဟိုထိန်းချုပ်ကနေ စနစ်တွေနဲ့ ပံ့ပိုးပေးတာ ဖြစ်လို့ လူတိုင်း အပူအပင်မရှိ အလုပ်ထွက်လုပ်နိုင်တယ်လို့လည်း ဆိုပါတယ်။ ပြီးတော့ ဝါခင်းအလုပ်သမားတွေကို ပုံမှန် လုပ်ငန်းခွင်တွေလို မဟုတ်ဘဲ ဘယ်လို ထိန်းချုပ် စောင့်ကြည့်တယ် ဆိုတဲ့ အချက်အလက်တွေလည်း အများအပြား ရှိနေပါတယ်။

 

အာ့ဆူးဒေသက ဒီနှစ် အောက်တိုဘာရက်စွဲ တပ်ထားတဲ့ မူဝါဒ စာတမ်းမှာ ဝါခူးသူတွေကို အုပ်စုလိုက် ပို့ဆောင်ရမယ်၊ သူတို့ စား၊ အိပ်၊ သင်ကြား၊ အလုပ်လုပ်ချိန်တွေမှာ အရာရှိတွေ အတူရှိနေရမှာ ဖြစ်ပြီး ဝါသိမ်းချိန်တစ်လျှောက်လုံး မပြတ်တမ်း ပညာပေးနေရမယ်လို့ အမိန့်ထုတ်ထားပါတယ်။

 

မာမွတ် (အမည်လွှဲထား) ဆိုတဲ့ ဝိဂါလူငယ် တစ်ယောက်ဆိုရင် ရှင်ကျန်းကို မပြန်နိုင်ဘဲ အခု ဥရောပမှာ နေနေရပါတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ နိုင်ငံခြား ခရီးသွားမှတ်တမ်းက ပညာပေးစခန်းကို အပို့ခံရမယ့် အဓိက အချက်တစ်ခု ဖြစ်နေလို့ပါ။ သူ့မိသားစုနဲ့ ဆက်သွယ်တာကလည်း သူတို့အတွက် အရမ်းကို အန္တရာယ်များပါတယ်။

 

ဒါပေမဲ့ သူတို့ နောက်ဆုံး စကားပြောခဲ့ရတဲ့ ၂၀၁၈ ခုနှစ်မှာ သူ့အမေနဲ့ ညီမတို့ လုပ်ငန်းခွင်ထဲ အပို့ခံလိုက်ရပြီ ဆိုတာ သူကြားခဲ့ရပါတယ်။ သူ့ညီမကို အာ့ဆူးမြို့က အထည်စက်ရုံကို ပို့လိုက်တယ်၊ အဲဒီမှာ သုံးလနေရပြီး ပိုက်ဆံလည်း တစ်ပြားမှ မရဘူး လို့ သူက ပြောပါတယ်။

 

ဆောင်းတွင်းကျတော့ သူ့အမေက အစိုးရအတွက် ဝါကောက်ပေးရတယ်။ ရွာကနေ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း တောင်းတာ၊ အစိုးရ ဝန်ထမ်းတွေက အိမ်တိုင်းစေ့ လာတာလို့ သူက ပြောပါတယ်။ ထောင်ထဲပို့မှာ ဒါမှမဟုတ် တခြားတစ်နေနေရာကို ပို့မှာ ကြောက်လို့ လူတွေက လိုက်သွားကြရတယ်လို့ သူက ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ငါးနှစ်မှာ အဲဒီလို အိမ်ပေါက်စေ့ အရောက်လာတဲ့ စနစ်က ရှင်ကျန်းကို အဓိက ကြိုးကိုင် ထိန်းချုပ်တဲ့ နည်းလမ်း ဖြစ်လာပါတယ်။ လူနည်းစုမျိုးနွယ် အိမ်ထောင်စုတိုင်းရဲ့ အသေးစိတ် အချက်အလက်တွေကို အစိုးရဝန်ထမ်း သုံးသိန်းခွဲက စစ်စစ်ပေါက်ပေါက် ကောက်ယူခဲ့ကြပါတယ်။

 

လုပ်ကြံဇာတ်လမ်းသက်သက်

ရှင်ကျန်း ဝါစိုက်ခင်းတွေအတွက် တခြားခရိုင်တွေက ရာသီအလိုက် ရွှေ့ပြောင်း အလုပ်သမားတွေကို အားထားရလေ့ရှိပါတယ်။ ဒါပေမဲ့ ဝါခူးတာက တော်တော်ကြီး ပင်ပန်းတဲ့ အလုပ်ပါ။ ပြီးတော့ တခြားနေရာတွေမှာ ပိုကောင်းတဲ့ အလုပ်အကိုင်တွေနဲ့ လုပ်အားခတွေ တိုးတက်လာတာတွေကြောင့် လူတွေက ရှင်ကျန်းကို လာ အလုပ် မလုပ်ကြတော့ပါဘူး။

 

အခုတော့ အလုပ်သမားသစ်တွေကြောင့် အလုပ်သမား အခက်အခဲကိစ္စ ရှင်းနိုင်ပြီ ဖြစ်သလို စိုက်ပျိုးသူတွေ အတွက် အကျိုးအမြတ်တွေ တိုးလာတယ် ဆိုတာတွေကို အမွှမ်းတင်ပြီး ဝါဒဖြန့်ရေးသားတာတွေ လုပ်လာပါတယ်။ ဒါပေမဲ့ အရင်က တစ်ခါမှ ဝါမရိတ်သိမ်းဖူးကြသူတွေ ဘာလို့ ရုတ်တရက် ဝါခင်းတွေမှာ လာလုပ်သင့်သလဲဆိုတဲ့ တကယ့် အကြောင်းရင်းမှန်ကို ရှင်းပြထားတာမျိုးတော့ မရှိပါဘူး။

 

အဲဒီစာတွေထဲမှာ လုပ်ခ တစ်လကို အများဆုံး ယွမ် ငါးထောင် ( ၇၆၄ ဒေါ်လာ ) ရတယ်လို့ ဆိုပေမဲ့ မှတ်တမ်းတစ်ခု အရ ဝါခင်းအလုပ်သမား ၁၃၂ ယောက် လုပ်တဲ့ ရွာတစ်ရွာမှာ ပျမ်းမျှလစာ ယွမ် ၁၆၇၀ ( ၂၅၅ ဒေါ်လာ ) စီပဲ ရတယ်ဆိုတာ တွေ့ရပါတယ်။ လစာ ဘယ်လောက်ထိ ရတယ်ပဲ ဆိုဆို နိုင်ငံတကာ သဘောတူစာချုပ်တွေရဲ့ စည်းမျဉ်းတွေအရ အဲဒီအလုပ်သမားတွေဟာ အဓမ္မ ခိုင်းစေခံရတဲ့ အလုပ်သမားတွေလို့ပဲ သတ်မှတ်ခံရမှာ ဖြစ်ပါတယ်။

 

ရှင်ကျန်းမှာရှိတဲ့ လူမျိုးစုအကုန်လုံးက အလုပ်သမားတွေဟာ သူတို့ သဘောနဲ့သူတို့ အလုပ်ကို လွတ်လွတ်လပ်လပ် ရွေးကြတာဖြစ်ပြီး သူတို့သဘောနဲ့သူတို့ လုပ်ငန်းစာချုပ်မှာ ဥပဒေနဲ့အညီ လက်မှတ်ထိုးကြတာ ဖြစ်တယ်လို့ ဘီဘီစီက ပို့ခဲ့တဲ့ မေးခွန်းတွေကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖက်စ်ကနေတစ်ဆင့် ပြန်ဖြေပါတယ်။

 

ရှင်ကျန်းရဲ့ ဆင်းရဲမွဲတေမှုနှုန်းဟာ ၂၀၁၄ ခုနှစ်မှာ ၂၀ ရာခိုင်နှုန်းလောက်ကနေ ကျလာပြီး ဒီကနေ့မှာ ဆိုရင် ၁ ရာခိုင်နှုန်းကျော်ပဲ ရှိတယ်လို့ အဲဒီ တုံ့ပြန်စာမှာ ပါပါတယ်။ အတင်းအကျပ် ခိုင်းစေမှုတွေ ရှိတယ် ဆိုတာတွေဟာ အနောက်တိုင်းက လုပ်ကြံပြောဆိုမှုတွေ ဖြစ်တယ်လို့ အဲဒီစာက ဆိုပါတယ်။ ရှင်ကျန်းက မျိုးနွယ်စုတွေရဲ့ အပြုံးမျက်နှာတွေက အမေရိကန်က အလိမ်အညာတွေနဲ့ ကောလာဟလတွေကို အကောင်းဆုံး တုံ့ပြန်ချေဖျက်တဲ့အရာတွေပဲလို့လည်း ဆိုပါတယ်။

 

ဒါပေမဲ့ ကျင့်ဝတ်လိုက်နာပြီး ရေရှည်တည်တံ့တဲ့ စံချိန်စံညွှန်းတွေ နှိုးဆော်တဲ့ "ပိုကောင်းတဲ့ ချည်ထည် ကြိုးပမ်းမှု" ဆိုတဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုက ဘီဘီစီကို ပြောရာမှာတော့ "အလုပ်သမားတွေက လခကောင်းကောင်းရတယ်ဆိုတာတောင်မှ သူတို့တွေက ဒီအလုပ်ကို လွတ်လွတ်လပ်လပ် ရွေးထားတာ ဟုတ်ချင်မှဟုတ်မှာ"လို့ ဆိုပါတယ်။

 

ဒီသတင်းတွေနဲ့ ပတ်သက်ပြီး တရုတ်က ထုတ်ကုန်တွေကို ဆက်သုံးနေဦးမှာလားလို့ နိုင်ငံတကာက အထင်ကရ ဖက်ရှင်အထည်ကုမ္ပဏီ ၃၀ ကို ဘီဘီစီက မေးခဲ့ပါတယ်။ အဲဒီထဲမှာ Marks and Spencer၊ Next၊ Burberry နဲ့Tesco တို့ကပဲ ရှင်ကျန်းက ချည်ကုန်ကြမ်းတွေ မသုံးဖို့ တင်းကျပ်တဲ့ မူဝါဒချထားတယ်လို့ ဆိုပါတယ်။

 

အကျဉ်းစခန်းကြီးတွေ

ကော်လာမြို့ပြင်နားက ၂၀၁၅ ခုနှစ်တုန်းက ဟာလာဟင်းလင်း ဖြစ်နေတဲ့ နေရာတစ်ခုမှာ အခုတော့ ပညာပေး အကျဉ်းစခန်းကြီးတစ်ခုကို တွေ့ခဲ့ရပါတယ်။ သီးခြားလွတ်လပ်တဲ့ လေ့လာသူတွေကတော့ အဲဒီအထဲမှာ စက်ရုံတွေ အများကြီး ရှိတယ်လို့ ပြောနေကြပါတယ်။ အဲဒါက ဒီလုပ်ငန်းခွင်ကြီးကို ပြင်ပက ပထမဆုံးရတဲ့ပုံ ဖြစ်မယ်လို့ ယူဆရပါတယ်။

 

ဒီအဆောက်အအုံဝန်းကြီးဟာ ရှင်ကျန်းဒေသက နေရာအတော်များများမှာ ပေါ်ထွက်လာနေတဲ့ အဆောက်အအုံဝန်းကြီးပေါင်းများစွာထဲက တစ်ခုသာ ဖြစ်ပြီး လူတွေကို အစုလိုက်အပြုံလိုက် ထိန်းသိမ်းထားတဲ့ အကျဉ်းစခန်းကြီးလား၊ အလုပ်သမားတွေ အစုလိုက်အပြုံလိုက် ခိုင်းစားနေတဲ့ နေရာလား ဆိုတာ ကွဲကွဲပြားပြား မသိနိုင်တဲ့ နေရာအဖြစ် ကျောချမ်းစရာ အမြဲ အမှတ်ရနေမှာ ဖြစ်ပါတယ်။

ဝါခင်းအလုပ်သမားတွေ

 

#bbc.com

Read 737 times
Rate this item
(0 votes)